ဓါတ်ပုံ – CNO
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၅
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုပြီး ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းမှာအခြေပြုပြီး ဩဂုတ်လ (၂၂) ရက်မှ စက်တင်ဘာလ (၃)ရက်နေ့အထိ အခြေခံရဲသင်တန်း အမှတ်စဉ် ၁ ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီသင်တန်းမှာတော့ သင်တန်းသား (၇၁)ဦး တက်ရောက်ခဲ့ပြီး ရဲလုပ်ထုံးလုပ်နည်းဆိုင်ရာ အပါအဝင် စစ်ဘက်ဆိုင်ရာ ဥပဒေနှင့် အမှုစစ်နည်းများကို သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။
ယခု သင်တန်း တက်ရောက်ပြီးမြောက်ထားတဲ့ ရဲသင်တန်းသားများဟာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအဖြစ် ဖလမ်းမြို့နယ် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)ရဲ့ စိုးမိုး နယ်မြေတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးနှင့် ရဲဝန်ဆောင်မှု လုပ်ငန်းများကို ဥပဒေအတိုင်း စတင်တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။