(No. 67, September 6, 2022)
၁။ စစ်သားသစ်စုဆောင်းခြင်းတွေကို ယာယီရပ်နားထားမယ်လို့ RCSS/SSA ဆို
September 5, 2022
ဒေသခံတွေဆီကနေ စစ်သားသစ်ကောက်ယူခြင်းတွေကို ယာယီရပ်နားဖို့ RCSS/SSA က သူရဲ့ တပ်ဌာနအသီးသီးကို စက်တင်ဘာလ (၃) ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ သိရပါတယ်။ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျှန်းကနေ စက်တင်ဘာ (၃) ရက်နေ့ကစ စစ်သားသစ်ကောက်ယူမှုတွေကို ချက်ခြင်းရပ်ဆိုင်းထားရမယ်ဆိုပြီး ဥက္ကဌ(၂) က လက်မှတ်ရေး ထိုးထုတ်ပြန်ထားတာလို့ Tai Freedom က ရေးသားထားပါတယ်။ လက်ရှိကာလမှ ဒေသခံတွေက အဘက်ဘက်ကနေ အခက် အခဲမျိုးစုံကြုံတွေ့ရနေရပြီး လက်နက်ကိုင် အသီးသီးရဲ့ ဖိနှိပ်မှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ ဒီလိုဒဏ် တွေကို မခံနိုင်ကြတဲ့ ဒေသခံအများအပြား သူတို့တွေရဲ့ ပိုင်ဆိုင်တဲ့ နေအိမ် ၊ကျွဲနွားတွေကို ရောင်းချပြီး နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံ တွေမှာ သွားရောက်အလုပ်လုပ်ကိုင် စားသောက်နေကြရတာလည်းဖြစ်ပါတယ်။
ဒေသခံတွေ အေးအေးချမ်းချမ်း အသက်မွေးဝမ်းကြောင်းအတွက်ရှာဖွေစားသောက်နိုင်ဖို့အတွက် စစ်သားသစ်စု ဆောင်းတာကို ရပ်တန့်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်သားသစ်တွေကို ကောက်ယူခြင်းမပြုပေမယ့် စိတ် စေတနာနဲ့ တာဝန်လာထမ်းဆောင်မယ့်သူတွေကို လက်ခံပါတော့မယ်လို့ RCSS/SSA ၏ ယုံကြည်ရသော သတင်းရင်းမြစ်ကနေ သိရပါတယ်။ RCSS/SSA က ရှမ်းပြည်မြောက်ပိုင်းကနေ ပြန်ဆုတ်ခွာလာပြီးတဲ့နောက် တိုက်ပွဲဖြစ်ပွားမှုတွေလျော့ကျလာကာ တောင်ပိုင်းဒေသတချို့မှာ တိုက်ပွဲအနည်းအကျည်း SSPP/SSA ၊ TNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။
၂။ မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာတစ်ဦး ဇာတိကျေးရွာတွင် အဆိပ် သောက်သေဆုံး
September 5, 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ တစ်ဦးသည် ၎င်းနေရပ် ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း မညှင်းကိုင်းကျေးရွာသို့ ရောက်ရှိနေစဉ် ယနေ့နံနက်က အဆိပ်သောက်ကာ သေကြောင်းကြံစည်ဆုံးသွားခဲ့သည်ဟု သိရသည်။ သေဆုံးသွားခဲ့သူမှာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာ မူလတန်းကျောင်း တွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ကိုသိန်းလှရွှေ (၂၈ နှစ်)ဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၇ နာရီခန့်တွင် သူ၏ ဇာတိကျေးရွာဖြစ်သော ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း မညှင်းကိုင်းကျေးရွာရှိ နေအိမ်အိပ်ခန်း ထဲတွင် ဗျိုင်းသတ် ဆေးသောက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သူ၏ သူငယ်ချင်းဖြစ်သူ ကိုလင်းလက်ခန့်က နိရဉ်စရာကို ပြောသည်။ “သူအခက်အခဲဖြစ်နေတာတောင်မှ ကျနော်တို့အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင်မှ မပြောခဲ့ဘူးဆိုတော့ သူဘယ်လောက်ထိ ခံစားလေရမလဲ၊ ဘယ်လောက်ထိ ခက်ခဲလေမလဲဘဝမှာ။ ဘယ်လိုစိတ်ဒဏ်ရာမျိုးရသွားလဲဆိုတာကို ကျနော်တို့ခန့်မှန်းလို့ရပါတယ်။ သေလောက်အောင်အထိ စိတ်ဒဏ်ရာတွေရတယ်ဆိုတော့ ကျနော်တို့သူငယ်ချင်းတစ်ယောက် အနေနဲ့ လုံးဝလည်း စိတ်မကောင်းဘူးပေါ့နော်။ အစားထိုးဖို့သူငယ်ချင်းလည်း မရှိဘူးလို့ ပြောလို့ရပါတယ်”ဟု ပြောသည်။
သေဆုံးသွားသူတွင် မိသားစုနှင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခဲ့မှုလည်းမရှိခဲ့ဘဲ မည်သည့်အတွက် ယခုကဲ့သို့ သတ်သေ သွားသည်ကိုမသိရဟု ဆက်ပြောသည်။ သေဆုံးသူ၏ ဝါဆို ဖေ့စ်ဘုတ် facebook အကောင့်တွင်လည်း “ကျွန်တော့်ကို အားလုံး ခွင့်လွတ်ပေးကြပါ”ဟူ၍ ယနေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ရေးတင်ခဲ့ပြီးနောက် အဆိပ်သောက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းဖြစ်သူ ကိုလင်းလက်ခန့်က “သူက တကယ့်ကို သဘောထားပြည့်ဝတဲ့လူ။ နောက်ပြီးတော့ အများအပေါ်မှာလည်း သူကနေပြီးတော့ အဲလိုမျိုး စိတ်ထားကောင်းပါတယ်။ ပိုက်ဆံတွေဆိုရင်လည်း သူငယ်ချင်းတွေကိုချေးတယ်။ မရခါမရ၊ ရခါရ အဲလိုမျိုးတွေလေ။ မပြောဘူး။ တကယ့်ကောင်းတယ်။ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောသည်။ မောင်တောမြို့ နယ် မြောက်ပိုင်းတွင် တည်ရှိသည့် မီးတိုက်ရွာနှင့် အနီးဝန်းကျင်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး ကျောင်းဆရာ ဆရာမများသည် ၎င်းတို့ စာပြနေသော ကျောင်းများကို တိုက်ပွဲကြောင့် စွန့်ခွာခဲ့ကြရသည် ဟု သိရသည်။
၃။ ဆီဆိုင်မြို့နယ် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူနေ
September 5, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် သြဂုတ်လကုန်ပိုင်းမှ စပြီး ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ်လ ကုန် ပိုင်းမှ စတင်ပြီး PNO တပ်ဖွဲ့မှ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဒေသခံ လူငယ် (၃) ဦးကို မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံများ တောင်းယူနေကြောင်း ဆိုက်ခေါင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ “ရပ်ကွက်ထဲမှာ (၃) ကြိမ်လောက်ရှိလာပြီ။ ပြီးတော့ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး ဖမ်းသွားတာ။ စနေနေ့က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ် (၃) ယောက်ကို လာဖမ်းသွားတယ်။ တယောက်ကို ကျပ် (၅) သိန်းပေးရတယ်။ တယောက်ကတော့ အဲ့ထက်များတယ်” ဟု ၎င်း အမျိုးသမီး တစ်ဦးကပြောသည်။ ဆိုက်ခေါင်စံပြကျေးရွာရှိ ရန်ကင်းရပ်ကွက်နေ ဒေသခံ လူငယ်များကို မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုက်ဆံများ တောင်းယူလျက်ရှိ ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ (၁) ရက်နေ့တွင် အောင်သုခ ရပ်ကွက်မှ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါး အကြောင်းပြပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုက်ခေါင်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အမျိုးသားက အသက် (၃၀) လောက်ရှိတယ်။ မူးယစ်ဆေးဝါး သုံးဆွဲ တယ်ဆိုပြီး လိုက်ဖမ်းနေတာ။ ဖမ်းသွားတဲ့ တစ်ယောက်ကို ကျပ်သိန်း (၅၀) နဲ့ လာရွေးခိုင်းတယ်။ အခုထိ ပြန်လွှတ်လာ သေးလားဆိုတာ သေချာမသိရဘူး“ ဟု ဆိုက်ခေါင် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ထို့အပြင် သြဂုတ် (၂၅) ရက်တွင် ရန်ကင်း ရပ်ကွက်မှ အသက် (၂၅) နှစ် အမျိုးသမီးတစ်ဦး နှင့် အသက် (၃၀) ကျော်ရှိ အမျိုးသမီး (၂) ဦးကိုလည်း မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံများ တောင်းယူခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ စစ်အာဏာသိမ်းလာပြီး နောက်ပိုင်း PNA တပ်ဖွဲ့သည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး တပ်သားသစ်စုဆောင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
