သတင်း

ထီရိ စစ်ကောင်စီစခန်းတိုက်ပွဲက စစ်သုံ့ပန်းများ ကျန်းမာရေးကောင်းမွန်ပြီး၊ အဆင်ပြေစွာ နေထိုင်နေတယ်လို့ မိသားစုများထံ သတင်းစကားပါး

ဓါတ်ပုံ – Pekhon People Defence Force – 2

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၃

 

ရှမ်းပြည်နယ်တောင်ပိုင်း ထီရိ စစ်ကောင်စီစခန်းတိုက်ပွဲမှာ လက်နက်ချ ဖမ်းဆီးရခံခဲ့တဲ့ စစ်ကောင်စီ တပ်သား ၂ ဦး နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သား ၃ ဦးတို့က ကျန်းမာရေးကောင်းမွန်ပြီး အဆင် ပြေစွာ နေထိုင်နေရတယ်လို့ ဖယ်ခုံ PDF ကတဆင့် မိသားစုများထံ သတင်းစကားပါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

 

ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၊ စာသင်ကျောင်းအတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် တပ်ရင်း၂ ၊ KNDF B0-3 တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ မေ ၁၂ ရက်မှာ အဲဒီစခန်းကို တိုက်ခိုက်ခဲ့တာပါ။

 

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့တဲ့ အဆိုပါတိုက်ပွဲမှာ ထီရိစစ် ကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်မှ ၁၅ဦးလည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တာပါ။

 

အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီ တပ်သား၂ဦး နှင့် PNO တပ်သား ၃ ဦးတို့ လက်နက်ချ ဖမ်းဆီးခံခဲ့ပါတယ်။

 

အဲဒီတုန်းက လက်နက်ချ ဖမ်းဆီးခံခဲ့တဲ့ စစ်သုံ့ပန်း ၅ဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ထိန်သိမ်းထားရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ စစ်သုံ့ပန်းများကို ထားရှိသောနေရာသို့ ယခုစက်တင်ဘာလ၁ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း၂ က သွားရောက်ကြည့်ရှု့ခဲ့ပြီး ၎င်းတို့ စစ်သုံ့ပန်းများအနေဖြင့် လက်ရှိအချိန်တွင် နေရပ်ပြန်ပါက စစ်ကောင်စီဘက်က အရေးယူလာနိုင်၍ နေရပ်သို့ မပြန်လိုသေးသလို၊ ၎င်းတို့အတွက် မစိုးရိမ်ပါရန် မှာကြားလိုပြီး ကျန်းမာရေး ကောင်းမွန်ပြီး အဆင်ပြေစွာ နေထိုင်နေရတာကို မိသားစုများထံ သိစေလိုကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

 

ဖမ်းဆီးခံ စစ်သုံ့ပန်း ၅ ဦး တို့၏သဘောဆန္ဒကို သက်ဆိုင်ရာ မိသားစုဝင်များ သိရှိစေနိုင်ရန်အတွက် ယမန် နေ့က ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ ဘက်က သတင်းထုတ်ပြန် ထားပေးတာ တွေ့ရပါတယ်။

Related Articles

Back to top button