(No. 64, August 26, 2022)
၁။ ပင်လောင်းမြို့နယ်တွင် PNO က မူးယစ်ဆေးဝါးအကြောင်းပြ၍ လူပြန်ပေးဆွဲ
August 25, 2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခံင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဩဂုတ်လ ၂၃ ရက်က PNA/PNO က မူးယစ်ဆေးဝါးအကြောင်းပြ၍ လူပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရသည်။ ပင်လောင်းမြို့နယ်၊ နမ့်တုပ်ကျေး ရွာနှင့် မဆုန့်ခွမ်ကျေးရွာသို့ ဩဂုတ်လ ၂၃ ရက်က ညောင်ရွှေမြို့နယ် ထီရီးကျေးရွာအခြေပြု PNO တပ်ခွဲ ၅ မှ ဗိုလ်လေးဦးနှင့် ဗိုလ် လေးအောင် ဦးစီးသည့် ပြည်သူ့စစ်များမှ မဆုန့်ခွမ်ရွာနေ ကိုထွန်းတင်နှင့် နမ့်တုပ်ရွာနေမောင်ငယ်နှင့် ၎င်း၏ဇနီးဖြစ်သူ မယ်ပုံ့ တို့အား လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “၂၃ ရက်၊ ညနေ ၅ နာရီခွဲလောက်မှာ အင်း လူမျိုး တွေနေတဲ့ နမ့်တုပ်ရွာနဲ့ ရှမ်းတွေနေတဲ့ မဆုန့်ခွမ်ရွာကိုလာပြီး ရွာ ၃ ယောက်ကိုဖမ်းသွားတာ။ မူးယစ်ဆေးဝါးနဲ့ ကျော်ဇောလို့ ပေါ့။ ဘာသက်သေမှလည်းမပါ၊ သက်သေနဲ့မတွေ့ဘဲဖမ်းတာ။ မူးယစ်ဆေးဝါးအကြောင်းပြပြီး လူပြန်ပေးဆွဲတာပေါ့”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူ ၃ဦးကို ထီရီးစခန်းသို့ ခေါ်ဆောင်ချုပ်နှောင်ထားပြီး ၄င်းတို့ကို မူးယစ်ဆေးဝါး ကျော်ဇောမှုဖြင့် ဖမ်းဆီး ကြောင်း၊ တစ်ဦးလျှင် သိန်း ၃ ၀ကျပ်ဖြင့်လာရွေးရမည်ဖြစ်ပြီး လာမရွေးပါက ရဲလက်အပ်မည်ဟု မိသားစုဝင်များထံ ဩဂုတ်လ ၂၄ ရက်က အကြောင်းကြားလာခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ရပ်မိရပ်ဖများနှင့် ဆွေမျိုးများက ထီရီးသို့သွားရောက်ပြီး ဖမ်းဆီးခံထားရသူများသည် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများမဟုတ်ကြောင်း၊ ငွေကြေးချို့တဲ့ သူများဖြစ်ကြောင်း ပြောဆို ညှိနှိုင်းရာ ကိုထွန်းတင်အား ၁၅ သိန်းကျပ်၊ မောင်ငယ်နှင့် မယ်ပုံ့တို့မှ ၅ သိန်းကျပ်ပေး၍ ပြန်လဲလွှတ်မြောက်လာခဲ့ကြောင်း သိရ သည်။ အဆိုထီရီးစခန်းသည် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သားများနှင့် PNA/PNO တပ်သား ၅ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ဖူးကြောင်းနှင့် ယင်းစခန်းမှ PNO တပ်ဖွဲ့အနေဖြင့် ငွေကြေးလိုအပ်ပါက အနီးနကျေးရွာများမှ ရွာသားများကို ငွေကြေးအကြောင်းပြ၍ ဖမ်းဆီးလေ့ ရှိကြောင်းကိုလည်း သိရသည်။
၂။ မျှစ်ရှာထွက်သည့် ခင်ပွန်းဖြစ်သူပြန်မလာသဖြင့် တောတွင်လိုက်ရှာသည့်ဇနီး မိုင်းနင်းမိပြီးသေဆုံး
August 25, 2022
ပလက်ဝမြို့နယ်တွင် မျှစ်ရှာထွက်သွားသည့်ခင်ပွန်းဖြစ်သူ သုံးရက်ကြာသည့်တိုင် ပြန်မလာသဖြင့် တောတွင် လိုက်ရှာ သည့် ဇနီးဖြစ်သူ ယမန်နေ့ နံနက် ၈ နာရီခန့်က မြေမြုပ်မိုင်းနင်းမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ အသက် ၄၃ နှစ်ခန့် အရွယ်ရှိ ဒေါ်နန်းလောင်ခမ် ရွာအပြင်ထွက်ချိန် အဘောင်သားကျေးရွာနှင့်တစ်ဖာလုံခန့်အကွာရှိ ချောင်းတစ်ဖက်ကမ်းတွင် မိုင်းနင်းမိသောကြောင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက Th 74 Media ကိုပြောသည်။ “ယောက်ျားဖြစ်သူက ရွာအနီးတောင်ကို မျှစ်သွားရှာတာ အိမ်ကို ပြန်ရောက်မလာတာကြောင့် ဇနီးဖြစ်တဲ့သူက စိတ်ပူပြီး သွားရှာတဲ့အချိန် ဆုံးသွားတယ်။ အဘောင်သားရွာအပြင်ဘက် ချောင်းတစ်ဖက်ကမ်းမှာတွေ့တယ်။ ခြေထောက် နှစ်ဖက်စလုံး ပြတ်သွားတဲ့အပြင် ခန္ဓာကိုယ်နဲ့ လက်တွေမှာလည်း ဒဏ်ရာပြင်းထန်ရပြီး ဆုံးခဲ့တာ” ဟုသူကပြောသည်။
သေဆုံးသူ၏ အမျိုးသားဖြစ်သူ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးခိုင်အေး Non-CDM အလယ်တန်းပြ ကျောင်းဆရာကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်က ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးသွားပြီး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ပလက်ဝမြို့ ဘောလုံးကွင်းအနီးရှိ စစ်ရှောင်စခန်းမှ အမျိုးသမီးနှစ်ဦးလည်း ဇွန် ၂၀ ရက်နေ့က အဘောင်သာကျေးရွာ အနီးရှိ တောင်ပေါ်သို့ မျှစ်ရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၃။ တောင်ကုတ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက်က ၁၄ ဦးထက်မနည်းသေဆုံး
August 25, 2022
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ယနေ့ သြဂုတ်လ ၂၅ ရက် ညနေပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ဒေသသတင်းရင်းမြစ်များမှတစ်ဆင့်သိရသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီအချိန်ခန့်က ချောင်းသုံးခွနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကြာချိန်အားဖြင့် မိနစ် ၂၀ ခန့်ရှိကြောင်း တောင်ကုတ် ချောင်းသုံးခွအနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။ “တိုက်ပွဲက ၄ နာရီလောက်ကစဖြစ်တယ်။ မိနစ် ၂၀ လောက်ကြာပါ်တယ်။ အဲ့ဖက်မှာတော့ ချောင်းသုံးခွရယ်၊ ကြိမ်တောချောင်းနဲ့ တစ်ခြားကျေးရွာတွေရှိပါတယ်။ အထိ အခိုက်ကျဆုံးမှုကို မသိရဘူး”ဟုပြောသည်။ သတင်းရင်းမြစ်ပြောဆိုချက်အရ ရက္ခိုင့်တပ်တော် AA တပ်စခန်းရှိသည်နေရာကို စစ်ကောင်စီဖက် ဝင်ရောက် တိုက်ခိုက်ရာတွင် သတင်းပေးမြန်ဆန်သည့်အတွက် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ဖက်မှ ၁၄ ဦးခန့်ကျဆုံးရှိခဲ့ပြီး AA ဖက်ကညအနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ သံတွဲမြို့သို့အထွက် ကားလမ်းဖက်တွင်ဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့် အကွာ အဝေးရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်ဖက်တို့တွင်သာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ထပ်တိုးအနေဖြင့် တောင်ကုတ်ဖက်တွင်လည်း ဖြစ်ပွားလာခြင်းဖြစ်သည်။ ကျောက်တော် နယ်နှင့် မြောက်ဦးနယ်စပ်ကြားရှိ ကျောက်ကျပ်ကျေးရွာသို့ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ခု က ယနေ့ ဩဂုတ် ၂၅ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဆိုပါကျောက်တော် စကခ (၉) မှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၉ နာရီခွဲဝန်းကျင်က ကျောက်တော်မဟာမုနိသို့ ကား ၆ စီးဖြင့် လာ ရောက်ချထားခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မဟာမုနိစစ်ဘေးရှောင်စခန်းကို ဖြတ်ကာ ညောင်ချောင်းမှ တစ်ဆင့် ကျောက်ကျပ် ကျေးရွာသို့ ရောက်သွားခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။
၄။ နောင်ချို တိုးပင်ရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင် (၈၀၀)ကျော်အတွက် အစားအသောက်၊ စောင်နဲ့ အဝတ်အစားတွေ အရေးပေါ် လိုအပ်နေ
August 25, 2022
ရှမ်းမြောက် နောင်ချိုမြို့နယ် တိုးပင်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင် (၈၀၀)ကျော်အတွက် စားနပ်ရိက္ခာနဲ့ စောင်၊ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ မနေ့မနက် ၉ နာရီကစပြီး စစ်ကောင်စီနဲ့ မန္တလေး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (MPDF)တို့အကြား လုံခံကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြတာကြောင့် ရွာခံတွေဟာ တိုးပင်ရွာ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ လုံခံရွာခံတစ်ဦးက “ဒီမှာက အစားအသောက် ခက်ခဲပါတယ်။ လူဦးရေ ရှစ်ရာကျော်က ဘုန်းကြီးကျောင်းမှာ ရှိထားတဲ့ စားသောက်ကုန်တွေ ယူစားကြတယ်။ မနေ့က ရွာထဲမှာ ဟင်းတွေ သွားအလှူခံထားပါတယ်။ အရေးပေါ် ထွက်ပြေးလာရတော့ တချို့က အဝတ်စားတွေတောင် မယူလိုက်ရဘူး” လို့ ပြောပါတယ်။ တိုးပင်မှာ ရောက်ရှိနေတဲ့ စစ်ရှောင် (၈၀၀)ကျော်ဟာ ကုလားကွဲ၊ လုံခံနဲ့ ကြံခင်းကျေးရွာခံတွေပဲ ဖြစ်ပါတယ်။
မနေ့မှာ လုံခံရွာရှိ လုံခံစေတီမှာ စစ်ကောင်စီနဲ့ မန္တလေး PDF တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ ဘက်က လေယာဥ်နဲ့ပါ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ “လက်ရှိမှာက ကျေးရွာဘက်မှာ ဘယ်သူမှမပြန်ရဲကြသေးဘူး။ မနေ့က စစ်တပ်ဘက်က လုံခံစေတီမှာ လေယာဥ်နဲ့ လာပစ်တာ။ အဲမှာက အိမ်တွေ အနဲငယ် ရှိထားတယ်။ နေအိမ်ထိခိုက်တာ ရှိတယ် ပြောတယ် အတိအကျတော့ မသိရသေးဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာလည်း ရတနာသိင်္ဂီရွာ အနီးမှာ စစ်ကောင်စီနဲ့ မန္တလေး PDF တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကျေးရွာခံတွေဟာ ဘေးလွတ်ရာ ကျေးရွာဘက် တွေမှာ ထွက်ပြေးခဲ့ကြရပါတယ်။