၄။ KNU ကော်သူးလေနယ်မြေ တပ်မဟာ ၅ တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၁၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၀ ကျော်သေဆုံး
September 6, 2022
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်တွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၁၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံးကာ ၄၇ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။ တိုက်ပွဲများအတွင်း သေဆုံးသူအများစုမှာ အကြမ်းဖက်စစ်ကောင်စီ၏ ခါးပိုက်ဆောင် BGF တပ်ဖွဲ့ဝင်များ ဖြစ်ပြီး KNLA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု KNU တပ်မဟာ ၅ က ဆိုသည်။
ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အသုံးပြုနေသော ထောက်ပို့တံတားတစ်စင်းကို KNLA ဘက်မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အများပြည်သူပိုင် နေအိမ် ၂၄ လုံး ပျက်စီးခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
၅။ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင်သမိုင်းဝင်မြေနေရာကို ဥပဒေအကြောင်းအရ အနိုင်ရရှိ
September 5, 2022
မြစ်ကြီးနား မြို့မ ရပ်ကွက် ဧရာဘဏ်အနီးရှိ နှစ်ပေါင်း ၆၀ နီးပါး လက်လွတ်ခဲ့ရသော ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်မြေနေရာတစ်ခုကို ဥပဒေကြောင်းအရ အနိုင်ရရှိထားပြီဟု သိရသည်။ မြန်မာပြည်လွတ်လပ်ရေး မတိုင်မှီ ကချင်ခေါင်းဆောင်များက ကချင်ယူနိုက်တက်ကုမ္ပဏီလိမိတက် အမည်ဖြင့် အင်္ဂလိပ်အစိုးရလက်ထက်တွင် ရရှိခဲ့သော မြေနေရာဖြစ်သော်လည်း ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီက ကချင်ယူနိုက်တက်ကုမ္ပဏီကို ဖျက်သိမ်းပေးလိုက်သည့် မြေနေရာလည်း ဖြစ်သည်။ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ထိုစဉ်က ကချင်ရိုးရာ ယဉ်ကျေးမှုအသင်း WHG ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က တရားလိုပြုကာ တရားမကြီးအမှုဖြင့် စတင်တရားစွဲဆိုခဲ့ကြပြီး ၄ နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မြစ်ကြီးနားပြည်နယ်တရားလွှတ်တော်ရုံးမှ အမှုအပြီးသတ် ဆောင်ရွက် ပေးခဲ့သည်ဟု ဒေါ်ဒွဲဘူက ယခုလို ပြောဆိုသည်။“တရားစွဲဆိုထားတာက ၄ နှစ်လောက်ရှိသွားပြီ။ မနေ့က (ဩဂုတ် ၃၁) အပြီးသတ်အမိန့်ချပေးလိုက်တယ်။ ဒီနေရာက ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့မြေနေရာဆိုပြီး လက်ရောက်ရရှိဖို့အတွက် အားလုံးဝိုင်းဝန်းညှိနှိုင်းပြီး တရားစွဲဆိုခဲ့ကြတယ်။ တကယ်လည်းပဲ စွဲဆိုခဲ့တဲ့အတိုင်း တရားရုံးကလည်းပဲ ကချင်တစ်မျိုးသားလုံး နဲ့ ဆိုင်တဲ့မြေနေရာဖြစ်တယ်ဆိုပြီး ဒီဂရီအမိန့်ချ အနိုင်ရရှိခဲ့ပြီဖြစ်တယ်” ဟု ပြောဆိုသည်။
၁၉၇၆ ခုနှစ်ဝန်းကျင်သို့ရောက်သောအခါ ကချင်ယူနိုက်တက် ကုမ္ပဏီမြေယာထိန်းသိမ်းရေးအဖွဲ့နှင့် မြေနေရာဌားရမ်း နေထိုင်သူများတို့ကြား မြေယာအငြင်းပွားမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၄ ဝန်းကျင်အထိ ထိုမြေနေရာကို နိုင်ငံတော်မှ သိမ်းယူခဲ့သည်ဟု သိရသည်။နှစ်ပေါင်း ၂၀ ကျော်ခန့်အထိ နိုင်ငံတော်မှ မြေယာပိုင်ဆိုင်မှုဂရမ် သက်တမ်းတိုးပေးခြင်းမရှိတော့ဘဲ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူထားပြီး စစ်အစိုးရ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရောက်ရှိလာကာ မြေနေရာ ပြန်လည်ရရှိရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အဆင့်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် တရားလွှတ်တော်ရုံမှ မြေနေရာနှင့် ပတ်သက်ပြီး ဥပဒေအရ ကချင်တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် မြေနေရာဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သော်လည်း အမှုနှင့် ပတ်သက်ပြီး တရားပြိုင်ဘက်မှ ၁၂ ဦးသည် ၂ လအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ ဆက်လက်ဝင်ခွင့် ရရှိမည်ဖြစ်သည်။ထို ၂ လအတွင်း တရားပြိုင် ၁၂ ဦးဘက်မှ အယူခံဆက်တက်မည်ဆိုပါက ဆက်လက်တရားရင်ဆိုင်ရမည် ဖြစ်ပြီး အယူခံ မတက်ရောက်ခဲ့ပါက အယူခံ ၂ လအပြီးတွင် တရားလိုဘက် အမှုအပြီးသတ် အနိုင်ရရှိမည်ဖြစ်သည်ဟု သိရသည်။
၆။ သထုံမြို့နယ်၊ ကြာဘန်းစစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီ ကင်းတဲ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ
September 5, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ယနေ့ ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက် ပစ်ခတ်ရာ ကင်းတဲကို ထိမှန်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။ “စစ်ဆေးရေးဂိတ် နားက ကင်းတဲမှာ စစ်သားနဲ့ ရဲတွေ ထိုင်ပါတယ်၊ ခန့်မှန်း ၁၀ ယောက်လောက် ရှိပါမယ်။ ၄၀ မမ နှစ်လုံး ပစ်တာပါ၊ ကင်းတဲကို ထိမှန်သွားတာမို့ ထိခိုက်မှုရှိပါတယ်။ သူတို့ဘက်က လက်နက်ကြီးရယ် စက်လက်ရယ် ရမ်းပစ်ပါတယ်၊ ကျနော်တို့ အထိအခိုက် မရှိ ပြန်ဆုတ်ခွာခဲ့ပါတယ်။” ဟု သထုံ ပကဖ တာဝန်ခံကပြောဆိုသည်။
ကြာဘန်းစစ်ဆေးရေးဂိတ် ရဲကင်း ပစ်ခတ်ခံရပြီးနောက် အဆိုပါနေရာတဝိုက် မီးအမှောင်ချထားပြီး လမ်းများ ပိတ်ထား ခဲ့ကြောင်း လက်ရှိတွင် ကားများပြန်လည်သွားလာနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက် ကြီးများ ရမ်းသန်းပစ်ခတ်နေသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ အဆိုပါ ကြာဘန်းစစ်ဆေးရေးဂိတ်အနီး မိုင်ဝက်ခန့် အကွာတွင် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၆ တပ်ရင်း အခြေစိုက်ထားသည်။ တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုစာရင်းကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။
