ဓါတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၇
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာနေပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ-ဗဟိုဘက်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၄) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က စပြီး စစ်ကောင်စီတပ် ခလရ (၃၉)ဘက်က ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ရွှေပြည်သာကျေးရွာအတွင်းကို ပစ်မှတ်ထား ပြီး လက်နက်ကြီး(၃) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ပစ်ခတ်မှုကြောင့် ရွေပြည်သာကျေးရွာနဲ့ နီးစပ်တဲ့ ကျေးရွာစုစုပေါင်း (၅) ရွာခန့်က ဒေသခံပြည်သူများ ကြောက်လန့်ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်းမှာတော့ ကျေးရွာစုစုပေါင်း (၁၃) ရွာရှိပြီး တောပုကျေးရွာအုပ်စုက ကျေးရွာများ ဖြစ်ကြတာပါ၊ အခုတော့ နီးစပ်ရာ ကျေးရွာများထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလာပြီး နောက်ထပ်ကျေးရွာများကိုပါ ကူးဆက်လာမှာ စိုးရိမ်တာကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာကို ထွတ်ပြေး တိမ်းရှောင် နေကြရတယ်လို့ ကေအဲန်ယူ-ဗဟို ထုတ်ပြန်ချက်အရ နားလည် ရပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ကေအဲန်ယူ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို ပစ်မှတ် ထားပြီး စစ်ကောင်စီက လက်နက်ကြီး များကို မကြာခဏ ပစ်ခတ်မှုများပြုလုပ်လာတာကြောင့် ကျိုက်ထို အနီးဝန်းကျင်က ဒေသခံပြည်သူဦးရေ (၂၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြရတာပါ။
လက်ရှိအချိန်မှာတော့ အဲဒီ စစ်ဘေးရှောင်များဟာ အခြေခံဆေးဝါးနဲ့ အစားအသောက် အကူအညီ များလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
မြေပြင်အခြေအနေအရသော်လည်းကောင်း၊ သုတေသန စစ်တမ်းအများအရသော်လည်းကောင်း အလားတူ ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ကြတဲ့ ဒေသများက တပ်ဆွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့များဟာ အဲဒီဒေသက ကာကွယ်ရေးတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားပါက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားများကို ပစ်မှတ်ထားပြီး လက်နက်ကြီးအပါအဝင် လေကြောင်းများဖြစ် ပစ်ခတ်တိုက်ခိုက်များ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးလုပ်ဆောင်လာနေတာကို တွေ့မြင်ရပါတယ်။