၅။ မြိတ်ကမ်းနားလမ်းတွင် အကြမ်းဖက် စစ်ကောင်စီက သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြို့ခံ ၂ ဦး ကျည်ထိမှန် သေဆုံး
August 25, 2022
တနင်္သာရီတိုင်း မြိတ်မြို့နယ်ရှိ မြိတ်ကမ်းနားလမ်းတွင် ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဆိုင်ကယ် စီးပြီး အလုပ်မှ ပြန်လာသည့် အမျိုးသား သုံးဦးကို အကြမ်းဖက် စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ရာမှ အနီးနားရှိ အလုပ်သမား နှစ်ဦးကို ကျဉ်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်တံတားနှင့် ပြည်တော်သာတံတား အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီက အလုပ်ကပြန် ဆိုင်ကယ်တစ်စီးတွင် လူသုံးစီးနင်းလာသည်ကိုတွေရှိ၍ ခြောက်လန့်ပစ်ခတ်ရာမှ ရပ်တန်းမပေးတာကြောင့် ထပ်မံ ပြီး သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်ရာမှ အနီးနားရှိ ကျပန်းအလုပ်သမား တစ်ဦးနှင့် အခြားတစ်ဦး ကျဉ်ထိမှန်ကာ စုစုပေါင်း နှစ်ဦး သည် အခင်း ဖြစ်ပွားရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိပ်ငယ်ရပ်ကွက်ရှိ ဆိုင်ကယ် ကယ်ရီဆွဲသူ တစ်ဦးက ပြောသည်။
“အလုပ်က အပြန် ဆိုင်ကယ်နဲ့ စီးလာတဲ့ အမျိုးသား သုံးဦးက သေနတ်မထိပဲ လွှတ်သွားတယ်လို့ သိရတယ်၊ စစ်တပ်က ရမ်းပြီး ပစ်လိုက်တော့ ပြည်တော်သာတံတားက အလုပ်သမား နှစ်ဦး ကျဉ်ထိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်”လို့ ယင်း တံတားရှိ အလုပ်သမားများထံမှ သိရသည်။ လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီက ရမ်းသမ်း ပစ်ခတ်မှုကြောင့် အကြောင်းမဲ့ သေဆုံးခဲ့ သည့် ဒေသခံ အလုပ်သမား နှစ်ဦး၏ Body အလောင်းကို စစ်ကောင်စီ တပ်သားများက ယူဆောင်သွားပြီး ကာယံကံရှင် မိသားစု များကို ပြန်မပေးသေးကြောင်း သိရသည်။
၆။ ဥကရစ်ထလမ်းဆုံအား စစ်ကောင်စီတပ် ပိတ်ဆို့တပ်စွဲပြီး ဖြတ်သန်းသွားလာသူအား ပစ်ခတ်မည်ဟု သတင်းထုတ်ထား
August 25, 2022
မြ၀တီ မြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ လမ်းပိုင်း ဥကရစ်ထ လမ်းဆုံအား စစ်ကောင်စီမှ ပိတ်ဆို့ တပ်စွဲစစ်ရေးပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာသူအား ပစ်ခတ်မည်ဟု သတင်းထုတ်ထားကြောင်း ဒေသခံများက ပြောသည်။ အမည်မဖော်လိုသူ ဒေသခံကုန်စုံဆိုင်ရှင်တစ်ဦးက “ဝေါလေ လမ်းတစ်လျှောက်ကတော့ ၃ ထပ်ကွေ့ဘက်က ကရင်အဖွဲ့တွေ ပိတ်ထားသလို သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဥကရစ်ထဝေါလေအထိက စစ်တပ်နဲ့ DKBA တွဲ ပြီး လမ်းဂိတ်ထိုင်တဲ့ စခန်းတွေ ဘက်က ပိတ်ထားတယ်၊ တောင်ယာကုန်းတွေ၊ ပြောင်းခင်းတွေဘက် လုံး၀သွားလို့ မရဖြစ်နေတယ်၊ လူသံ၊ ထွေလာသံကြားတာ နဲ့ သေနတ်ဖောက်တယ်၊ လှမ်းပစ်တာတွေလုပ်တယ်၊ ကားလမ်း တစ်လျှောက်ကတော့ ဘယ်သူမှပေးဖြတ်မသွားဘူး၊”ဟု ပြော သည်။ စစ်ကောင်စီတပ်က ထိုသို့သတင်းထုတ်ပြန်ထားသည့်အတွက် တောင်ပေါ်ရွာ ဒေသခံများ ဝေါလေဘက်သို့ စားသောက် စရာ၀ယ်ရန်နှင့် ဒေသတောင်ယာစိုက်ခင်းများဘက်အလုပ်လုပ်ရန် သွားလာမရဖြစ်နေကြောင်း ၎င်းဒေသခံ ကုန်စုံ ဆိုင်ရှင်က ဆက်ပြောသည်။
“ပစ်မယ်ပြောထားတော့၊ စုကလိ၊ တနောထ၊ မောတု၊ ဥထရစ်မိ တောင်ပေါ် ကျေးရွာတွေက ဒေသခံတွေ ရိက္ခာ စားစရာ ၀ယ်ဖို့ ဥကရစ်ထ လမ်းဆုံကနေ ဝေါလေဘက်ကို စျေး၀ယ်ဆင်းဖို့ ဒေသခံတွေ လာရင် လမ်းပိတ်ထားတယ်၊ ပေးမသွားဘူး ပစ်မယ်ပြောထားတော့ ရွာမှာရှိတဲ့စားစရာကို ခြွေတာစားနေကြ ရတယ်၊ ကျနော့်တို့ ဝေါလေဘက် ကုန်စုံ၀ယ်ဖို့ မလာရဲကြဘူး” ဟု ထိုဒေသခံ ကုန်စုံဆိုင်ရှင်က ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ KNU -ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း နယ်ကျော်၀င်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၈ လကျော် ကြာမြင့်လာ နေပြီဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသတွင်းကျေးရွာများမှ စစ်ဘေးရှောင်နေရသူ ၉၀, ၂၉၁ ဦးအထိရှိကြောင်း ကရင်အရပ်ဖက် အဖွဲ့ အစည်းများ၏ ကနဦး ကောက်ခံစုဆောင်းထားသည့်စာရင်းများအရ သိရသည်။ “ကျမတို့ အခုအထိ ဝေါလေ ဂျပန်အိမ်ယာ ဘက် ကို မပြန်နေရဲသေးဘူး ဝေါလေထိုင်းဘက်က ပြောင်းခင်းသူဌေး အိမ်တန်းလျားမှာ ခဏနေနေရတယ်၊ စစ်တပ်က ကင်းပုန် ၀ပ်တာ၊ တပ်စွဲထားတာတွေရှိနေတော့ ပြောင်းခင်းတွေ ဘက် အလုပ်သွားလုပ်မရ၊ ၀င်ငွေမရှိ စားဖို့က စစ်ဘေးရှောင် ကူညီတဲ့သူ တွေလာဝေ ပေးမှစားနေရတယ်” ဟု ဝေါလေဒေသ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ https://kicnews.org/20 22/08/%e1%80%a5%e1%80%80%e1%80%9b%e1%80%85%e1%80%ba%e1%80%91%e1
၇။ မင်းတပ်မြို့ ပညာရေးဝန်ထမ်း Non-CMD ၉၅ ဦးကို အမျိုးသားသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း
August 25, 2022
ချင်းပြည်နယ်၊မင်းတပ်မြို့ရှိ ပညာဝန်ထမ်း Non-CMD ၉၅ဦးအား အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ CDF မင်းတပ်၊ ပညာရေးဘုတ်အဖွဲ့နှင့် MUSU တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် ၂ (က) အရ၊ မင်းတပ်မြို့ပေါ်ရှိ အထက (၁)၊ အထက (၃)နှင့် အထက (ခွဲ) တပ်မြေကျောင်းများတွင် သင်ကြားလျက်ရှိသည့် ဆရာ/ဆရာမ ၉၅ ဦးအား အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားသစ္စာဖောက် အမည်ပျက်များအဖြစ် ပထမအကြိမ် မှတ်တမ်းစာရင်း ထည့်သွင်းကြေညာလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီ ဖွင့်လှစ်မည့် စာသင်ကျောင်းများအစား ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေးဘုတ်အဖွဲ့က ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း ထုတ်ပြန်ထားရှိသည်။ နောက်ဆက်တွဲအနေဖြင့် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အမည်ပျက်စာရင်းအဖြစ် ဆက်လက်ထုတ်ပြန် သွားမည်ဟုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က ဆိုသည်။
၈။ ကရင်နီပြည်နယ်ရဲဌာန KSP ဖွဲ့စည်းပြီး တနှစ်အတွင်း အမှုပေါင်း ၂၃၅ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့
August 25, 2022
၂၀၂၁ ဩဂုတ် ၂၅ ရက်မှာ CDM ရဲဝန်ထမ်းများနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSP ဟာ ယနေ့မှာ တနှစ် ပြည့်မြောက်ပြီဖြစ်တာကြောင့် တနှစ်ပြည့် အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။ စာမျက်နှာ ၈ မျက်နှာရှိတဲ့ ဒီအစီအရင်ခံစာမှာ KSP ရဲ့ ဖွဲ့စည်းပုံနဲ့ ရည်ရွယ်ချက်များ၊ လုပ်ရှားဆောင်ရွက်မှုများ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများနဲ့ ဘဏ္ဍာရေးရှင်းတမ်းဇယားများ ပါဝင်ပါတယ်။ တနှစ်အတွင်း အမှုပေါင်း ၂၃၅ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယင်းအမှုများအနက် စစ်ကောင်စီသတင်းပေးများအပြင် မူးယစ်ဆေးဝါးအမှုများ၊ ခိုးမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုများလည်း ပါဝင် ပါတယ်။ ကရင်နီဒေသတွင်းက ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတိုင်းကို လုံခြုံရေး ဝန်ဆောင်မှု ပေးနေတယ် လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့တာဝန်ခံက Karenni’s Voice ကို ပြောပြပါတယ်။
“KNDF၊ PDF စတဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတိုင်းတော့ ကျတော်တို့ လွှမ်းခြုံထားနိုင်ပါတယ်။ နယ်မြေစိုးမိုးမှု အားကောင်းတဲ့ မြို့နယ်အချို့မှာ စခန်း ၂ ခုစီ ချထားပါတယ်။ လုံခြုံရေးအရ လူထုနဲ့ ပေါ်ပေါ်တင်တင် ဆက်သွယ် လို့ မရတဲ့ အခက်အခဲတော့ ရှိပါတယ်။ ဒါပေမဲ့ ကရင်နီဒေသတွင်း စစ်ရှောင်ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ဘယ်သူမဆိုပေါ့ ကျတော်တို့ ဌာနကို အမှုတိုင်ကြားချင်တဲ့အခါ KNDF၊ PDF တို့လို နီးစပ်ရာ ဘယ်အဖွဲ့ကိုမဆို တော်လှန်ရေးရဲဘော်တွေက တဆင့် ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။” လို့ KSP ရဲ့ တာဝန်ခံက ပြောပြပါတယ်။ ကရင်နီပြည်နယ်ရဲဌာန တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် NUG ဒုဝန်ကြီး၊ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC၊ NUG ဒုဝန်ကြီး ခူးထဲဘူး၊ ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် KNDF နဲ့ ကရင်နီတပ်မတော် KA မှ ဗိုလ်ချုပ်အောင်မြတ်တို့က သဝဏ်လွာများ အသီးသီးပေးပို့ခဲ့ ကြပါတယ်။