၇။ ဖရူဆိုမြို့နယ်က စစ်ရှောင်ကလေးအများစု အာဟာရချို့တဲ့လက္ခဏာပြနေ
September 6, 2022
ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ကလေးငယ်အများစုမှာ အာဟာရချို့တဲ့ လက္ခဏာတွေ့နေရတယ်လို့ နွေဦးကရင်နီလူငယ်များ ကျန်မာရေးစေတနာ့ဝန်ထမ်း (SKY Health Volunteer)အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “သူတို့ ရေဓါတ်နည်းတဲ့ အတွက်ကြောင့်မို့လို့ပေါ့နော။ အသားအရေခြောက်တာတို့ ဘာတို့ အဲ့လိုမျိုး Dehydration (ရေဓါတ် ခမ်းခြောက်ခြင်း) ပုံစံမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ အတွေ့ရအများဆုံး ကတော့ BMI ပေါ့နော။ ပြောရမယ်ဆိုရင် သူတို့ အသက်အရွယ်မှာ သူတို့ ရှိရမယ့်အရပ်အမောင်း သူတို့ရှိရမယ့် ခန္ဓာကိုယ်အလေးချိန် မပြည့်မီတာတွေများတယ်ပေ့ါနော။ အခု စစ်ရှောင်ရတဲ့ အခြေအနေနဲ့ဆိုလို့ရှိရင်တော့ သူတို့မှာလည်း အာဟာရပြည့်ဝစွာ မစားသုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ဟာ ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးဘူးပေ့ါနော အဲ့လိုမျိုးကျန်းမာရေး လက္ခဏာတွေရော တော်တော်များများတွေ့ ရပါတယ် ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှာင်စခန်းတစ်ခုမှာ ရှိတဲ့ ကလေး တွေ ကို နွေဦးကရင်နီလူငယ်များ ကျန်မာရေးစေတနာ့ဝန်ထမ်း (SKY Health Volunteer)အဖွဲ့နဲ့ ပညာရေးဘုတ်အဖွဲ့က ကျန်းမာရေး စစ်ဆေးပေးတာ၊ အာရဟာတိုက်ကျွေးတာ တွေကိုပြုလုပ်ပြီးနောက်မှာ ကျန်မာရေးစေတနာ့ဝန်ထမ်းတွေက ၎င်းတို့တွေ့ရှိချက် ကို ပြောဆိုခြင်းဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ တစ်နိုင်တစ်ပိုင် ကျန်းမာရေး စောင့် ရှောက်ပေးတဲ့အစီအစဉ်ကို ၂၂ ရွာမှာ ပြုလုပ်နိုင်ခဲ့ပေမယ့် စစ်ရှောင်နေရာအားလုံးကို လွမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါ တယ်။ ကရင်နီပြည်မှ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့စာရင်းအရ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းရှိပြီး ဖရူဆိုမြို့နယ် မှာ စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
၈။ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်တပ်၏ လက်နက်ခဲယမ်းတချို့ KNDF ရ
September 5, 2022
ကယားပြည်နယ် (ကရင်နီပြည်နယ်) ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ကရင်နီ တပ်မတော် (KA) တို့ ယမန်နေ့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအနီး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၄ နာရီကျော်ကြာ မြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သလို MA-3 သေနတ် ၁ လက်၊ ခဲယမ်းနှင့် ကျည်ဆန်များ ရရှိခဲ့ကြောင်း KNDF က ဆိုသည်။ ထို့ပြင် ယင်းနေ့ နေ့လယ် ပိုင်းတွင်လည်း ဖရူဆိုမြို့နယ် ဒေါညေးခူနှင့် ထီးပေါ့ဆိုကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား ထပ်မံတိုက်ခိုက် ခဲ့ရာ၂ နာရီကြာ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကို KA ၊ KNDF B 04 ၊ B 15 တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိ တွင် စစ်ကောင်စီတပ်သည် ဒီးမော့ဆို- ဖရူဆိုလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးတပ်စွဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး ဒေသကာကွယ်ရေးတပ်များနှင့်လည်း နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
၉။ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတစ်ပါးကျည်ထိမှန်ပြီး ဘုရားစေတီနှင့် လူနေအိမ်များ ပျက်စီး
September 5, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက်စစ်ကောင်စီတပ်က စက်တင်ဘာလ (၄) ရက်နေ့ ည (၁) နာရီ အချိန်တွင် တောင်ကြာအင်း ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သောကြောင့် သံဃာတစ်ပါး လက်နက်ကြီးအစ ထိမှန်ခဲ့သလို ဘုရားစေတီနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှတဆင့် တောင်ကြာအင်းကျေးရွာဘက်သို့ လက်နက်ကြီးအချက်ရေ (၄၀)ကျော်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။ ထိုပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး လူနေအိမ်များနှင့် ဘုရားစေတီအမြောက်အများ ထိခိုက်ပျက်စီးခဲ့သည်ဟု တောင်ကြာအင်း ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။ ၎င်းက“ ကော့ကရိတ်အခြေစိုက်တဲ့ လက်နက်ကြီးကုန်းကနေပစ်တာ တောင်ကြာအင်းကို။ အလုံးကြီးအသံက အကျယ်ကြီးပဲ။ ညက ပစ်တာ (၁)နာရီကနေ (၄)နာရီခွဲထိလောက်ပစ်တာ။ ဘုရားစေတီလည်း ထိတယ်။ ဦးဇင်း တစ်ပါး ထိသွားတယ်။ ရွာသား တွေထိ တာတော့ မကြာမိသေးဘူး။ ရွာထဲက အိမ်တွေလည်း အများကြီးပဲ ထိတယ်။ လက်နက်ကြီး ပစ်တာက အလုံးရေ တော်တော်များ တယ်၊ ဆက်တိုက်ပဲပစ်တာ။ အချက်ရေ (၄၀)ကျော်လောက်ရှိမယ်။ ထိသွားတဲ့ ဦးဇင်းတစ်ပါးက ဆေးရုံမှာ ပို့ထားရတယ်”ဟု ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ကျွေးရွာအတွင်းရှိ ဒေသခံကျေးရွာသားများအနေဖြင့် အနီးအနားရှိ ဘေးလွတ်ရာ ကိုင်းတော များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် ကိုမူ အတိအကျ မသိရှိရသေးဘဲ ဒေသခံကျေးရွာသားများအနေဖြင့် ယခုအချိန်ထိ ကျေးရွာထဲသို့ ပြန်လည် မဝင်ရောက်ရဲသေး ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ကိုးတိုင်ကျေးရွာ နှင့် တောင်ကြာအင်းကျေး ရွာလမ်းပိုင်း တစ်လျှောက်တွင် လည်း နယ်ခြားစောင့်တပ် (BGF) တပ်စခန်းဂိတ်(၁၇)ဂိတ်ခန့် စခန်းချထားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
၁၀။ စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေ၊ မြောက်ဦးမြို့မ စျေးကို မီးရှို့ရန် ကြံစည်မှု အထမမြောက်အောင် စောင့်ကြည့်ကြရန် ULA ထုတ်ပြန်
September 5, 2022
စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ရွာများကိုမီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်လျက်ရှိပြီး ဤကဲ့သို့သော စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို မြန်မာပြည်၏ နေရာအနှံ့၌ အထင် အရှား တွေ့မြင် နေရကြောင်း ယနေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ ကြံစည်နေသော မြောက်ဦး ဈေးအား မီးရှို့မည့်အကြံအစည်များ အထမမြောက်ရအောင် စောင့်ကြည့် မှတ်တမ်းတင်ထားကြရန်၊ အကယ်၍ စစ်ကောင်စီအနေဖြင့် အထမြောက်ခဲ့ပါက ၎င်းတို့၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များကို ဖျက်ဆီးသည့် ပြစ်မှုကျူးလွန်ခြင်း မျိုးကို တချိန်ချိန်၌ အပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုးနိုးကြားကြား သတိဖြင့် နေထိုင်သွားလာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်မှ နိုင်ငံတကာနှင့် မိဘပြည်သူလူထုများသို့ တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၁။ တောင်ကြီးမြို့တွင် လုပ်ငန်းရှင် လင်မယား ဖမ်းဆီးခံရပြီးနောက် မြို့ခံသူဌေးများ စိုးရိမ်မှု မြင့်တက်လာ
September 5, 2022
တောင်ကြီးမြို့၌ ပြီးခဲ့သည့် ရက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင် လင်မယား နှစ်ဦး စစ်ကောင်စီအဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် မြို့ပေါ်မှ သူဌေးများလည်း စိုးရိမ့်ကြောင့်ကြမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ အထက (၈) တိုက်တန်းရှိ စိန်မြင့်မိုရ် အလူမီနီယမ်နှင့် ကွန်ပိုးစစ်ဖြန့်ချီရေးဆိုင်နှင့် ရတနာသီရိရပ်ကွက်ရှိ ယင်းဆိုင်ပိုင်ရှင်၏ နေအိမ်ကိုပါ ဩဂုတ်လ ၂၈ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်ရှာဖွေ စစ်ဆေးပြီး နောက် ဆိုင်ရှင် လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီး ခဲ့သည်ဟု ဆိုသော်လည်း ယင်းမိသားစုမှာ နိုင်ငံရေးကို စိတ်မဝင်စားသူများဖြစ်၍ တမင်အကြောင်းပြ ဖမ်းဆီးခြင်းသာ ဖြစ်သည် ဟု မြို့ခံများက ဆိုသည်။ ” စီးပွားရေးသမား အချင်းချင်း ချောက်ချခံရတာ ဖြစ်မယ်။ ချောက်ချခံရတာလည်း ဖြစ်နိုင်တယ်။ သူတို့ က နိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ မြို့ပေါ်သူဌေးတွေ အကုန် သိကြတယ်။ အကုန်လုံးကို စစ်ကောင်စီက Alarm ပေးလိုက် တာ။ ငါတို့ မကြည်ရင် မင်းတို့လည်း အဖမ်းခံရမယ် ဆိုတာမျိုးပေါ့။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ နိုင်ငံရေးကို စိတ်မဝင်စားသူ လုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် မြို့ခံ လုပ်ငန်းရှင်များပါ ဖမ်းဆီးခံရမည် ကို စိုးရိမ်နေမှုအပေါ် ဆန္ဒပြပွဲတွင် ပါဝင်မှုကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသဖြင့် လွတ်မြောက်နယ်မြေ တစ်ခုသို့ ရောက်နေသူ လူငယ်တစ်ဦးကမူ မဆိုင်သလိုနေတဲ့ ရလဒ်ဟုမှတ်ချက်ပြုသည်။ ” မဆိုင်သလို နေကြတဲ့ ရလဒ်ပဲ။ တစ်နိုင်ငံလုံး မှာ အဖိနှိပ်ခံနေရတာ တောင်ကြီးက ပထမဆုံး မဟုတ်ဘူးဆိုရင်တောင် ထိပ်တန်းစာရင်းတော့ ဝင်တယ်။ ဒါက အရှိတရားနော်။ စစ်တပ်တွေ အများကြီး ရှိတာ၊ ဘာညာတွေက ဆင်ခြေတွေ။ ပြောချင်တာက လက်နက်ကိုင်ပြီး တိုက်ဖို့ ပြောတာ မဟုတ်ဘူး။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နည်းလမ်းတွေ အများကြီးရယ်၊ တစ်ခုမှ မလုပ်ဘူး ငြိမ်နေကြတာ။ အဲဒီလို ငြိမ်တော့ တစ်ဘက် ကလည်း ပိုဖိတာပေါ့။ ” ဟု ဆိုသည်။ ” ကျွန်တော့် ဖုန်းနံပါတ်ကို သူတို့က သိတယ်။ လုပ်ငန်းသုံး ဖုန်းဆိုတော့ ငွေအဝင်/ အထွက် က ရှိနေတာပဲ။ ဘာကိစ္စ ညာကိစ္စ၊ ဘယ်သူ ဘယ်ဝါဆိုတာမျိုး မှတ်ထားတာ မရှိဘူး။ မှတ်လည်း မမှတ်မိဘူး။ ဒါကို သူတို့ list မှာ ခင်ဗျား နံပါတ်ပါတယ်၊ ချိတ်ပိတ် ခံရလိမ့်မယ် ပြောတာ။ အဲတော့ ကိုယ်ကလည်း စာရင်းက ပယ်ဖို့ တောင်းပန်ရတာပေါ့။ အဲမှာ အာရကေ (လာဘ်ငွေ) ပေးရတော့တာပဲ။ ” ဟု တောင်ကြီးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
၁၂။ မြောက်ဦးမြို့ခံ ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားဟု စစ်ကောင်စီထုတ်ပြန်
September 6, 2022
ရခိုင်ပြည်၊ မြောက်ဦးမြို့မှ ဖမ်းဆီးခံရသည့် ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီး အမှုဖွင့်ထားသည်ဟု စက်တင်ဘာလ ၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်နေ ဖိုးလပြည့်(ခ)ကျော်ဇံဝေ(ခ)ကိုရင်ဆို့သည် ၎င်းအသုံးပြုသည့် KYAW ZAN WAI Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ပြုမူဆောင်ရွက် ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ ၎င်းကို စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင်အမှုဖွင့်လှစ်ထားသည်ဟုဆိုသော်လည်း မည်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို စစ်ကောင်စီက ဖော်ပြထားခြင်းမရှိပေ။
“၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ တိကျတဲ့သတင်းရင်းမြစ်ကနေ သိရတာပါ။ ၁၉ ရက်နေ့အထိ ရမန်ယူထားတယ်။ အခုတော့ တပ်ထဲမှာရှိတယ်လို့ သိထားရပါတယ်”ဟု ၎င်းကပြောသည်။ ကိုရင်ဆို့ကို စွပ်စွဲထားသည့်အမှုနှင့်ပတ်သက်ပြီး အမှုကို ရင်ဆိုင်ဖြေရှင်းရန် မိသားစုဝင်များမှ ပြင်ဆင်နေကြောင်းလည်း သိရသည်။ “ပုဒ်မတပ်မယ်လို့တော့ ပြောသံတွေကြားပါတယ်။ အခုချိန်ထိတော့ အကြောင်းကြားလာတာမရှိသေးပါဘူး။ ဘယ်လိုအနေထားပဲဖြစ်ဖြစ် မိသားစုကိုအကြောင်းကြား ပေးစေချင် ပါတယ်။ ပုဒ်မတပ်ပြီး အမှုဖွင့်တယ်ဆိုရင်လည်း ဘယ်သူတွေကစွဲတယ်။ ဘယ်ပုဒ်မနဲ့အမှုဖွင့်တယ်ဆိုတာကို သိချင်ပါတယ်။ ဥပဒေအရတော့ဖြေရှင်းသွားမှာပါ“ဟု မိသားစုဝင်တစ်ဦးကပြောသည်။ ပုဒ်မ-၅၀၅(က)မှာ သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသည်။
၁၃။ မြစ်ကြီးနား-တနိုင်း ကားလမ်းပျက်စီးနေသဖြင့် ကားသမားအချို့ ကားမထွက်ပဲ ယာယီရပ်နား
September 5, 2022
ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးတွင် ကားလမ်းမကြီး ဆိုးရွားစွာပျက်စီးနေမှုကြောင့် ကုန်ကားများ သွားလာရခက်ခဲသဖြင့် ကားမထွက်ပဲ နားနေရသည်ဟု ကားသမားများထံမှ စုံစမ်းသိရှိရသည်။ မြစ်ကြီးနား-တနိုင်း လီဒိုလမ်းပိုင်း တွင် သြဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရှဒူးဇွပ်ကျေးရွာ နှင့် နောင်းမှီကျေးရွာ ကြား ၁၀ မိုင်ခန့်အထိ မြေသားလမ်းပျက်စီးနေပြီဟု ကားသမားတစ်ဦးက ပြောဆိုသည်။ ”ရှဒူးဇွပ် ပတ်ချာလည်မှာ ဆိုးတာလမ်း က မိုးရွာလို့ဆိုးတာ ဗွက်တွေအရမ်းထူတယ်ဗျ။ ကားသေးလေး တွေဆိုရင် ဗွပ်နစ်တယ် ကားလည်း မသွားနိုင်ဘူး။ ကားကြီး ကားသေး သွားလာရတော့ခက်ခဲတယ်။ တွန်းရဆွဲရ လုပ်နေရတာ လမ်းကတော့။ အတော်ကိုဆိုးတယ်၊ လမ်းမကောင်းတာ တစ်လနီးပါးရှိတော့မယ်ဗျ” ဟု ကားသမားတစ်ဦးက ပြောသည်။ ယခုကဲ့သို့ လမ်းပိုင်းပျက်စီးနေမှုကြောင့် ကားပျက်စီးမှာကို စိုးရိမ်သဖြင့် ကားသမားများ ကားမထွက်ပဲ နားထားရသည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
