ဓာတ်ပုံ – KNU(Cobra Column)
ပုံစာ – ကရင်ပြည်နယ်တွင်း တိုက်ပွဲမှာ တွေ့ရတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့။
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၉
၁၈လကာအတွင်းနိုင်ငံတဝန်းလုံးနီးပါးမှာ တိုက်ပွဲပေါင်း အကြိမ်ရေ ၆ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့ လည်း ISP-Myanmar က မနေ့ သြဂုတ် ၂၈ ရက်ကထုတ်ပြန်ထားပါတယ်။
ISP-Myanmar ရဲ့ သုတေသနအရ နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်မှာ ၆၀ရာခိုင်နှုန်းဖြစ်တဲ့ ၄,၀၅၂ ကြိမ်ထက်မနည်း ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ(EAOs) အကြား ဖြစ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/CDF/CNDF/ KNDF ) စတဲ့ အဖွဲ့တွေ အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ကတော့ ၁,၇၁၁ ကြိမ်ထက်မနည်း ရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ EAOs၊ ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကတော့ အကြိမ်ရေ ၈၀၀ကျော်ရှိနေတာကိုလည်း တွေ့ရပါတယ်။ အဲဒီအပြင် EAOs တပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုကတော့ အကြိမ်ရေ ၅၀ နီးပါး ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၁၈ လတာကာလအတွင်း နိုင်ငံတဝန်းနီးပါး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကတော့ အပြင်းထန်ဆုံးဒေသတွေဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို လေ့လာသုတေသနပြုလုပ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး (ISP-Myanmar) အဖွဲ့က ဒီကနေ့ သြဂုတ် ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်မှာ တိုက်ပွဲအကြိမ်ရေပေါင်း ၄ထောင် နီးပါးဖြစ်ပွားခဲ့ပြီး ဒါဟာ တစ်နိုင်ငံလုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ သုတေသနပြုချက်ကဖော်ပြပါတယ်။ နိုင်ငံအနှံ့ မြို့နယ်အလိုက်တိုက်ပွဲဖြစ်ပွားမှု နှိုင်းယှဉ်သုတေသနအရဆိုရင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲ ပေါင်း ၃,၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိတဲ့အထဲ ၃၄ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ထက်မနည်းဖြစ်ပွားထားတာတွေ့ရပါတယ်။
အလားတူ တတိယအများဆုံးတွေ့ရတာကတော့ ကရင်နီဒေသမှာ တိုက်ပွဲပေါင်း ၄၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စတုတ္ထအများဆုံးကတော့ ချင်းပြည်နယ်မှာ ၄၀၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သာ တွေ့ရပါတယ်။
ပဋိပက္ခနဲ့ဆက်စပ်တဲ့ တိုက်ပွဲများအတွင်း သေဆုံး ၊ ဒဏ်ရာရခဲ့ပုံ ဖြစ်စဥ်တွေနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ပမာဏ ကို သုတေသနပြုခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန် တာတွေ ရှိ၊ မရှိ ဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသုတေသနပြထုတ်ပြန်တာလို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။