၉။ ဆယ်ဇင်းတွင် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်
25 August 2022
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် တပ်စွဲထားနေထိုင်သော စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာ အတွင်း ပိတ်မိနေသော ဒေသခံ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ဥရုချောင်းထဲ ပစ်ချလိုက်သည်ဟု ထွက်ပြေး လွတ်မြောက် လာသူများထံ မှ သိရသည်။ “ဆယ်ဇင်းမှာ ကျန်ရှိနေတဲ့ ပြည်သူ ၆ ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီး ဥရုချောင်းထဲပစ်ထည့် လိုက်တယ်။ အဲ့ဒီ ပစ်သတ်လိုက်တဲ့ ၆ ယောက်ကို သူတို့က ဆယ်ဇင်းမှာ ပြည်သူတွေပစ်ထားခဲ့တဲ့ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်း တွေကို သုံးဘီးနဲ့ သယ်ထုတ်ခိုင်းတယ်။ သူတို့ခိုင်းပြီးလို့ သတ်ပစ်လိုက်တာ ဟုတ်တယ်” ဟု ဖားကန့်သို့ရောက်လာသော အမည် မဖော်လိုသူ ဒေသခံတစ်ဦးကပြောဆိုသည်။ ပစ်သတ်ခံရသော အရပ်သားပြည်သူ ၆ ဦးသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်ရှောင်၍ မရဘဲ ပုန်းကျင်းများတူးကာ ပုန်းခိုနေရာမှ ဩဂုတ်လ ၂၂ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ၂ ရက် ခန့်အကြာ ၎င်းတို့ ခိုင်းစေပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။ “သူတို့ ၆ ယောက်ကို ၄ ရက် လောက်အကြာ သေနတ်ထောက်ပြီး ရွာထဲက သူတို့ လိုချင်တဲ့ ပစ္စည်းတွေကို သယ်ခိုင်းတယ်။ နောက်ပြီး ကြက်ခြံက မွေးမြူရေး ကြက်တွေ အကောင် ၆၅၀ ကောင်လောက်နဲ့ ဝက် ၄ကောင်ကိုလည်း သယ်ခိုင်းတယ်။ သူတို့ခိုင်းချင်ရာခိုင်းပြီးမှဘဲ ရင်ဘတ်မှာ သေနတ်ထောက်ပြီး ပစ်သတ်လိုက်ကြတယ်” ဟု ပြောသည်။
ပစ်သတ်ခံရသူ ၆ ဦးအနက် အိုက်ခဲနှင့် ကျော်ဇောတို့ ၂ ဦး၏ အမည်ကို သိရှိရပြီး ကျန် ၄ ဦး၏ အမည်ကို သေချာမသိရ သေးကြောင်း ပြောပြသည်။ ဆယ်ဇင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် နှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA ၏ ပစ်ခတ်မှုကြောင့် ဆယ်ဇင်း ဒေသခံ ၃၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရသည်ဟု ဖားကန့်ဘက်သို့ ထွက်ပြေးလွတ်မြောက်လာသော ဆယ်ဇင်း မျက်မြင် ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ အဆိုပါ ပစ်သတ်ခံရသော အရပ်သားပြည်သူများ ၃၀ ဝန်းကျင်အနက် ၁၅ ဦး၏ သေဆုံး မှု စားရင်းသာ ရရှိပြီး ကျေးရွာအတွင်း စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် တပ်စွဲထားသောကြောင့် အလောင်းများကို ပြန်လည် ကောက်ယူနိုင်ခြင်းမရှိခဲ့သလို စာရင်းအတိအကျ သိရှိနိုင်ရန်ခက်ခဲ့နေကြောင်း ဒေသခံများထံမှသိရသည်။ ဆယ်ဇင်းတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် တိုက်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် လူနေအိမ်ပေါင်း ၆၇၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ https://burmese.kachinnews.com/2022/08/25/yl2-4/
၁၀။ သီမစ်လွင်ပြင်တိုက်ပွဲ တစ်လနီးပါးအထိကြာမြင့်လာ စစ်ကောင်စီဘက် အကျအဆုံးများ
August 26, 2022
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့်ကြာမြင့်လာပြီး စစ်ကောင်စီဘက်က အကျအဆုံးများ နေသည် ဟု သိရသည်။ စစ်ကောင်စီတပ်သည် ဟားခါး – ထန်တလန်အကြားရှိ ပျက်စီးပြီးဖြတ်သန်းသွားလာ၍ မရသော သီမစ်ချောင်း တံတားအား ပြင်ဆင်ရန်ဆိုသည့်အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်နေ့က ယင်းဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ များ ရောက်ရှိ လာကာ ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိုနေ့ကစ၍ ယနေ့ချိန်ထိ နေ့စဉ် ရက်ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ “ စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့မှာ ဟားခါးမှာရှိတဲ့ ထန်တလန်က ပါစတာ တွေကိုခေါ်ပြီးတော့ ထန်တလန်မြို့ပြန်လ ည်တည်ဆောက် ရေးခေါင်းစဉ်တပ်ပြီးတော့ ဆွေးနွေးကြတယ်၊ အဲလိုလုပ်နိုင်ဖို့ဆိုရင် ဟားခါးနဲ့ ထန်တလန်ကြားက သီမစ် တံတားကိုပြန်ထိုးမှရမှာကိုး အဲဒီသီမစ်တံတားဆောက်နိုင်ဖို့က အဲဒီအနီးတဝိုက်ကို သူတို့ စိုးမိုးထားမှရမယ် သူတို့မစိုးမိုး နိုင်ရင် သီမစ်တံတားတည်ဆောက်ရေးက သူတို့လုပ်နိုင်မှာမဟုတ်ဘူး အဲဒီမှာ သူတို့စိုးမိုးပြီဆိုရင် တံတားဆောက်မယ် ပြီးရင် ထန်တလန်မြို့နယ်ဘက်ကို နယ်မြေစိုးမိုးရေးလုပ်လာဖို့သူတို့ရည်ရွယ်တယ် ဒီနေရာက အချက် အချာကျတယ် ဒါကြောင့် ထန်တလန်မြို့ပြန်လည်တည်ဆောက်ရေးကိုအကြောင်းပြပြီး ထန်တလန်မြို့နယ် ပြန်လည်စိုးမိုးရေး အ တွက်စစ် ရေးထိုးလာဖြစ်တယ်’’ ဟု ချင်းအမျိုးသားတပ်မတော် CNA/CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ပျက်စီးနေသော သီမစ်တံတား၏ အောက်ပိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ချင်း အမျိုးသားတပ်မတော် CNA အပါအဝင် CDF – Zophei , CDF – Hakha , CDF – Thantlang , CDF – Lautu နှင့် CJDC မှ ရဲဘော် များက ပူးပေါင်းတိုက်နေခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲများတွင် ဟားခါးမြို့အခြေစိုက် ၂၆၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူနေပြီး စစ်ရဟ တ်ယာဉ်ဖြင့်လည်း လက်နက်များလာရောက်ဖြည့်တင်းလေ့ရှိသည်ဟု ဆလိုင်းထက်နီ ကပြော သည်။ “ ဟားခါးမြို့ကနေ ၁၂၀/၁၂၂ မမ လက်နက်ကြီးတွေနဲ့ နေ့စဉ်ထုတယ် လက်နက်ကြီးတအားသုံးတယ် စစ်ရဟတ်ယာဉ် တွေနဲ့ ကျည်ဆံတွေအမြဲလာဖြည့်ပေးတယ် ဂျက်ဖိုက်တာလည်းလာတယ် တိုက်ပွဲကတော့ နည်းနည်းကြာ ဦးမယ့်သဘောရှိ တယ်’’ ဟု ဆလိုင်းထက်နီကပြောသည်။ သီမစ်လွင်ပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၅၀ ခန့် သေဆုံး ခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကျည်ဆံများလည်း ပူပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့သည်ဟု ဆလိုင်းထက်နီ က ပြောသည်။ ယင်းတိုက်ပွဲတွင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CDF-Hakha တပ်ဖွဲ့မှရဲဘော်တစ်ဦး Salai Thang Hei Lian သြဂုတ်လ ၂၅ ရက်နေ့က လက်နက်ကြီးကျည်ဆံထိမှန်ကျဆုံးခဲ့ပြီး တစ်လနီးပါးကြာတိုက်ပွဲအတွင်း ပူးပေါင်းကာကွယ်ရေး တပ်ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်ရှိသည်ဟုသိရသည်။
၁၁။ ကျောက်မဲမှာ TNLA တံဆိပ်အတု သုံးထားတဲ့ ခြိမ်းခြောက်စာနဲ့ ငွေ တောင်းတာတွေရှိနေ
August 25, 2022
ရှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ တအာင်းတပ်မတော် (PSLF/TNLA)ရဲ့ တံဆိပ်တုံးအတု သုံး ထားတဲ့ ခြိမ်းခြောက်စာနဲ့ ငွေတောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်က နေအိမ်တစ်အိမ်မှာ TNLA အတွက် လိုအပ်တဲ့ ငွေတွေကို ကောက်ခံနေကြောင်းနဲ့ မပေးရင် နေအိမ်မှမိသားစုကို ဖမ်းမယ် ဆို ပြီး ဒေသခံတွေဆီ ခြိမ်းခြောက်စာတစ်စောင် ပေးပို့လာပါတယ်။ ကျောက်မဲမြို့ခံတစ်ဦးက “သူတို့က TNLA တံဆိပ်တုံးအတုနဲ့ လုပ် စားနေတာ။ သူတို့က တရုတ်ဘိုးတော်ကိုခိုင်းတယ်။ အဲစာကို စာအိတ်နဲ့ ထည့်ပြီးတော့ ဘယ်နေရာတွေမှာ ပို့ဆိုပြီးတော့ ပို့ခိုင်း တယ်။ အဲတရုတ် ဘိုးတော်ကလည်း စာထဲမှာ ဘာပါလဲဆိုတာ မသိဘူးထင်တယ်။ ပြောသံကြားတာတော့ သူ့မိန်းမက သူ့ကို အဲ စာက သူများကို ပိုက်ဆံတောင်းတာဖြစ်မှန်းသိတော့ သူ့ယောကျာ်းကို အိမ်ရှင်တွေဆီ သွားတောင်းပန်ခိုင်းတယ်လို့ကြားရတယ်။ ကြည့်ရတာ တောင်းတဲ့သူက TNLA ဆီ စစ်မှုထမ်းပြီး ထွက်ပြေးလာပြီးတော့ အဲလိုလုပ်စားနေတာလို့ထင်တယ်” လို့ ဆိုပါတယ်။
အဆိုပါ စာထဲမှာ ငွေ သိန်း(၂၀) တောင်းနေပြီး မပေးပဲ သတင်းပေါက်ကြားခဲ့ရင် မိသားစုကို ဖမ်းမယ်ဆိုပြီးတော့ ခြိမ်း ခြောက်ထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်နာမည်ကို အလွှဲသုံးစားလုပ်ပြီး ငွေကြေး တောင်းခံတဲ့ဖြစ်ရပ်ဟာ ရှမ်းမြောက် နေရာအနှံ့မှာ ဖြစ်ပွားနေပါတယ်။ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နာမည်သုံးပြီး ငွေကြေး ခြိမ်း ခြောက်တောင်းတာတွေ ရှိသလို လားရှိုး၊ ကျောက်မဲဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်နာမည်နဲ့ ငွေကြေးလိမ်လည် တောင်းတာတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။
၁၂။ KNU တပ်မဟာ (၆) ကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်
August 25, 2022