၁၄။ ရှမ်းပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦး ထောင်တွင်းကွယ်လွန်
September 6, 2022
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦး ဟာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ တောင်လေးလုံး အကျဉ်းထောင်မှာ သေဆုံးသွားပါတယ်။ ရှမ်းပြည် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုအောင်ဇော်ဦးဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတာထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတာပါ။ ဖမ်းဆီးခံရစဉ် စစ်ကြော ရေးမှာ အပြင်းအထန်နှိပ်စက်ခံခဲ့ရပြီး နံရိုးနှစ်ချောင်း ကျိုးသွားခဲ့သလို ကျန်းမာရေးဆိုးရွားနေခဲ့တာလို့ နိုင်ငံရေး လှုပ်ရှာသူတွေ ဆီက သိရပါတယ်။ ကိုအောင်ဇော်ဦးဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကာလမှာလည်း ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။
၁၅။ လည်မြိုတံတားအနီးက မြေပြိုမှုကြောင့် ခရီးသွားများကို ကြိုပို့လုပ်နေရ
September 5, 2022
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ လည်မြိုတံတားအနီးမှာ စက်တင်ဘာလ ၂ ရက်နေ့ညတွင် မြေပြိုလို့ ခုချိန်ထိ လမ်း ပြင်ဆင်နိုင်ခြင်း မရှိသောကြောင့် ခရီးသွားများကိုလည်း မြို့ပေါ်ကနေ သုံးဘီး သို့မဟုတ် ကားများကို အသုံးပြုကာ ထပ်ဆင့် ကြိုပို့ လုပ်နေရပါတယ်။ မြေပြိုမှုကြောင့် ဆိုင်ကယ်ကိုတောင် တွန်းနေရပြီး ကားဖြတ်သွားဖို့တော့ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ထို့ကြောင့် မတူပီ မြို့ကနေ မင်းတပ်ဘက်ကို ဆင်းသွားမည့် ခရီးသည်များနှင့် မတူပီမြို့ကို ဝင်လာမယ့် ခရီးသည်များဟာလည်း ယင်းနေရာကို ဖြတ်သွား၍ မဖြစ်နိုင်သောကြောင့် ကြိုပို့လုပ်ကာ သွားနေရပါတယ်။
“စစ်တပ်ဘက်ကတော့လမ်းကိုပြင်ချင်တဲ့သဘောရှိတယ်။ ဒါပေမယ့်ဒေသကာကွယ်ရေးတပ်ကတော့ပြင်ခွင့် မပေးထား တာကိုတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး၊ သူတို့အကြောင်းနဲ့ သူတို့လည်း ရှိမှာပေါ့” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ မတူပီမြို့ကနေ ခရီးသွားမည့် မော်တော်ယာဉ်များနှင့် ခရီးသည်များဟာလည်း ခရီးမထွက်ခင် ဗျူဟာမှူးဆီသွားပြီး ခွင့်ပြုချက် သွားယူနေရသောကြောင့် ခရီးသွားမယ့်သူများအတွက် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများလည်း ရှိနေကြောင်းဆိုပါ တယ်။
၁၆။ BamBoo FC မှ စစ်ဘေးရှောင်တွေကို ဆန်လှူဒါန်း
September 5, 2022
တော်လှန်ရေးရဲဘော်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ BamBoo FC ဘော်လုံးအသင်းမှ ကရင်နီစစ်ရှောင်တွေအတွက် ဆန်အချို့လှုဒါန်းပေးခဲ့ပါတယ်။ “အခုကျနော်တို့BamBoo Fc အသင်းပေါ့နော် တော်လှန်ရေးရဲဘော်တွေပေါ့။ ပြောရရင် အရင် တုန်းက ဘောလုံးကန်ခဲ့တဲ့လူတွေ တိုင်းနဲ့ပြည်နယ်တွေ Myanmar National League တို့မှာကန်ခဲ့တဲ့ကစားသမားတွေနဲ့ စုစည်း ထားတယ်ပေါ့နော်။ သူတို့တွေကိုလမ်းမှားမရောက်အောင် သူတို့ရဲ့ အရည်အချင်းတွေမပျောက်ပျက်သွားအောင် ဆိုပြီးမြှပန် ဖွဲ့စည်းထား တယ်ပေါ့နော်။ အဲ့လိုနဲ့ဘဲ တိုက်ပွဲတွေနားတဲ့အချိန်မှာ အနောက်တန်းပြန်နားတဲ့အချိန်တွေမှာ သူတို့တွေကိုစုဖွဲ့ပြီးမှ ဘောလုံးတွေကန်ခိုင်းတယ် ပြိုင်ပွဲတွေပြိုင်လုပ်ပေးတယ်ပေါ့။ အဲ့ကနေ အလှူတွေတချို့ရလာတာတွေရှိတယ် မုန့်ဖိုးတွေရလာ တာရှိတယ်ပေါ့။ အဲ့ဒါတွေကိုကျနော်တို့စုထားတယ် စုထားပြီးမှ အခုလိုမျိုးစစ်ရှောင်သော်လည်းကောင်း ရဲဘော်များသော်လည်း ကောင်း ကျနော်တို့တတ်နိုင်သလောက်ပြန်ကူပေးတယ်ပေါ့” လို့ BamBoo FC တည်ထောင်သူတစ်ဦးကအခုလိုပြောပါတယ်။
“အခုတလောအလှူရှင်တွေနည်းလာတယ် အဲ့ကြောင့်တစ်နပ်ထောက်ပံ့ပေးရင်လဲ တစ်နပ်စာရတာပေါ့”လို့ ဆိုပါတယ်။ ကရင်နီပြည်ရှိ စစ်ဘေးရှောင်ပြည်သူနှစ်သိန်းဝန်းကျင်ဟာ စစ်ရှောင်ကာလ တစ်နှစ်ကျော်ကြာမြှင့်လာပြီဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်ချက် မြှင့်မားနေဆဲဖြစ်ပါတယ်။
၁၇။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ရာသီတုတ်ကွေးနဲ့ ရေကျောက်ရောဂါ အဖြစ်များနေ
September 6, 2022
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ရာသီတုတ်ကွေး ဖြစ်ပွားနေကြပါတယ်။ ရာသီတုတ်ကွေးအပြင် ၁၂အောက် ကလေးငယ်တွေမှာ ရေကျောက်ရောဂါပါ အဖြစ်များတာ တွေ့ရတယ်လို့ ဆေးကုသပေးနေ တဲ့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။ “အခုက ရာသီပြောင်းလဲကြောင့်ပေါ့နော်။ အဖြစ်များတာက တုတ်ကွေးနဲ့ ရေကျောက်ပေါ့နော်။ ရေကျောက်ရောဂါ အဖြစ်များတယ်။ အများအားဖြင့် တုတ်ကွေးခါကျတော့ လူကြီးကော ကလေးရော ပေါ်နော်။ အကုန်လုံးတွေ့ရတာပေါ့နော်။ ဒါပေမယ့် ရေကျောက်ခါကျတော့ ၁၂ နစ်အောက် ကလေးတွေမှာ ပိုတွေ့ရတယ်”လို့ စစ်ရှောင်စခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ခါနီးကနေ စတင်ဖြစ်ပွားတာ ဖြစ်ပြီး ကလေးအပါအဝင် လူကြီးပါ အဖြစ်များကြတယ်လို့ သိရပါတယ်။ တခြားရောဂါတွေလည်း ဖြစ်နေတယ်ဆိုပေမယ့် အဓိက ဒီရောဂါ ၂ မျိုးက ပိုမို ဖြစ်ပွါးနေတယ်လို့ဆိုပါတယ်။
အဓိက ဆောင်းရာသီ ဝင်ခါနီး ရာသီကူးပြောင်းမှုကြောင့် နှာစေး၊ချောင်းဆိုး၊ ကိုယ်ပူတာတွေ ဖြစ်ပြီး ကလေးငယ်တွေ မှာ အဖြစ်များကြတယ်လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။ “ဘာကြောင့် ဖျားတာလည်းဆိုတော့ နေရာပြောင်းရွေ့နေရ တာလည်း ပါတာပေါ့နော်။ ပြီးတော့ ရာသီဥတု ပြောင်းလဲလာခါကြတော့ အများအားဖြင့် နှာစေး၊ချောင်းဆိုး တာတွေဖြစ်တယ်။ နောက် သောက်သုံးရေတွေလည်း သိပ်မသန့်ရှင်းတော့ ယားနာတာတွေ အဖု၊အလုံးထွက်တာတွေ အများအားဖြင့် ကလေးတွေ မှာ အဖြစ်များတယ်။ကလေး အယောက် ၂၀ လောက်မှာဆိုရင် ၁၀ ယောက် ၁၅ယောက်လောက် ခဏခန ဖျားကြတယ်”လို့ ကလေးမိခင် တစ်ဦးက ပြောပါတယ်။ စစ်ရှောင်စခန်း တစ်ခုလုံးနီးပါး ဖြစ်ပွားနေကြပြီး အဟာရဓာတ် နည်းပါးလာမှုကြောင့် ကိုယ်ခံအား ကျဆင်းလာတာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အနီးအနားက ဆေးခန်းတွေ သွားမပြနိုင်တဲ့ အချိန်တွေမှာဆိုရင် အရေးပေါ် ဆေးတွေအဖြစ် ဒီဂိုဂျင် ၊ ပါရာစီတမောတို့ကိုသာ ဆောင်ထားရတယ်လို့ သိရပါတယ်။
