သတင်း

မိုးဗြဲတိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ၊ စစ်ကောင်စီ လက်နက်ခဲယမ်းများ ကရင်နီပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်းရ

ဓါတ်ပုံ – KNDF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၁
 
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး တပ်စွဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ဟာ ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်း ၇ နာရီ အချိန်က စပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
 
အဲဒီတိုက်ပွဲမှာတော့ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
 
KNDFရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၂၀ဦးကျော် သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားခဲ့သလို ပူးပေါင်း တပ်ဖွဲ့ဖက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားအချို့ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေထဲက MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီးများ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနဲ့ စစ်အသုံးအဆောင်များကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့က တိုက်ပွဲဟာ စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ၄ရက်ဆက်တိုက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီး အလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့သလို ဒီကနေ့ မွန်းလွဲ ညနေပိုင်း ၃နာရီကျော်ခန့်လည်း တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိတိ လာရောက် ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့ပါတယ်။ ဒေသခံအများအပြားကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
“အခုကျနော်တို့ သွားကူတိုက်ပေးနေတဲ့ ဒီမိုးဗြဲတိုက်ပွဲမှာတော့ ကျနော်မှတ်မိသလောက်တော့ ပြည်သူ လူထုနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး သွားတယ်လို့ သိရတယ်၊ ကျနော်တို့ ရှေ့တန်းမှာ တိုက်ပွဲပြင်းထန်နေတော့ ဘယ်လောက် ထိခိုက်ပျက်စီး သွားတယ်ဆိုတာကိုတော့ အတိအကျ မမှတ်မိနိုင်ဘူး၊ စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ထိခိုက်ပျက်စီး သွားတာပါ၊ ဒေသခံ တချို့လည်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရတယ်၊ တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်” ဟု မိုးဗြဲ တိုက်ပွဲ ရှေ့တန်းရောက် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) ရဲဘော်တဦးက ပြောပြပါတယ်။
 
လက်ရှိအချိန်ထိ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် မိုးဗြဲမြို့အနီး ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြသေးလို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးထားပါတယ်။
 
မိုးဗြဲတိုက်ပွဲအတွင်းမှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03 ၊ B-11 ၊ ကရင်နီတပ်မတော် KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Related Articles

Back to top button