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်း စစ်ကောင်စီတပ်က တပ်ရင်း ၁၈ ရင်းနဲ့ ကုန်းကြောင်း၊ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ KNU တပ်မဟာ (၆) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း (၁၇) ခုနဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းတစ်ခု စုစုပေါင်း တပ်ရင်း ၁၈ ခုနဲ့ ဒီလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လ ၁ ရက်ကနေ ၂၀ ရက်အထိ စုစုပေါင်းတိုက်ပွဲ ၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU က သြဂုတ်လ ၂၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေါနတောင်တန်းအရှေ့ဘက်ခြမ်းကို သဲသဲမဲမဲ တိုက်ခိုက်နေ တာလို့ KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က RFA ကို ပြောပါတယ်။ “အထူးသဖြင့်ကတော့ ကျနော်တို့ ဒီမြဝတီတောင်ဘက်ခြမ်းရယ် ကော့ကရိတ် တောင်ဘက်ခြမ်းရယ်ပေါ့။ အဲဒီမှာကတော့ အထူးသဖြင့် တောက် လျှောက်ဖြစ်လာ တယ်လို့ပဲ ပြောရမှာပေါ့လေ။ ဟို…၂၀၂၁ ဒီဇင်ဘာ လောက်ကနေပြီးတော့ အခုထိပဲလို့ ပြောရမှာပေါ့။ အခုကျ တော့ ဒီအထူးသဖြင့် သူတို့က ဒေါနအရှေ့ခြမ်းကို မဲတယ်ဗျ။ ဘာသဘောလဲတော့ မသိဘူး။ အဲဒီမှာလည်းပဲ တိုက်ပွဲတွေမှာ ကျတော့လည်း အထိနာတဲ့ သဘောတော့ရှိတာပေါ့” အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာအပြောင်းအလဲ လုပ်ပြီးတဲ့ နောက်မှာ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတာလို့ ပဒိုစောလစ္စတန်က သုံးသပ်ပါတယ်။
အခု ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ မြဝတီနဲ့ ကော့ကရိတ် ဒေသတွေအတွင်း ဖြစ်ပွား နေပြီး စစ်ကောင်စီရဲ့ ထိုးစစ် ဆင်တိုက်ခိုက်မှုတွေကို KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း ခြောက်ခုနဲ့ ကော်ဘရာစစ်ကြောင်း က ပြန်လည်ခုခံ တိုက်ခိုက်နေတာပါ။ “လေကြောင်းတိုက်ခိုက်မှုများစွာနဲ့ တစ်နေရာတည်းကို ဗုံးကြဲချပြီးတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်” ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ မြဝတီ – ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့ဒေသ မှာတော့ စစ်ကောင်စီ တပ်ဘက်က အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ လက်နက်ကြီး တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ ဟောင်ဝစ်ဇာ အမြောက် တွေ အသုံးပြုတာ၊ အတွဲ လိုက်ပစ်ဒုံးစနစ်တွေနဲ့ ပစ်ခတ်တာအပြင် တိုက်လေယာဉ်တွေနဲ့ ဖျက်အားပြင်း ဗုံးတွေအသုံးပြုတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကို က ပြောပါတယ်။ KNU ဒူးပလာယာခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်ကတော့ အခုလို KNU ဘက်က ထိခိုက်သေဆုံးမှုနည်းပြီး စစ်ကောင်စီတပ် တွေဘက်က ထိခိုက်သေဆုံးမှုများတာဟာ KNU တပ်တွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ ပြောက်ကျားစစ် အသုံးပြုမှုနဲ့ စိတ်ဓာတ် ပြင်းထန်မှုတွေ ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ KNU တပ်မဟာ (၆) နယ်မြေအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ကိုးသောင်းကျော် (၉၀,၂၉၁ ဦးအထိ) အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ် လို့ KNU ရဲ့ သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အများစုက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရ တာလို့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။ https://www.rfa.org/burmese/program_2/myanmar-military-attack-
၁၃။ ဆီဆိုင်မြို့နယ် ပြည်သူပိုင်နယ်မြေများကို ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းဆည်း
August 25, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် ပြည်သူပိုင်နယ်မြေများကို ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က အဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင်နယ်မြေ လယ်ယာဧက ပေါင်း (၁၃) ဧကကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက အဓမ္မသိမ်းယူခဲ့ပြီး စိုက်ပျိုးထားသော စပါးခင်းများ၊ ပြောင်းဖူးခင်းများကိုလည်း ယမန့်နေ (သြဂုတ် ၂၄ ) ရက်တွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျမ လယ်ယာဧကကို အကုန်သိမ်းသွားတယ်။ သူတို့က ဇူလိုင်လပိုင်းကစပြီး မြေတွေကို အဓမ္မ လာသိမ်းသွားတာ။ အခုမြေသိမ်းခံရတဲ့သူတွေ အများကြီးရှိ သေးတယ်။ ဘာကြောင့်လာသိမ်းရတာလည်း မေးတော့လည်း မဖြေဘူး။ ရွာသားကိုပြန်ဆဲဆိုသေးတယ်။ အခုစိုက်ထားတဲ့ စပါးပင်တွေကိုလည်း ဖျက်ဆီးနေသေးတယ် “ ဟု ၎င်း အမျိုးသမီး ကပြောသည်။ အဆိုပါ ပြည်သူများ၏ နယ်မြေ၊ လယ်ယာဧကများသည် စာရင်းမြေဂရမ်ဖြင့် တရားဝင်ပြုလုပ်ခဲ့ရသော်လည်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက နယ်မြေများကို အဓမ္မသိမ်းယူခဲ့သဖြင့် သက်ဆိုင်ရာဌာနကို တိုင်ကြားခဲ့သော်လည်း လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် ပြည်သူစိုက်ပျိုးထားသော စပါးခင်းများကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဖျက်ဆီးလိုက်သောကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်မှာလည်း မိသားစုတွေရှိတယ်။ သား၊သမီးတွေတော့ မရှိတော့ဘူး။ ကိုယ်ကလည်း အသက်ကြီးနေပြီ ဆိုတော့ နေ့စားသွားလုပ်ရတာလဲ မနိုင်တော့ဘူး။ အခုစိုက်ထားတဲ့ စပါးတွေဖျက်ဆီးနေတယ်။ ယမန်နေ့ကတည်း ထွန်ယက်ကားနဲ့ လာဖျက်တာ “ ဟု အထက် ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလနှောင်းပိုင်းက အစိုးရတပ် နှင့် ဆီဆိုင်မြို့နယ် ကျေးရွာ ၅ ရွာ မှ တောင်သူများ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မှ ဒေသခံ တောင်သူ ၇၀ ကို တရားစွဲခဲ့ကြပြီး ၄င်းတို့၏ လယ်ထွန်စက် ၂၉ စီး ပါသိမ်းဆည်းခြင်းခံရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။ https://burmes e.shannews.org/archives/29947
၁၄။ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ဝင်ရောက်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၅ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို
August 25, 2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ ရေးမြို့နဲ့သုံးမိုင်အကွာ ရေး-ထားဝယ် ကားလမ်း မပေါ်က ရေးတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ ” စခန်းထဲမှာ ၉ ကောင်ရှိတယ်။ သေတာက စခနဲ့ပျူ ၅ ကောင်၊ ၄ ကောင်ဒဏ်ရာရတယ်။ ဝင်ပစ်တာက ဒီတခေါက်ကျနော်တို့ အင်အားသုံးပြီးမှ ဝင်ပစ်တာဖြစ်တယ်ဗျ၊ သူတို့ရဲ့ထွက်ပေါက် ၂ ပေါက်ကို ပိတ်ပြီးတော့ကို သူတို့စခန်းကုန်းကို စီးနင်းပစ်ခတ်ခဲ့တာပေါ့။ နောက်တခုကကျနော်တို့ logo ပါတဲ့အလံကို သူတို့စခန်းမှာစိုက်ခဲ့တယ်။ သူတို့ စခန်းကအလံကိုလည်း ကျနော်တို့အပါပြန်သိမ်းလာခဲ့တယ်”လို့ သူကပြောပါတယ်။ ရေးမြစ်ချောင်းကူးတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိပြီး ထိခိုက်သေဆုံးမှုကို စာရင်းကို သတင်းဖုံးဖိဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေးမြို့နယ်မှာ ယောက်ကျား ၂ ဦးတွဲ ဆိုင်ကယ်မစီးနင်းဖို့စစ်ကောင်စီကတားမြစ်ထားဖြစ်ပြီး အဲ့ဒီရေးမြစ် ချောင်းကူး တံတား စစ်ဆေးရေးဂိတ်က အမျိုးသမီးတွေပါလမ်းဆင်းလျှောက်ခိုင်းပြီး အစစ်ဆေးကြမ်းတမ်းတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဇူလိုင် ၂၈ ရက်နဲ့ သြဂုတ်လ ၂ ရက်နေ့တွေမှာလည်း ရေးဘီလူးအဖွဲ့က ရေးမြို့မရဲစခန်းနဲ့ ရေးမြို့နယ် လဝကရုံးတွေကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရဲ ၄ ဦး၊ လဝကဦးစီးမှူးအပါအဝင် ၅ ဦးထိခိုက်သေ ဆုံးပြီးခဲ့တဲ့နောက်စစ်ကောင်စီကရေးမြို့ကို ဒေသန္တရ အမိန့်ထုတ်ပြန်ပြီး ဌာနဆိုင်ရာရုံးတွေမှာလုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
၁၅။ ကတိုင်တိ BGF ဂိတ်စခန်းငယ်တစ်ခုကို (KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့
August 24, 2022