၁၈။ မန်တုံအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့သွားရောက်တိုက်ခိုက်၊ မန်တုံအနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေ
September 5, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၃၀) တပ်ကို KIA ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ခြောက်နာရီခန့်က သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒီမနက်က ကျွန်တော်တို့နေတဲ့ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာပေါ့နော်။ တိုက်ပွဲဖြစ်တယ်ဆိုတာက စစ်ကောင်စီတပ် ကို အရင်ဝင်ပစ်တာ။ ပြီးတော့ အပြန်အလှန်ပစ်ခတ်ကြတယ်။ အခုလည်း စစ်ကောင်စီက သူတို့ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာ လက်နက်ကြီးတွေချပြီး စောင့်နေကြတာ” ဟု သူကပြောသည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်အထိအခိုက်အခြေအနေ ကိုမူ မသိရှိရသေးကြောင်း သူကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နံနက် ၁၀ နာရီခန့်တွင် မန်တုံမြို့ပတ်ပတ်လည်ရှိ ရောကျိန်း ကျေးရွာနှင့် ဟိုခိုကျေးရွာလွယ်ဆိုင်ကုန်းတွင် လက်နက်ကြီးများ တပ်ဆင်ကာ ကင်းစောင့်နေကြောင်း သိရသည်။ ထို့အပြင် ရောကျိန်းကျေးရွာသို့ စစ်သည်အင်အား ၃၀ ခန့် နှင့် ဟိုခိုကျေးရွာသို့ ကားတစ်စီးဖြင့် စစ်သည်အင်အား ၃၀ ခန့်ဖြင့် ချထားသော ကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း အခြား ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။ “ဟိုဘက်ကရွာတွေမှာ လက်နက် ကြီးတွေ ချထားတယ်ကြားလို့ ကျွန်တော်တို့လည်းသတိနဲ့နေနေရတာ။ လက်နက်ကိုင်အဖွဲ့တွေကြားမှာနေနေရတော့ အမြဲတမ်း သတိနဲ့ပဲ နေနေရတာ။ လက်နက်ကြီးတွေတောင် ချထားမှတော့ စစ်ရေးက ပိုတင်းမာလာဖို့ပဲရှိတော့မယ်ထင်တယ်” ဟု သူက ပြောသည်။
၁၉။ နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
September 5, 2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ နောင်မွန်မြို့ မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လယ်စပါး ဧက ၂၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပျက်စီးတာက နောင်မွန်းမြို့ပေါ်က လယ်တွေနဲ့ ရနမ်ချောင်းဘက်က ရွာတွေရဲ့လယ်တွေပျက်စီးသွားတယ်။ အများ ပိုင်းကတော့ ရေကြီးလို့ ရေလွှမ်းမိုးလို့ မြေကြီးတွေဖုံးသွားတာ။ စပါးပင်တွေ ခဲလုံးတွေ ဖုံးသွားတာပေါ့။ ပျက်စီးသွားတဲ့ စပါးပင် တွေကနဂိုအတိုင်းတော့ပြန်မရနိုင်လောက်တော့ဘူး။ အရမ်းကြီး ပျက်စီးသွားတာပြီးတော့ အခုက ၉ လပိုင်းဆိုတော့ ပြန်စိုက်လို့ လည်း မရတော့ဘူး” ဟု နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပျက်စီးသွားသည့် လယ်ဧက ၂၀ ကျော်သည် နောင်မွန်မြို့ပေါ်မှ သုံးပုံနှစ်ပုံခန့်ပါဝင်ပြီး ၊ ရပ်ဘော့ရွာနှင့် ပါဘော့ကျေးရွာမှ လယ်များပါဝင်ခဲ့သည်။ မလိခမြစ် ကမ်းဘေး နှင့် မလိခမြစ်လက်တက် ရနမ်ချောင်းဘေးတစ်လျှောက်ရှိ လယ်မြေများလည်း ပျက်စီးမှုတွင် ပါဝင်ခဲ့သည်။
၂၀။ သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့မှာ ဆန်ပြတ်လပ်
September 6, 2022
သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ယခုရက်ပိုင်း ဆန်ပြတ်လပ် မှုထိဖြစ်လာကြောင်း သိရှိရသည်။ စစ်တပ်က အာဏာသိမ်းလာပြီး တစ်နှစ်ကျော်ကာလအတွင်းတွင် ကုန်ဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာပြီး ပြည်သူများက ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်း ကြသဖြင့် ဆန်များပြတ်လပ်သည့်အထိ ဖြစ်လာကြောင်း သိရသည်။ “ဆန်ကလည်း ဈေးတွေ အရမ်းမြင့်တက်လာတယ်။ ဒီကလူတွေက ဆန်စျေးတွေ အရမ်းမြင့်တက်လာမှာဆိုးလို့ ဝယ်စုကြတယ်။ တစ်ချို့ ဆန်စက်တွေမှာ ဆန်တွေတောင်ပြတ်နေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်မှ သွားဝယ်လာတာ မရှိတော့ဘူး။ ဆန်ဈေးတွေလည်း ထပ်ဝက်လောက် တက်လာတယ်” ဟု သီပေါမြို့ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။
ယခင်က ဆန်ဈေး တစ်အိတ်လျှင် မြန်မာကျပ်ငွေ (၃၅,၀၀၀) ခွဲရှိပြီး ယခု တစ်အိတ်လျှင် ကျပ်ငွေ ၅ သောင်း မှ ကျပ်ငွေ ၁ သိန်း ကြားရှိနေပြီး အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် ဆန်ဈေး တစ်အိတ်လျှင် ကျပ်ငွေ ၁ သိန်းထိ မြင့်တက်လာကြောင်း သိရသည်။ “အကုန်လုံးဈေးတက်တယ်။ ဆန်၊ ဆီ၊ ဆားတွေ အကုန်လုံးဈေးတက်တယ်။ ကြက်သွန်နီ လည်း အရင်က တစ်ပိဿာကို ၉၀၀ နဲ့ ၁၅၀၀ ပဲ ။ အခုက ၃၅၀၀ ထိ ဈေးက ခုန်တက်သွားတယ်။ ဆီတွေလည်း တစ်ပုံကို ၅ သောင်း ထိတက်သွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက် လာသောကြောင့် အခြေခံ လူတန်းစား နှင့် အိမ်ရှင်မများ ခက်ခဲလာကြောင်း သိရသည်။
၂၁။ “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းကူ” ကမ်ပိန်းကို ဒီးမော့ဆိုကျောင်းသားသမဂ္ဂပြုလုပ်
September 6, 2022
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကနေပြီး “စစ်ရှောင်ပညာရေးအလှူ ပြည်သူ တစ်ရပ်လုံးဝိုင်းဝန်းကူ” ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်နေတယ်လို့ ဒီးမော့ဆို အ.က.သ ရဲ့ ဥက္ကဌ ကိုခွန်း က ပြောပါတယ်။ “ကျနော်တို့ဒီ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဇုန်ဖြစ်တယ်ပေါ့။ စစ်ဇုန်ဖြစ်တယ်ဆို အားလုံးလည်းသိတယ်ပေါ့နော်။ စစ်ဇုန်ဖြစ်တဲ့ အနေထားမျိုးမှာ ကျနော်တို့ကလေးငယ်တွေရဲ့ ပညာရေးကလည်းဖော်ဆောင်သင့်တာပေါ့။ ဖော်ဆောင်ရတဲ့အနေထားမှာ ကျနော်တို့မှာအခက်အခဲပေါင်းစုံက ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ဒီကမ်ပိန်းကို လုပ်ရတယ်ပေါ့။ ကလေးတွေရဲ့ Stationary ပိုင်း စာရေးကိရိယာပိုင်း ကျနော်တို့Target ထားပါတယ်ပေါ့။” လို့ ဒီးမော့ဆို အ.က.သ ရဲ့ ဥက္ကဌကိုခွန်းက ပြောပါ တယ်။ ကမ်ပိန်းကို စက်တင်ဘာလ ၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး သိန်း ၃၀၀ ကျော် ရရှိနိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ကမ်းပိန်းမှာ ရရှိလာမယ့် အလှူငွေတွေကို စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက်လိုအပ်တဲ့ စာရေးကိရိယာတွေ ဝယ်ယူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
“ ဒီးမော့ဆိုမြို့နယ်ကို Target ထားတယ်ပေါ့။အထူးသဖြင့် အရှေ့ဘက်ခြမ်းပေါ့နော။ အရှေ့ဘက်ခြမ်းဆိုရင် ကျနော်တို့ လုပ်လာသမျှ လှုပ်ရှားလာသမျှထဲမှာ ကျနော်တို့ဒီအရှေ့ဘက်ခြမ်းမှာခါကျတော့ ကလေးသူငယ်တွေကို ကျနော်တို့တစ်စုံတစ်ရာ ကူညီနိုင်တာမရှိသေးဘူးပေါ့။ ဒါရိုးသားဆုံးဝန်ခံရမယ်ဆိုရင် အဲ့တော့ ဒီတစ်ခေါက်ကျတော့ ကျနော်တို့ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကော အနောက်ဘက်ခြမ်းကောကျနော်တို့ အတတ်နိုင်ဆုံးဖြည့်ဆည်းမယ်။ နောင်လာမယ့် ဥစ္စာပေါ့နော။ ကျနော်တို့ဒီကမ်ပိန်းတွေ ဆက်ဆက်လုပ်သွားဖို့ရှိတယ်။ အောင်မြင်မယ်ဆိုရင်တော့ တခြားမြို့နယ်ကိုတော့ ကျနော်တို့ကူးပြီး တော့မှ ကူညီစောင့်ရှောက်သွားချင်တယ်ပေါ့နော။ တခြားမြို့နယ်တွေကိုလည်း ကျနော်တို့ ဒီရှိသမျှ ကျနော်တို့ မျှဝေသွား ချင်ပါတယ်ပေါ့နော။ ဒီတခြားမြို့နယ် ကျနော်တို့နဲ့ နီးကပ်တဲ့ဖရူဆိုမြို့နယ်ပဲဖြစ်ဖြစ်ပေါ့နော။ အဲ့လိုမျိုးတော့ ကျနော်တို့ ခြေလမ်းလှမ်း သွားချင်သေးတယ်ပေ့ါနော။ ကူညီထောက်ပံ့မှု လုပ်ပေးသွားချင်ပါတယ်။” လို့ ကိုခွန်းက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ အခြေခံပညာကျောင်းသားများသမဂ္ဂကနေပြီး ကြားကာလပညာရေးအတွက် ယာယီကျောင်း ၁၃၀ ဝန်းကျင်ဖွင့်လှစ်ထားပြီး သင်ကြားပေးသူ ဆရာ၊ ဆရာမ ၁၀၀၀ ဝန်းကျင်နဲ့ ကျောင်းသားဦးရေ ၁၈၀၀၀ ဝန်းကျင် တက်ရောက် သင်ကြားနေတယ်လို့ သိရပါတယ်။
၂၂။ ရှမ်းမြောက်မှာ ကြံတစ်တန် ၉၀,၀၀၀ ကျပ် သတ်မှတ်၊ တောင်သူတွေ တွက်ချေမကိုက်
September 6, 2022
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သကြားစက်တွေက ကြံတစ်တန်ကို ၉၀,၀၀၀ ကျပ် သတ်မှတ် ဝယ်ယူပေးမယ် ဆိုပေမယ့် ကြံစိုက် တောင်သူတွေ တွက်ချေမကိုက် ဖြစ်နေဆဲပဲလို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲ သကြားစက်နဲ့ မိုင်းရယ်မြို့နယ်ရှိ မိုင်းရယ် သကြားစက်တို့က ကြံတစ်တန် စက်ရုံ အရောက်ဈေး ၈၀,၀၀၀ ကျပ်နဲ့ ဝယ်ယူမယ်လို့ ဩဂုတ်လ ၁၆ ရက်က အသိပေးခဲ့ ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ၉၀,၀၀၀ ကျပ်နဲ့ ဝယ်ယူမယ်လို့ ထပ်မံ အသိ ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်း ပြီးနောက် ဒုတိယမြောက် ကြံရာသီ အတွက် စက်သုံးဆီ၊ ဓာတ်မြေဩဇာ တွေ ဈေးအဆမတန် ပေးပြီး ဝယ်ယူ သုံးစွဲခဲ့ရတဲ့ အတွက် ကြံတစ်တန် ၉၀,၀၀၀ ကျပ်က အရင်းပြန်ရမှာ မဟုတ်ဘူးလို့ နောင်ချိုမြို့နယ်မှ တောင်သူ တစ်ဦးက ပြောပါတယ်။
“၈၀,၀၀၀ ကျပ် ပေးဝယ်မယ်လို့ အရင်လက အသိပေးပြီးတော့ အခုက သကြားဈေး တက်လာတော့ ၉၀,၀၀၀ ကျပ် ပေးမယ်လို့ အသိပေးလာတာပါ။ ဒါပေမယ့် တောင်သူတွေ အတွက် တွက်ချေ မကိုက်သေးဘူး။ တစ်တန်ကို ၉၅,၀၀၀ လောက်မှ အရင်းပြန်ရမှာ။ အခုဟာက တစ်တန်ကို စက်ရုံ အရောက်ပို့မှ ၈၀,၀၀၀ ရမှာ။ ကားခ၊ သယ်ယူစရိတ်မ မပြောနဲ့ မြေဩဇာ တစ်အိတ်ဖိုး၊ မြေဆီ တစ်အိတ်ဖိုးတောင် မရဘူး။ အရင်ကထက် မြေဩဇာ၊ လယ်ထွန်ခတွေက ၃ ဆကျော်လောက် ပိုကုန်ထား တာလေ” လို့ သူက ပြောပါတယ်။ အခုနှစ် ကြံစိုက်ရာသီမှာ မြေဩဇာ တစ်အိတ် ၁၃၅,၀၀၀ ကျပ်ဝန်းကျင်၊ စက်ထွန်ယက်ခ တစ်နာရီ ၅၀,၀၀၀ ကျပ်နဲ့ ငှားရမ်း အသုံးပြု ရသောကြောင့် ကြံတစ်တန် အရင်း ၉၀,၀၀၀ ကျပ်နီးပါးရှိပြီး ကြံခုတ်ခနဲ့ စက်ရုံကို သယ်ယူခ မပါသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ အရင်နှစ် ကြံရာသီမှာ ကြံတစ်တန် ၆၀,၀၀၀ ကျပ်ဝန်းကျပ် ပေါက် ဈေး ရှိခဲ့ပြီး အခုနှစ် ၃၀,၀၀၀ ကျပ် ဈေးပိုလာ ပေမယ့် စိုက်ပျိုး ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် အရှုံးပေါ်တာ ဖြစ်တယ် လို့ သိရပါတယ်။
၂၃။ တနင်္သာရီမြို့ လယ်သစ်-ထိန်ချောင်းဝအနီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၃ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံး
September 5, 2022
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ စက်တင်ဘာလ ၄ ရက် နံနက် ၁၁ နာရီအချိန်တွင် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့အား တနင်္သာရီမြို့နယ် (ပ•က•ဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပ•က•ဖ)က သတင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးအဖွဲ့သည် တနင်္သာရီမြို့နယ် လယ်သစ်-ထိန်ချောင်းဝအနီး စစ်ကြောင်းထိုးလာစဉ် မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၂) တနင်္သာရီ (ပ•က•ဖ) ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီ ရိုးမတပ်ဖွဲ့ နှင့် မြိတ်(ပ•က•ဖ) စသည့် ပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့် ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ( ၃ )ဦး နှင့် ပျူစောထီးအဖွဲ့ဝင် (၂)ဦးသေဆုံးကာ (၁) ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းသိရသည်။ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိ ဘေးကင်းရာသို့ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသညိ။
၂၄။ တောင်ကြီးမြို့ပေါ် ကျောင်းအချို့တွင် အတန်းပိုင်ဆရာမများမှ ကလေးများကို အတင်းအဓမ္မ ကျူရှင် ခေါ်သင်
September 5, 2022
တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းအချို့တွင် အတန်းပိုင်ဆရာမများမှ ကလေးများကို အတင်းအဓမ္မ ကျူရှင် ခေါ်ယူသင်ကြားနေသည်ဟု သိရသည်။ “တောင်ကြီးမြို့ပေါ်က အထက်တန်းကျောင်းတစ်ခုမှာ မိဘနဲ့ ကျောင်းသားရဲ့ ဆန္ဒမပါ ဘဲ ငါ့ကလေးတွေ င့ါဆီမှာပဲ ကျူရှင်တက်ရမယ် ဆိုပြီး အတင်းအဓမ္မ ကျူရှင်ခေါ်တယ်။ အတန်းပိုင်ဆီမှာ မတက်ရင် အတန်းထဲ မှာ ကလေးကို ငြှိုးမှာ၊ ပြဿနာ အမျိုးမျိုးရှာမှာစိုးလို့ ပို့နေရတယ်။ ကလေးတွေ ကို အမြဲတမ်းဆူပူဆဲဆိုပြီး ငါအတန်းပိုင်၊ ငါ အတန်းမှူးဆိုပြီး ပါဝါပြနေတဲ့ အတန်းပိုင်တွေကို ရွံကြောက်ကြီး ဖြစ်နေတာပါ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ယခုအခါ အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ဝင်ငွေနည်းပါးမှုကြောင့် ပြည်သူအားလုံး ကြပ်တည်းနေချိန် ဖြစ်ပြီး ယင်းကဲ့သို့ Non-CDM ဆရာမများ၏ အတင်းအကြပ် ကျူရှင်ခေါ်ယူသင်ကြားမှုကြောင့် ငွေကြေးမတတ်နိုင် သည့် မိဘများ အတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