KNU−ကရင်အမျိူးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)နယ်မြေ ကတိုင်တိကျေးရွာအုပ်စုရှိ နယ်ခြား စောင့်တပ် (BGF) ဂိတ်စခန်းငယ်တစ်ခုကို သြဂုတ်လ (၂၃) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း KNU တပ်မဟာ (၅)ဘက်က သတင်းထုတ်ပြန်လိုက်သည်။ ကတိုင်တိကျေးရွာအုပ်စု၊ ဘောကျို့ထ ကျေးရွာအနီး၊ ကညင်ဒုံတံတားရှိ ကတိုင်တိကျေးရွာအခြေစိုက်အမှတ် (၁၀၁၃) (BGF) ဂိတ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ကြာမြင့်ချိန် တစ်နာရီကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းစခန်းအား ဝင်ရောက်ရှင်းလင်းခဲ့ရာ BGF တပ်သား (၄)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းကို ရှင်းလင်းမှုပြုလုပ်ရာတွင် M-16 သေနတ် (၂)လက်၊ AK-47 (၁)လက်၊ စကားပြောစက် (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPG−7ကျည် (၄)လုံး၊ M-16 ကျည်ဘောက် (၁)ခု၊ AK−47 ကျည် ဘောက် (၃)ခုနှင့် နာတိုး စက်လတ်ကျည် (၉၄)တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်မှ အသေးစိတ် ထုတ်ပြန်ထား သည်။
၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်တွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ရွာများမှ ဒေသခံများအနေဖြင့် ပေါ်တာဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းများ ရှိလာမည်ကို စိုးရိမ်လျက်ရှိကြောင်း လည်း ကတိုင်တိရွာသားတစ်ဦးက ယခုလို ပြောသည်။ “အဲ့ဒီမနက် ဖြစ်ကတည်းကနေ တစ်နေ့လုံးက လက်နက်ကြီးသံတွေကြား နေရတာ။ အခုတော့ ဘာအသံမှမကြားတော့ ဘူး။ (BGF) စခန်းဂိတ်တံတားကနေ ကိုက် ၁၀၀လောက်မှာတော့ သေနတ်သံတွေ နည်းနည်းကြားရတယ်။ လက်နက် ကြီးသံတွေလည်း မကြားရတော့ဘူး တိတ်သွားပြီး။ ဒါပေမဲ့ ဟိုအရင်လကလည်း ဝဲပျံရွာတို့မှာ ပေါ်တာဆွဲတာ ရှိတယ် လေ။ အခုလဲဒီမှာ တိုက်ပွဲဖြစ်ထားတော့ ပေါ်တာဆွဲတာတွေ လူသားဒိုင်းလုပ်မှာတွေပဲ စိတ်ပူနေတာ”ဟု ကေအိုင်စီသို့ ပြောသည်။ လက်ရှိတွင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကာ လက်နက်များကိုသိမ်းဆည်းသွားပြီးနောက် ၎င်း စခန်းမှ KNLA စွန့်ခွာပြန်ဆုတ်သွားပြီးချိန် သြဂုတ်လ (၂၄)ရက် ယနေ့မနက်ပိုင်းတွင် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့က ၎င်းဂိတ် စခန်းထဲသို့ တပ်အင်အားပြန်လည်ဖြည့်တင်းလာကြောင်း ကတိုင်တိရွာသားတစ်ဦးက ဆိုသည်။ https://kicnews.or g/2022/08/%e1%80%80%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%
၁၆။ ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဆိုရသည့် အမျိုးသားတစ်ဦး ထပ်မံ ပစ်သတ်ခံရ
Aug 26, 2022
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုရသော အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ ဟောင်ပါးကျေးရွာနှင့် တာမခံကျေးရွာကြားရှိ ဥရု ချောင်း ချောင်းကမ်းအနီးတွင် သတ်ခံလိုက်ရခြင်းဖြစ်ပြီ ရုပ်အလောင်းကို နေ့လယ်ပိုင်းမှသာဒေသခံများက တွေ့ရှိခဲ့ကြောင်း ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောသည်။ “စစ်ကောင်စီသတင်းပေးဒလန် သတ်ခံရတယ်လို့ ဒီလို ဘဲပြောကြတယ်။ သူ့ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက်တွေ့တယ်”ဟု ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးကပြောသည်။
သတ်ခံရသော အမျိုးသားသည် ဟောင်ပါးကျေးရွာမှ အသက် ၅၈ နှစ်အရွယ်ရှိ ဦးကျော်သန်းဆိုသူဖြစ်ပြီး ၎င်းအား မည်သည့်အဖွဲ့အစည်းမှ သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများကပြောသည်။ ရုပ်အလောင်းကို ကြက်ခြေနီ အသင်းမှ ယမန်ည ၈ နာရီဝန်းကျင်ခန့်တွင် လာရောက်သယ်ယူပြီး ဖားကန့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။ ဖားကန့် ဒေသတွင် ယခုကဲ့သို့ စစ်ကောင်သတင်းပေး ဒလန်ဟုဆိုရသော သူများ ပစ်သတ်ခံရမှု မကြာခဏ ကြုံတွေ့နေရပြီး ယခုနှစ် အတွင်း ပစ်သတ်ခံရသူ ၂၀ ကျော်အထက်ရှိပြီဖြစ်သည်။ https://burmese.kachinnews.com/2022/08/26/az1-11/
၁၇။ စစ်တွေတွင် အသတ်ခံလိုက်ရသည့်အမျိုးသမီးငယ်အမှု မှန်ပေါ်ပေါက်ရေး စာရွက်များဖြန့်ဝေကာကမ်းပိန်း ပြုလုပ်
August 26, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးငယ် ၁ ဦး အသတ်ခံရသည့်အမှုမှာ ၁၀ ရက်ခန့် ကြာလာသည့်တိုင်အောင် အမှုကို မဖော်ထုတ်နိုင်၍ အမှုမပျောက် သွားရေးနှင့် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံများက စစ်တွေမြို့ပေါ်ရှိ လမ်းဆုံလမ်းခွ၊ ဓာတ်မီးတိုင်များတွင် စာရွက်ကပ်ကာ ကမ်ပိန်း ပြုလုပ်ပြီး တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ သြဂုတ်လ ၂၄ ရက်ကတည်းက စစ်တွေရှိ လမ်းဆုံလမ်းခွ၊ ဓာတ်မီးတိုင်များ၊ လမ်းမကြီးရှိ လူမြင်ကွင်းများ၌ သေဆုံးသွားသည့် မနွယ်သန္တာဝင်း၏ပုံနှင့်အတူ “မတရားမှုဟာ ဒီနေ့ ငါနဲ့မဆိုင်ဘူး ဆိုရင် မနက်ဖြန် ငါ့အိမ်တံခါးကို ဆိုက်ဆိုက်မြိုက်မြိုက်လာခေါက်လိမ့်မယ်။ အဲဒီအချိန်မှာ ငါနဲ့မဆိုင်ဘူးဆိုလို့ မရတော့ဘူး”စသည့် စာသားများဖြင့် စာရွက်များကပ်ကာ လှုံ့ဆော်ထားခြင်း ဖြစ်သည်။ ထိုလှုံ့ဆော်စာရွက် များကို မည်သည့်အဖွဲ့အစည်း၊ မည်သူက လုပ်ဆောင်ထားသည်ကို မသိရသေးသော်လည်း ၎င်းလှုပ်ရှားမှုမှာ ဒေသခံ ပြည်သူများ ၏ အသံနှင့် လိုလားချက်ကို ထင်ဟပ်နေသည်ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။
အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အနီး ပလတ်စတစ်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အရောင်း ဝန်ထမ်းဖြစ်ပြီး သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က တစ်ဦးတည်းဆိုင်ရောင်းနေစဉ် အကြမ်းဖက် ဓားထိုးအသတ်ခံခဲ့ရသည်။ သေဆုံးသူ၏ဖခင် ဦးဆန်းဝင်း ကလည်း အမှုမှန်ကို ပေါ်ပေါက်စေချင်ပြီး တရားခံအစစ်အမှန်ကိုဖော်ထုတ်အရေးယူပေးစေလိုသည်ဟု လွန်ခဲ့သည့် ရက် အနည်း ငယ်က နိရဉ္စရာသတင်းဌာကို ပြောဆိုထားသည်။ “လက်ရှိအမှုအခြေအနေကတော့ ဘာမှမသိရသေးဘူး။ ဆိုင်ပိုင်ရှင်နဲ့ သံသယ ရှိတဲ့သူတွေကို AA ကနေ ခေါ်ယူစစ်ဆေးတယ်လို့တော့ ပြောကြတယ်။ ဦးလေးတို့က ဘာမှမသိရဘူး။ ဦးလေးတို့လို ချင်တာက မပတ်သက်တဲ့ လူတွေကိုလည်း မပါစေချင်ဘူး။ တရားခံအစစ်အမှန်ကိုပဲ လိုချင်တယ်။ သိချင်တယ်။”ဟု ပြောသည်။ ထိုသို့ သေ ဆုံးသွားမှုနှင့်ပတ်သက်၍ တရားခံနှင့်အမှုမှန်ပေါ်ပေါက်စေရန် မိသားစုဝင်များက လိုလားနေပြီး ယင်းအမှုကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်(AA)တို့က အမှုမှန် စုံစမ်းဖော်ထုတ်နေသည်ဟု သိရသည်။ သို့ရာတွင် သေဆုံးသွားသည်မှာ ၁၁ ရက် ကြာသည့်တိုင်အောင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဟု သိရသည်။
၁၈။ ဖားကန့်မြို့တွင် KIA ၊ PDF ပူးပေါင်းပြီး မူးယစ်ဆေးဝါး နှိမ်နှင်းရေးလုပ်ငန်းများအား အရှိန်မြင့်လုပ်ဆောင်နေပြီး သုံးစွဲ ရောင်းဝယ်သူတွေကို အရေးယူဆောင်ရွက်သွားမည် ဟု KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော
August 25, 2022
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း တပ်တွေ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းတွေကို လက်ရှိအရှိန်မြင့် လုပ်ဆောင်လာ နေပါတယ်။ ဩဂုတ်လ (၂၁)ရက်နေ့ညက မော်မောင်းဘွမ်ဘက်က အိမ်တွေဆီ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို KIAကနေ လာရောက် ဖမ်းဆီးတာတွေ ရှိခဲ့ပြီးတော့ မြောက်ဖြူနဲ့ ဗ.လ.ခကျေးရွာကြားက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတဲ့ မိုးကာတဲအိမ်(၅)ခု ထက်မနည်းကို KIA နဲ့ PDFပူးပေါင်းတပ်ကနေ သွားရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူ(၁၀ ) ဦး ထက်မနည်း ကိုလည်း ဖမ်းဆီးသွားခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ” မူးယစ်ဆေးဝါးသုံးတဲ့ စခန်းကို KIAနဲ့ PDFတွေ လာပြီး မီးရှို့ပေးလိုက်တယ်တဲ့။ လူလည်း ဖမ်းသွားတာ။ သုံးနေတဲ့ သူ(၁၀)ယောက်လောက် ပါသွားမယ်ထင်တယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အရှိန်နဲ့ လုပ်လာတာပေါ့။ ရောင်းဝယ်၊ သုံးစွဲတာတွေ မလုပ်ဖို့ သတိပေးထားတာ ကြာပြီ”လို့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို တော်လှန်ရေးလုပ်တဲ့နေရာမှာ မူးယစ်ဆေးဝါးကိုပါ တော်လှန်ရမှာ ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ၁၉၄၆ ခုနှစ်ကတည်းက တားမြစ်ထားခဲ့တာဖြစ်တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလို ပြောပါတယ်။ “တခြားနေရာမှာလည်း ဆက်တိုက်လုပ်နေပါတယ်။ အခုလည်းလုပ်မှာ၊ နောင်လည်း လုပ်မှာပဲ။ ကျွန်တော်တို့ မကင်းစင်သ၍ကတော့ အဲဒီမူးယစ်ဆေးဝါးကတော့ ကျွန်တော်တို့ ကချင်လူမျိုးရဲ့ ဘုံရန်သူဖြစ်ပါတယ်။ အဓိက ရန်သူ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အဲဒါကိုရော တော်လှန်ဖို့ တာဝန်ရှိပါတယ်”လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို မူးယစ်ဆေးဖြတ်စခန်းဆီ ပို့ဆောင်မှာဖြစ်ပြီး စိုက်ပျိုး၊ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားသူတွေကိုတော့ မူးယစ် ဆေးဝါးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အခုလို မူးယစ်ဆေးဝါး သုံးစွဲသူ တွေကို နှိမ်နင်းတဲ့အပိုင်းမှာ အရင်က ရဲ တွေလုပ်တဲ့လမ်းစဉ်ထက် KIA,PDF တွေရဲ့ လက်ရှိ နှိမ်နင်းမှုဟာ ပိုမို အားသာ နေပေမယ့် လမ်းဘေးက မူးယစ်ရောင်းဝယ် သုံးစွဲနေသူတွေသာမက အဆင့်မြင့်မြင့်နဲ့ ရောင်းချနေတဲ့ မူးယစ်ကုန်သည် တွေကိုပါ နှိမ်နင်းဖို့ လိုအပ်နေသေးတယ်လို့ နောက်ထပ် လုံးခင်း ဒေသခံပြည်သူ တစ်ဦးကလည်း သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။ “ပြတ်ပြတ် သားသား လုပ်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ လူငယ်တွေ အသက်ရှင်မှာ။ ရဲနဲ့ စစ်တပ်ကို အားကိုးလို့ မရတော့ဘူး။ လုံးခင်း၊ ဖားကန့်တွေမှာ တော်တော်လေး လှုပ်ရှားပါတယ်။ ရဲလုပ်တာထက် စာရင်တော့ PD Fနဲ့ KIA နှိမ်နင်းတာ တော်တော် အားသာ သွားပြီ။ ရွာဘေးတွေမှာ မရှိတော့ဘူး။ အဲဒါတော့ အားသာလာတယ် ဒါပေမယ့် ထိရောက်မှု အားနည်းနေ သေးတယ်။”လို့ ဒေသခံက ဆိုပါတယ်။ https://www.myitkyinanewsjournal.com/
၁၉။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ကလေးများ အရေပြားရောဂါတစ်မျိုး ဖြစ်ပွားနေ
August 26, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ကျောင်းနေအရွယ်ကလေးများ အရေပြား ရောဂါတစ်မျိုး ဖြစ်ပွားနေပါတယ်။ စခန်းတစ်ခုလုံးနီးပါး ဖြစ်ပွားကြပြီး အများစုမှာ ၇ နှစ် ၈ နှစ် အရွယ် အဖြစ်များတယ်လို့ သိရပါ တယ်။ စစ်ရှောင်စခန်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ဆရာမ တစ်ဦးက ” အရင်တလောက စဖြစ်တာ ရေကြောင့် ဖြစ်နိုင်တယ်လို့ ထင်တယ်လေနော။ အကုန်လုံး ယားနာတွေ ဖြစ်ကုန်တာ။” လို့ ဆိုပါတယ်။ ကျောင်းနေအရွယ်ကလေးတွေ အပြင် လူကြီးတွေမှာလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အစပိုင်းမှာ အရေကြည်ဖုကနေ စတင်ဖြစ်ပွားပြီး တဖြည်းဖြည်း ပွားလာတာလို့ ဆိုပါတယ်။ “သူအစပေါက်တုန်းကဆို အ့လိုမျိုးပေါ့နော်။ အရေကြည်ဖုပေါ့။အဲဒီအရေကြည်ဖု ကနေ သူကပြန် ပြီးတော့ ပြန်ကွဲတယ်။ ကွဲပြီဆို နောက်တစ်ဆင့်ကူးတယ်။ အဲလိုမျိုးနဲ့တူတယ်လေ။အဲ့တာနဲ့ မျက်နှာမှာပေါက်တော့ တစ်မျက် နှာလုံး ဖြစ်သွားတယ် သူ့ဟာ။ တစ်မျက်နှာလုံးပေါက်ပြီးမှ ဟိုးဒီလည်ပင်းတွေထိဖြစ်တယ်။ကြာတော့ကြာတယ်။ သူ့ဟာ အဲ့လိုမျိုးက။ နှစ်ပတ် သုံးပတ်လောက် ပေါ့”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ကုန်တာကြောင့် ကျောင်းကိုယာယီ ပိတ်ထားပြီး ယခု ရက်ပိုင်း အတွင်းမှာမှ ပြန် လည်သက်သာလာတာကြောင့် ကျောင်းကိုပြန်လည်ဖွင့်လှစ်နိုင်တာလို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ က စတင်ဖြစ်ပွားတာ ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူတွေက လိမ်းဆေးပေးထားပြီး ယခုရက်ပိုင်း အတွင်း မှာတော့ အများစု ပြန်လည်သက်သာလာကြပေမယ့် အနည်းစုကတော့ ဖြစ်ပွားနေသေးတယ်လို့ ဆိုပါတယ်။ https://www.k antarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80
၂၀။ ရွာငံမှာ စစ်ကောင်စီက ကျေးရွာလုံခြုံရေးဖွဲ့စည်းဖို့လှုံဆော်တိုက်တွန်း ပြုလုပ်မှုရှိနေ
August 26, 2022
ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ကျေးရွာတစ်ချို့တွေမှာ စစ်ကောင်စီက ရပ်ရွာ လုံခြုံ ရေး ဖွဲ့စည်းထားရှိဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ဩဂုတ် ၂၄ ရက်မှာ သိရပါတယ်။ စစ်ကောင်စီက ရပ်ရွာလှုံခြုံရေး ဖွဲ့စည်းဖို့ လှုံ့ဆော်တိုက်တွန်းတဲ့အပြင် ရွာထဲအတွင်းစစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေပြီး ကျေးရွာတွင်းလူငယ်တွေကို ထင်သလို ခေါ်ယူမှုပြုလုပ်ကာ ဒေသကာကွယ်ရေးတပ်များနဲ့ ဆက်သွယ်ခြင်းရှိ မရှိကိုတင်းကြပ်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ”သူတို့စစ်ဆေးမှုတွေလုပ်တော့ ကိုယ်သွားရမဲ့လမ်းကို ဖြောင့်ဖြောင့်မသွားရဲတော့ဘူး နောက်ပြီး ကျေးရွာတွေထဲ စစ်ကားတွေနဲ့ လိုက်ပတ်ပြီးမသွားနေရင် ရပ်ရွာက လုံခြုံရေးဖွဲ့ဖို့တောင်မလိုဘူးလို့” ဖမ်းဆီးစစ်ဆေးခံဖူးသူ ရွာငံဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက သြဂုတ်လအစပိုင်းကစလို့ ရွာငံဒေသခံတွေအပေါ်စစ်ဆေးမှု၊ တောတောင်ထဲ စစ်ကြောင်းထိုးမှု၊ လမ်း တွေမှာ မထင်သလိုဖုန်းများ စစ်ဆေးတာတွေကြောင့် လူငယ်အတော်များများ ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ ၎င်းက ဆိုပါ တယ်။ ယခုလိုကျေးရွာအတွက်လုံခြုံရေးဆိုပြီး စစ်ကောင်စီက ညွန်ကြားလုပ်ဆောင်နေတာတွေဟာ ဗျူစောထီး အသွင် တစ်မျိုး သာဖြစ်ကြောင်း ဒေသခံတွေကပြောဆိုပါတယ်။ ရပ်ရွာလှုံခြုံရေးအတွက် ဖွဲ့စည်းရာမှာ စစ်ကောင်စီတပ်က သင်တန်းပေးသွား မှာဖြစ်ပြီး လက်နက်ထုတ်ပေးဖို့ရှိမရှိကို မသိရသေးဘူးလို့ သိရပါတယ်။
၂၁။ မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေမှုကြောင့် မြ၀တီမြို့အပါအ၀င် မြို့နယ် ၄ ခုနှင့် ကျေးနယ် ၅၀ ခန့် အခက်အခဲဖြစ်နေ
August 26, 2022
မြ၀တီ-ကော့ကရိတ် လမ်းပိုင်းဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၀ ရက်က တိုက်ပွဲဖြစ်စဉ်အတွင်း ကော့နွဲရွာနှင့် အံကလော်ရွာ အကြားနေရာရှိ မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေခြင်းကြောင့် မြ၀တီမြို့အပါအ၀င် မြို့နယ် ၃ ခုနှင့် ကျေးရွာ ၅၀ ခန့် လျှပ်စစ်မီး ပြတ်တောက်မှုအခက်အခဲ များကြုံတွေ့နေကြရကြောင်း သိရသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း မော်လမြိုင်-မြ၀တီ၂၃၀ ကေဗွီ မဟာ ဓါတ်အားလိုင်း ဓါတ်တိုင် ၂ ခု ပျက်စီးသွားခဲ့သည့် အခြေအနေကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေသည်မှာ တစ်ပတ် ကျော်ကြာမြင့်လာချိန်တွင် မြ၀တီမြို့နယ်အပါအ၀င် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ် ၃ ခုနှင့် ကျေးရွာ ၅၀ ခန့် လျှပ်စစ်မီးပြတ်တောက်မှုအခက်အခဲ များကြုံတွေ့နေကြရခြင်းဖြစ်သည်။ မြ၀တီမြို့ခံတစ်ဦးက “မြန်မာမီးကတော့ လကုန်ရက် တောင် ပြန်ပြင်လို့ ရပြီးမီးလာဖို့ မလွယ်ဘူးလို့ ပြောနေကြတယ်။ တောင်ကြောပေါ်က ဓါတ်တိုင်ကြီးတွေကို မြ၀တီလျှပ်စစ် အဖွဲ့တွေ သွားမပြင်ရဲကြဘူး၊ ပြင်မယ့်ပစ္စည်းတွေက ကားလမ်းမ ဘေးမှာ ပို့ပုံထားပြီ၊ ပြင်မယ့်လူတွေ အပစ်ခံရမှာ၊ တိုက်ပွဲဖြစ်မှာ ကြောက်ရတော့ မီးပြန်လာဖို့က မသေချာဘူး၊ အခုက မြ၀တီမှာ ထိုင်းမီးလိုင်း ရှိနေသေးတဲ့နေရာတွေက အဆင်ပြေတယ်၊ မြန်မာမီးလိုင်း ချိတ်ထားတဲ့သူတွေ ရေသုံးဖို့၊ မီးသုံးဖို့၊ ဖုန်းအားသွင်းဖို့ ခက်နေတယ်၊ ကော့ကရိတ်ဘက်၊ ကျုံဒိုးဘက်၊ ကြာအင်း ဆိပ်ကြီးဘက် နဲ့ ရွာတွေဘက်ဆို ပိုဆိုးမယ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အကုန်ဘာမှသုံးမရ ဖြစ်နေကြရတယ်”ဟု သည်။
အဆိုပါ လျှပ်စစ်ဓါတ်အားလိုင်းတိုင်များ ပျက်စီးနေမှုအား စစ်ကောင်စီ လက်အောက်ခံ မြ၀တီလျှပ်စစ်ဌာန မှ ပြင်ဆင် ရန် လုပ်ဆောင်နေသော်လည်း နယ်မြေရှင်းလင်းသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်များ စစ်ရေးတင်မာနေဆဲ အခြေအနေကြောင့် ပြင်ဆင်လုပ်ဆောင် နိုင်ရေး အခက်တွေ့နေရကြခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်း ထိခိုက်ပျက်စီးသည့် လျှပ်စစ်ဓါတ်အား တိုင်ကြီးများမှာ ကော့ကရိတ်ကော့နွဲရွာ အတွင်းဘက် နှင့် အံကလော်ရွာ လမ်းပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုများရှိလာပါက လျှပ်စစ်၀န်ထမ်းများအတွက် အသက်အန္တရာယ် ကြုံတွေ့ ရနိုင်သည့်အကြားမှပင် ပြင်ဆင် နိုင်ရန် ဆောင်ရွက်နေကြောင်း မြ၀တီလျှပ်စစ်ဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ပြောစကားအရ သိရသည်။ “အခုက မီးပျက်တော့ ဖုန်းကအားသွင်းဖို့ အဓိကဖြစ်လာတော့ မီးစက်ရှိတဲ့ သူက ဖုန်းအားသွင်းတာ။ ပါဝါဘဏ့်အားသွင်းတာ၊ ဓါတ်မီး အိမ်တွေ အားသွင်းတာ အလုပ်ဖြစ်နေကြတယ်၊ တချို့ နေရာတွေက အခမဲ့သွင်းပေးတယ်။ မီးက ပြင်နေလား၊ ဘယ်တော့ မီးပြန် လာမလဲဆိုတာ သတင်းက အမျိုးမျိုး ထွက်နေတယ်ဆိုတော့ ဘယ်တော့မီး ပြန်လာမလဲ မသေချာသေးဘူး။ အခုက ဖုန်းတစ်လုံး ၅၀၀ ရာကျပ် ၊ ပါဝါဘဏ့် ၁ ထောင်၊ ၂ ထောင်ပေါ့ အားသွင်း ဆိုင်တွေ အလုပ်ဖြစ်နေတယ်”ဟု ထိုမြ၀တီမြို့ခံက ဆက်ပြော သည်။ ကော့ကရိတ် ဒေသခံများ ပြောဆိုချက်အရ တိုက်ပွဲ ဖြစ်နေရာဘက်သို့ ကော့ကရိတ်မြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင် တပ်ရင်း (ခလရ ၉၇) တပ်မှ လက်နက်ကြီး ပစ်ခတ်မှုမှ ဓါတ်အားတိုင်များအား လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ https://kicnews.org/2022/08/%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c% e1%80%99%e1