“ကုန်ဈေးနှုန်းတွေကတက်တော့ စီးပွားရေးက ဘာမှလုပ်စားလို့မရ၊ တချို့ မရှိတဲ့သူတွေဆိုရင် စားဖို့တောင် အနိုင်နိုင် ဖြစ်နေပြီ။ ဒီလိုအချိန်မျိုးမှာ ဆရာမတွေအနေနဲ့ ငွေကြေးရလိုမှု တစ်ခုတည်းနဲ့ ခုလိုအတင်းအကြပ် ကျူရှင်ခေါ်သင်တယ်ဆိုတာ မျိုးကတော့ မဖြစ်သင့်ပါဘူး။ ကလေးတွေ ကျူရှင်မတက်နိုင်တော့ မျက်နှာငယ်၊ နောက်ဆုံး ပညာရေးနဲ့ ဝေးသွား လိမ့်မယ်” ဟု တောင်ကြီးဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြေခံ ပညာကျောင်းများကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားနေ ခြင်းဖြစ်ပြီး ကျောင်း များစတင်ဖွင့်လှစ်ပြီး မကြာမီမှာပင် Non-CDM ကျောင်းဆရာမများက အခကြေးငွေဖြင့် ကျူရှင်ခေါ်ယူ သင်ကြားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
၂၅။ ဂွမြို့နယ်တွင် ရိုဟင်ဂျာ ၁၇ ဦး ထပ်မံ ဖမ်းဆီးခံရ
September 5, 2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းဝန်းကျေးရွာ၊ လျှော်ဖြူတောင်တံတားအနီးတွင် စက်တင်ဘာ ၄ ရက်နေ့က ရိုဟင်ဂျာ လူမျိုး ၁၇ ဦးဖမ်းဆီးခံရကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများမှာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၅ ဦး တို့ဖြစ်ပြီး ၎င်းတို့မှာ ပြင်ပထွက်ခွာပြီး အလုပ်လုပ်ရန်သွားသူများဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်တော်တို့ သိရတာက တော့ သူတို့က မလေးရှားနိုင်ငံကိုသွားပြီးတော့ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားနဲ့ ချိတ်ပြီးတော့ တစ်ယောက်ကို သိန်း ၇၀ နဲ့ သထားတာလို့သိရတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဂွမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး လဝကအက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကာ ပို့ဆောင်ပေးသူ ၆ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် ရိုဟင်ဂျာလူမျိုး ၁၉ ဦး ဖမ်းဆီးခံ ရခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများမှာ အလုပ်အကိုင်ရှားပါးနေသည့်အတွက် ပြည်ပသို့ ထွက်ခွာထွက်ချင်သော်လည်း စစ်ဆေးဂိတ်များတွင် မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများရှိသည်။
၂၆။ လားရှိုးမှာ (၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦး ဓားထောက်ပြီး ဆိုင်ကယ် လုယက်ခံရ
September 5, 2022
ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၄ နဲ့ ၅ အစပ် ငုဝါလမ်းမှာ အသက် (၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦး ဓားပြတိုက် ခံရတယ်လို့သိရပါတယ်။ မနေ့မနက် ၇ နာရီမှာ ကျူရှင် သွားနေတဲ့ အဲဒီကျောင်းသားတစ်ဦးကို အသက် (၂၀)ဝန်းကျင်ရှိ အမျိုးသား နှစ်ဦးက ဓားထောက် ခြိမ်းခြောက်ပြီး ဆိုင်ကယ်နဲ့ ကျောပိုးအိတ်ကို လုယူသွားတယ်လို့ သိရပါတယ်။ လားရှိုးမြို့ခံ တစ်ဦးက “ကလေးက ကျူရှင်သွားတာ အဲဒီရပ်ကွက် ၄ နဲ့ ၅ အစပ် ငုဝါလမ်းလို့ပြောတယ်။ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီး နဲ့ လိုက်လာတာ။ အဲမှာ ကလေးကို ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တယ်” လို့ ဆိုပါတယ်။
ကလေးဟာ အသက်မပြည့်သေးတာကြောင့် ဆိုင်ကယ် မမောင်းသင့်သေးသလို အခုလိုကာလမှာ ကျောင်းသားမိဘ တွေကပဲ ကလေးကို လိုက်ပို့သင့်တယ်လို့ သူက ပြောပါတယ်။ လားရှိုးမြို့တွင်းမှာ နေ့တိုင်းလိုလို သူခိုးဓားပြ များလာတာကြောင့် ပြည်သူတွေရဲ့ပစ္စည်း ဘယ်အချိန်မှာ လုယက်ခံရမှာလဲဆိုတာကို မသိနိုင်တဲ့အတွက် သတိထားဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လားရှိုးအပြင် ရှမ်းမြောက်ရဲ့ မြို့နယ်အများစုမှာ ခိုးမှု ဓားပြတိုက်မှုနဲ့ လောင်းက စားဝိုင်းတွေလည်း ပေါ်တင် လုပ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၇။ တစ်နှစ်ကျော်အထိ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မော်ချီးဒေသမှာ ဆက်သွယ်ရေးအခက်အခဲကြုံတွေ့ နေရဆဲ
September 5, 2022
ဖားဆောင်းမြို့ မော်ချီးဒေသမှာ ဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်တာ တစ်နှစ်ကျော်ရှိနေပြီး ခုလို ဆက်သွယ် ရေးပြတ်တောက်မှုကြုံတွေ့နေရတာဟာ လူအခွင့်အရေးဆုံးရှုံးသလို ခံစားရစေတယ် လို့ဒေသခံလူငယ်တစ်ဦးက ခုလိုပြောပါ တယ်။ “အင်တာနက်မပြတ်ခင်တော့အဆင်ပြေသေးတယ်။ ဒီ အွန်လိုင်းပေါ်မှာသင်တန်းတွေကစ တစ်ခုခုကိုယ်လိုအပ်တဲ့ ဟာ တွေကို ကျွန်တော်တို့အလွယ်တကူ ရှာဖွေလို့ရတယ်။ ပြီးအဆက်အသွယ်ကစ ကိုယ့်မိတ်ဆွေအပေါင်းအသင်း လုပ်ငန်းပိုင်း ဆိုင်ရာတွေကစ အများကြီးအဆင်ပြေခဲ့တယ်။ ကျွန်တော်တို့အင်တာနက်လိုင်းကို တွင်တွင်ကျယ်ကျယ်နဲ့ လိုအပ်တဲ့နေရာမှာ အများကြီးအသုံးပြုလို့ရတယ်။ အခု အင်တာနက် နိုင်ငံရေးဖြစ်ပြီးတဲ့နောက်ပိုင်း အင်တာနက်လိုင်းပြတ်တောက် သွားပြီးတဲ့ နောက်ပိုင်း လူငယ်တစ်ယောက်အနေနဲ့ အင်တာနက်လိုင်းကိုပြတ်တောက်ခံရတဲ့အတွက် လူအခွင့်အရေးတွေ ဆုံးရှုံးရသလို ကျွန်တော် တို့ခံစားရတယ်” လို့ မော်ချီးဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
” အရင်တုန်းကကျတော့ ဒီမှာခါကျတော့ မော်ချီးကျတော့ လိုင်းကောင်းတယ် ဘယ်နားဖြစ်ဖြစ် လိုင်းသုံးလို့ရတဲ့ အတွက် အဲ့မျိုးပေါ့နော်။ ကိုယ်ပစ္စည်း အဲ့တစ်ခုကိုရထားတော့ ကိုယ် လိုင်းပေါ်တက်တယ်ဆိုရင် ဘယ်သူဘယ်သူမြင်တယ်ပေါ့ အိမ်ထိသွားရောင်းစရာမလိုပဲ သိတယ်ကွာ။ ပြီးတော့ဒီနားတင်မဟုတ်ဖူး ဟို့အခြားမြို့ကလူတွေလဲသိတယ် အဲ့မျိုးရောင်းရတာ အဆင်ပြေတာပေါ့။ လိုင်းပြတ်ပြတ်ချင်းဆိုရင် ပစ္စည်းတွေအများကြီးခံတယ်။ တချို့ဆိုမှာထားတာရှိတယ် လိုင်းကပြတ်သွား တော့ ဘယ်လိုမျိုးပြောမလဲ ပစ္စည်းမှာထားတဲ့သူတွေအတွက်လဲ အဆင်မပြေဘူး။ ပြီးရောင်းတဲ့သူတွေအတွက်လဲ အဆင်မပြေ ဘူး အလုပ်တွေလဲ ထိခိုက်နစ်တာ ဆုံးရှုံးမှုတော့အများကြီး ရှိတာပေါ့” လို့ ဆိုပါတယ်။ အွန်လိုင်းဈေး အရောင်းအဝယ်ကနေ တစ်လကို အမြတ် ၂ သိန်း ကနေ ၃ သိန်းအထိကျန်ပေမယ့်ခုလို အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရတော့တာက ရေရှည်စားဝတ် နေရေးအတွက် အခက်အခဲကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။ မော်ချီးဒေသဟာ ယခင်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း နေရာ တော်တော်များများမှာရရှိပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်းပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါ တယ်။ ရံဖန်ရံခါ အင်တာနက်လိုင်းရရှိပေမယ့် သုံးရတာအဆင်မပြေဘူးလို့ ဆိုပါတယ်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။