၂၂။ နမ့်စန်မှာ မဟာဂျာပြည်သူ့စစ် ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်
August 25, 2022
ရှမ်းတောင် နမ့်စန်မြို့နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ မဟာဂျာပြည်သူ့စစ်က ပြီးခဲ့တဲ့ မေလကနေ ဒီနေ့ အထိ လောင်းကစားဝိုင်း ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။ လောင်းကစားဝိုင်းကို နမ့်စန်မြို့အထွက် သစ်ကွင်းသွားတဲ့ လမ်းဘက် မှာ ဖွင့်လှစ်ထားတယ်လို့ နမ့်စန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ “လောင်းကစားဝိုင်းဖွင့်တာ ၄ လလောက်ရှိပြီ။ မိုးရွာတဲ့ ညဆို လူမစည်ဘူး။ တခါတလေမှ လူစည်တော့တာ။ စစ်တပ် အာဏာသိမ်းပြီးကတည်းက ပွဲက ဒီမှာဆက်တိုက်ပဲ။ လောင်း ကစားကြောင့် ရန်ဖြစ်တဲ့ မိသားစုတွေလည်း တွေ့နေရတယ်” လောင်းကစားဝိုင်းဟာ လူငယ်ပိုင်းတွေရဲ့ဘဝကို ဖျက်ဆီးနေပြီး တော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း ပိုမိုများပြားလာတယ်လို့ ၎င်းက ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် နမ့်စန်မြို့နယ်ထဲက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို တစ်လကနေ သုံးလ ကြာ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း နမ့်စန် ရှုခင်းသာဘက်မှာ လောင်း ကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး နာမည်ကြီးအဆိုတော် နီနီခင်ဇော်တို့ လာရောက်ဖျော်ဖြေခဲ့ဖူးပါတယ်။
၂၃။ ရခိုင်တွင် စစ်တပ်ကဖမ်းဆီးပြီး မိသားစုနှင့် လုံးဝအဆက်သွယ်မရသေးသူ ၁၀ ဦးထက်မနည်းရှိ
August 25, 2022
ပြီးခဲ့သည့်ဇူလိုင်လအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၅၀ ကျော်ထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့သော် လည်း ကျန်ရှိသူများကို နိုင်ငံတော်ဆူပူလုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲခံထားရကာ ယနေ့အချိန်ထိ မိသားစု နှင့် လုံးဝအဆက်အသွယ်မရသေးသူ ၁၀ ဦးထက်မနည်းရှိနေသည်။ DMG က ပြုစုထားသည့်စားရင်းအရ မိသားစုနှင့်လုံဝ အဆက်အသွယ်မရသေးသူများမှာ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်မှ ဒေသခံ ၁၀ ဦးထက်မနည်းရှိနေပြီး လက်ရှိ တစ်လကျော်ကြာသည့်တိုင် မြန်မာစစ်တပ်က လုံးဝတွေ့ခွင့်မပေးခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။ ဇူလိုင်လ ၁၉ ရက်နေ့က ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ကိုကျော်ဟိန်းဆိုသူမှာ မဟာကံကြီးရှင် စစ်ဘေး ရှောင်စခန်းမှ လူနာတစ်ဦးအား ဆေးကုသ၍ပြန်လာစဉ် လမ်းတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးပေ။ အလားတူ ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့က နှစ်ဘီး ဆိုင်ကယ်(ကယ်ရီ)မောင်းနေသည့် သရက်တပင်ကျေးရွမှ ဦးမောင်စောသာမှာ ခရီးသည်နှစ်ဦးကို မဟာမြတ်မုနိဘုရားသို့ သွား ပို့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အချိန်တစ်လနီးပါးကြာမြင့်လာသော်လည်း ယနေ့ထိ အဆက်အသွယ်မရသေးကြောင်း ဇနီး ဖြစ်သူ ဒေါ်မအေးခင် က DMG သို့ပြောသည်။ “ဒီနေ့အထိ အဆက်အသွယ်မရသေးပါဘူး။ ကျောက်တော်တပ်နယ်မှာ ရှိတယ်လို့ ပြောသံ ကြားတယ်။ ဒါပေမယ့် ကျွန်မ မသွားရဲဘူး။ ဖမ်းမှာကိုကြောက်တယ်။ ရွာကအုပ်ချုပ်ရေးမှူးကိုပြောတော့လည် တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ သေသွားပြီးလို့လည်း ကောလာဟလသတင်းတွေလည်း ကြားနေရတယ်။ဒါကြောင့် စိုးရိမ်မှုရှိတာပေါ့” ဟု ၎င်းကဆိုသည်။
အလားတူ ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်(၅၀ နှစ်)နှင့် ဦးမောင်ဆန်း (၄၀ နှစ်)တို့ကို မြန်မာစစ်တပ်က နေအိမ်မှဖမ်းဆီးသွားပြီး ယနေ့အချိန် အဆက်အသွယ်မရသေး၍ တစုံတစ်ရာဖြစ်နေမည်ကို စိုးရိမ် နေရကြောင်း ဦးမိုးသီးခိုင်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။ “ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူး။ ၅၅၀ တပ်ရင်းမှာလိုတော့ ပြောသံကြားတယ်။ ကျနော်တို့လည်းသွားမေးတော့ ဒီမှာမရှိဘူး။ ကျနော်တို့ဖမ်းတာလည်း မဟုတ်ဘူးလို့ ပြောတယ်။ ဖမ်းသွားတာ အခုဆိုရင်တစ်လကျော်ရှိပြီ။ လုံးဝအဆက်အသွယ်မရသေးဘူး”ဟု ၎င်းကဆိုသည်။ ဦးမိုးသီးခိုင်မှာ စံပြ ရပ်ကွက်တွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ၎င်းနှင့်အတူ စံပြရပ်ကွက်၊ လိပ်ကုန်းပြင် အုန်းတောပိုင်းမှ စားသောက်ဆိုင်ရောင်းနေသူ ဦးမောင်ဆန်းမှာလည်း အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။ ယင်းအပြင် ပြီးခဲသည့် ဇူလိုင် ၁၉ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ သား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ကိုထွန်းချေ၊ ကိုထွန်းကြိုင်နှင့် သာယာကုန်း (တောင်ပြို)ကျေးရွာတာဝန်ခံ ဦးဘသိန်းတို့ကိုဖြစ်ပြီး တစ်လကျော်ကြာမြင့်လာသော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း ဦးဘသိန်း ၏အစ်မဖြစ်သူ ဒေါ်မစိန်မြက DMG သို့ပြောသည်။ “မနေ့က မောင်တောကြိမ်ချောင်းဂိတ် နခခ(၇)မှာရှိတယ်ဆို ပြီးတော့ ပြောသံကြားလို့သွားကြည့်တယ်။ သူတို့ပြောတာကတော့ ရှိတယ်လို့ပြောတယ်။ ဒါပေမယ့်တွေ့ခွင့်မရဘူး။ တွေ့ခွင့်မရ တော့ ကျမတို့ကမယုံကြည်ဘူး။ ကျမတို့ အခုဆိုရင်သွားကြည့်တာ ၁၀ ခေါက်ထက်မနည်းတော့ဘူး။ ကျမမောင်နဲ့ တွေ့ခွင့်ရချင် တယ်”ဟု ၎င်းကဆိုသည်။
၂၄။ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တွင် ငွေစက္ကူအတု ပေါ်ပေါ်တင်တင်သုံးစွဲလာ
August 26, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ပူတာအိုမြို့တွေမှာ ငွေစက္ကူအတုတွေကို ပေါ်ပေါ်တင် သုံးစွဲလာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့မှာတော့ ငွေစက္ကူအတုကို ငွေစက္ကူအစစ်တွေကြားညှပ်ပြီး သုံးတာ တွေ၊ ငွေလွှဲတဲ့နေရာတွေမှာ အသုံးပြုလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ငွေစက္ကူအတုဟာ အစစ်နဲ့ နှိုင်းယှဉ်ရင် အရောင် အဆင်း၊ အသားကအစ သိသာနေပြီး မြစ်ကြီးနားမြို့မှာ အခုလို ပေါ်တင်အသုံးပြုလာတာဟာ ဥပဒေစိုးမိုးမှု အားနည်းလာတာ တွေကြောင့် ဖြစ်တယ်လို့ ငွေစက္ကူအတု ရခဲ့ဖူးတဲ့ မြစ်ကြီးဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “ငွေအတုကတော့ ပြန့်နှံ့ သွားတာပေါ့။ အတင့်ရဲလာတာပေါ့။ ဥပဒေစိုးမိုးမှု မရှိတဲ့အခါကျတော့ မလွယ်ဘူး။ ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ငွေအစစ်က ကိုင်တာနဲ့ကို သိတယ်။ ဟိုကောင်(ငွေအတု) က အရောင်ကအစ ရေစိုလည်း သိပ်မခံမယ့် ပုံစံမျိုးပဲ။ ကိုင်လိုက်တာနဲ့ ပါးပါး ချပ်ချပ်လေး သိသာတယ်။ တော်တော်ကို သိသာတယ် ငွေအတုက။ ထိန်းချုပ်မှုတွေ လိုနေတယ်”ဒေသခံက ပြောပါတယ်။
ဒါအပြင် ဩဂုတ်လ (၂၄) ရက်နေ့ကလည်း ပူတာအိုမြို့ မူလာရှီးဒီးက ဈေးဆိုင်တစ်ခုမှာ အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ဦးက ငွေစက္ကူအတု(၃)သိန်းလောက် ကိုင်ဆောင်ပြီး ဈေးလာဝယ်ချိန် ဖမ်းမိခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပြီး အဲဒီ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာလည်း ပျံနှံ့ခဲ့ပါတယ်။ “သူ့ငယ်ချင်းဆီမှာရောပါတယ်။ ဒါပေမယ့် လွတ်သွားတယ် ပြောတယ်။ သုံးခါလောက် လာဝယ်ပြီ ပြောတယ်။ သုံးခါမြောက် လာဝယ်တဲ့အချိန် မိတာ။ ရှေ့မှာက သူ့သူငယ်ချင်းနဲ့ အတူတူ သွားလာနေကြနေမှာ” လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီလူငယ်ဟာ ဧရာဝတီတိုင်းဘက်က ဖြစ်ပြီး ငွေစက္ကူအတု ကိုင်ဆောင် အသုံးပြု တာ ကြောင့် ရဲလက်ဆီ အပ်လိုက်ပြီလို့လည်း ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီလိုတရားမဝင် ငွေစက္ကူ ရောင်းဝယ် သုံးစွဲတာတွေဟာ အွန်လိုင်းမှာသာမက လူထုကြားမှာလည်း ပျံ့နှံ့လာတာကို တွေ့ရပါတယ်။
၂၅။ ရွေးကောက်ပွဲ မဲစားရင်းအတွက် ရပ်စောက်မြို့နယ် အသက်မပြည့်ကလေး စာရင်းတွေပါကောက်နေ
August 25, 2022
အာဏာသိမ်းစစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ အသက်မပြည့်သေးသည့်ကလေးငယ်များ၏အမည်စာရင်းကို ကောက်ယူနေကြောင်းစုံစမ်းသိရသည်။ ယခုလ(သြဂုတ်) တတိယ ပတ်မှစတင်ကာ ရပ်စောက်မြို့နယ် တပ်ဦးရွာအတွင်းရှိအိမ်ခြေများကို အလှည့်ကျဖြင့် နေ့စဥ် အိမ်ထောင်စုဦးရေ စားရင်း ကောက်ယူနေရာ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကိုလည်း စစ်ကောင်စီ အုပ်စုက ကောက်ယူနေ ကြောင်း ဒေသခံ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ရွာထဲကို စစ်ကောင်စီတပ်သား နှစ်/ သုံး ယောက်နဲ့ စာရေးနဲ့ ပြီးတော့ ရွာအုပ်ချုပ်ရေးမှူးနဲ့ တစ်အိမ် တက် တစ်အိမ်ဆင်း အိမ်ထောင်စုဦးရေ စာရင်းတောင်းတယ်၊ နောက်ရွေးကောက်ပွဲအတွက် ကောက်တာတဲ့၊ တချို့အိမ်က ကလေးငယ်နာမည် ပါကောက်တော့ ပုံမှန်ဟုတ်လို့လားပေါ့၊ ဘယ်လိုမဲပေးရမလဲမေးတော့ သူတို့ပဲ လုပ်ပေးမယ်ပြောတယ်” ဟု ၎င်းက ပြောပြသည်။
ယင်းကဲ့သို့ မဲစာရင်းအတွက် အမည်စာရင်းများကောက်ယူရာတွင် ၎င်းတို့ပါလာသည့် ဇယားကွက်များအတွင်းရေးမှတ် ဖြည့်ရပြီး မိသားစုဝင်နည်းသည့် အိမ်ထောင်စုများတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်၏ အမည်စာရင်းများလည်း ကောက် ယူသွားကြောင်းဒေသခံများက ပြောသည်။ ထို့အပြင် မဲပေးရန်အတွက် အမည်စာရင်းကောက်ယူခြင်းဟု ၎င်းတို့မှ ပြောဆိုသွား သည့်အတွက် ဒေသခံပြည်သူများသည် ၎င်းတို့အမည်စာရင်းများကို တလွဲသုံးစားပြုလုပ်မှာကိုလည်း စိုးရိမ်ကြောင်း ရပ်စောက် ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသား ကပြောသည်။ “အခုလို စာရင်းလာကောက်တာဟာ ကျနော်တို့ သဘောဆန္ဒနဲ့ မဟုတ် ဘဲ သူတို့မဲစာရင်း အရေအတွက်များဖို့၊ ကျနော်တို့စာရင်းတွေ အလွဲသုံးစား လုပ်ခံရမှာ တွေးပူမိတာပေါ့” ဟု အထက်ပါ လူငယ် က ဆက်ပြောသည်။ လက်ရှိတွင် တပ်ဦးကျေးရွာအတွင်းရှိ အိမ်ခြေ ၄၀ နီးပါးခန့်သည် အမည်စာရင်း ကောက်ယူပြီးစီးနေ ကြောင်းနှင့် တချို့သောရွာသားများလည်း စာရင်းမသွင်းကြောင်း သတင်းသိရသည်။ https://burmese.shannews.org/arc hives/29941
၂၆။ တနင်္သာရီတိုင်းမှာ မစိုက်နိုင်လို့ စွန့်ပစ်ထားတဲ့ လယ်တွေများလာ
August 26, 2022
ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာတာနဲ့ လယ်လုပ်တဲ့သူတွေ နည်းပါးလာတာတွေကြောင့် မစိုက်နိုင်ပဲ စွန့်ပစ်ထား တဲ့ လယ်တွေများလာတယ်လို့ တနင်္သာရီတိုင်းထဲက လယ်စိုက်တောင်သူတွေကပြောပါတယ်။ လယ်စိုက်ပျိုးသူတွေ မရှိမဖြစ်လို အပ်တဲ့ ဓာတ်မြေဩဇာနဲ့ စက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်တို့ရဲ့ ကုန်စျေးနှုန်းဟာ အဆမတန်မြင့် တက်လာ နေသလို၊ လယ်စိုက်ပျိုးတဲ့သူအများစုဟာ နိုင်ငံရေးအခြေအနေမတည်ငြိမ်တာကြောင့် ဝမ်းရေးအတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်သူများလာတာ စတဲ့အကြောင်းအရင်းတွေကြောင့် လယ်တွေကို စွန့်ပစ်သူများပြားလာတာလို့ လယ်လုပ်ငန်းရှင် တွေက ရှင်းပြပါတယ်။ ” ထွက်နှုန်းကလည်းနည်း၊ မြေဩဇာဈေးကလည်းကြီး၊ ဆီဈေးကလည်းကြီး၊ လုပ်တဲ့သူကလည်းမရှိ တော့ မလုပ်ကြတော့ဘဲ လယ်ကို ပစ်လိုက်ကြတာပေါ့ ” လို့ လယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ရေဖြူမြို့နယ်ထဲက ခမောင်းတောင်၊ နခံတော၊ တောင်မင်းပြောင်၊ ထိန်တွင်းအနောက်ဘက်ကမ်း၊ ထိန်တွင်းအရှေ့ဘက်ကမ်း ဆိုတဲ့ ရွာငါးရွာ ဘက်မှာ လယ်ဧက ထောင်နဲ့ချီရှိပေမဲ့ ဒီနှစ်ထဲမှာ လယ်ထွန်စက်၊ စပါးရိတ်စက် မငှားနိုင်တော့တာရယ်၊ လယ်လုပ်တဲ့သူငှား လို့မရတဲ့ အခက်ခဲတွေကြောင့် စွန့်ပစ်ခံထားရတဲ့ လယ်ဧကဟာ ရာနဲ့ချီပြီး ရှိတယ်လို့ လယ်ပိုင်ရှင်တွေကဆိုပါတယ်။
လယ်စိုက်သူတွေ အခက်တွေ့နေသလို လယ်လုပ်ငန်းမှာ ထွန်၊ ရိတ်စက်တွေကို ဌားရမ်းလုပ်ကိုင်နေသူတွေလည်း အခက်အခဲကနေ ပြေးမလွတ်ပါဘူး။ ထွန်ယက်၊ ရိတ်သိမ်းစက်ငှါးရမ်းလုပ်ကိုင်သူတစ်ဦးကတော့ “ကျွန်တော်တို့အခက်အခဲက စက်ပစ္စည်းတွေကို ဒေါ်လာဈေးအတက်အကျနဲ့ချိန်ပြီး ဝယ်နေရတော့ ခက်ခဲတွေရှိတယ်။ ဒီနှစ်ဆို ရိတ်လို့မနိုင်လောက်တော့ ဘူး။ စက်တွေ၊ ဆီဈေးတွေ၊ စပယ်ယာတွေက ဈေးကြီးလာလို့ ” ဆိုပြီးသူ့ရဲ့ အခက်အခဲကို ပြောပါတယ်။ စစ်အာဏာမသိမ်း ခင်က ဓာတ်မြေသြဇာ တစ်အိတ်ကို ပျမ်းမျှ ငွေကျပ်သုံးသောင်းဝန်းကျင်သာရှိပေမဲ့ အခုလက်ရှိမှာ ငွေကျပ်တစ်သိန်းနဲ့ အထက် ပေးဝယ်နေရပါတယ်။ သြဂုတ်လ ၄ ရက်နေ့အထိ ၂,၀၅၀ ကျပ် ဝန်းကျင်သာရှိခဲ့တဲ့ ဒီဇယ်တစ်လီတာရဲ့စျေးဟာ အခုဆို ကျပ် ၃၀၀၀ ကျော် သွားပါပြီ။ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြချက်အရတော့ ထားဝယ်ခရိုင်မှာ ၂၀၂၀-၂၀၂၁ ခုနှစ်က မိုးစပါး (၂၂၃၈၂၉) ဧကစိုက်ပျိုးခဲ့ပြီး ရိတ်ဧက (၂၁၇၄၇၇) ဧက ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ ဒသမ ဝ၁ တင်းနဲ့ စုစုပေါင်း (၁,၅၂၂,၅၆၉၀) တင်း ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၇။ ရိုဟင်ဂျာနှစ်ပတ်လည်ထုတ်ပြန်ချက်တွေကို စစ်ကောင်စီကန့်ကွက်
August 26, 2022
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ပြုလုပ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တချို့က နှစ်ပတ်လည် ကြေညာချက်တွေ ထုတ်ပြန်ခဲ့တဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်စာထုတ်လိုက်ပါတယ်။ ကြေညာချက်တွေမှာ ပါတဲ့အချက်အလက်တွေဟာ မှန်ကန်မှု မရှိဘဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာလို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ဖြစ်ရပ်ဟာ ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်း ဌာနချုပ်တစ်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာက စတင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်တဲ့အရေးယူ တုံ့ပြန်မှုတွေကို ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ခွာခဲ့သူတွေကို နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ စနစ်တကျ စိစစ်လက်ခံရေးကို နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ အသုံးအနှုန်းကို ဆက်လက်ကန့်ကွက်ပြီး ဒီလိုသုံးတာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ သုံးတာလို့ ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ကတိုက်ခိုက်မှု ငါးနှစ်ပြည့်အဖြစ် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကို ယ်စားလှယ်နဲ့ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့ က ပူးတွဲကြေညာချက်ထုတ်ခဲ့ကြတာပါ။ အဲ့ဒီထုတ်ပြန်ချက်ထဲ ၂၀၁၇ခုနှစ်က ကျူးလွန်ခဲ့သူတွေကပဲ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူတွေဖြစ်ပြီး မျက်မှောက်ကာလမှာလည်း ကြမ်းကြုတ်ရက်စက်မှုတွေကိုဆက်လက် ကျူးလွန် လျက်ရှိသလို ဆယ်စုနှစ်များစွာမှာလည်း အလားတူကျူးလွန်ခဲ့ကြပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံ ကလည်း မြန်မာစစ်တပ်အပြင် စစ်တပ်နဲ့ဆက်နွှယ်နေတဲ့လုပ်ငန်းစုကြီး ၃ ခုကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တယ် ဆိုပြီး ရိုဟင်ဂျာအကျပ်အတည်း ၅ နှစ်ပြည့်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၈။ မောင်တောခရိုင်တွင် လိုင်စင်မဲ့ကားများကို စစ်ကောင်စီဖမ်းဆီး
26 August, 2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက် မနက်ကစပြီး မောင်တောမြို့ဝင်ဂိတ်နဲ့ ဘူးသီးတောင်မြို့ဝင်ဂိတ်တွေမှာ စစ်ဆေး ဖမ်းဆီးနေတယ်လို့ ခရိုင်ရဲတာဝန်ရှိသူတွေက ပြောပါတယ်။ “ဗျူဟာက ဦးစီးပြီး အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးနေတာ။ အဓိကတော့ ဒေသလုံခြုံရေးအတွက်လို့ သိရတယ်။” လိုင်စင်မဲ့ကားတွေကို နယ်မြေခံရဲတပ်ဖွဲ့၊ စစ်တပ်၊ ထွေ/အုပ်၊ ကညန၊ ပို့/ဆက်၊ ယာဥ်ထိန်းရဲ စတဲ့ အဖွဲ့ပေါင်းစုံပူးပေါင်းပြီး စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ အရ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တိုက်ရိုက်အမှုဖွင့်လှစ်သွားမယ်လို့ ယာဥ်ထိန်းရဲတာဝန်ရှိသူတွေက ဆိုပါတယ်။
“ဖမ်းပြီး ချက်ချင်း တရားရုံးမှာ သွင်းကုန်/ထွက်ကုန် ဥပဒေပုဒ်မ ၈ နဲ့ တိုက်ရိုက်အမှုဖွင့်ပြီး အရေးယူသွားမှာ။” မောင်တောခရိုင်မှာလိုင်စင်မဲ့ ကားကြီး ကားငယ် အစီး ၅၀၀ လောက်သာ ရှိကြောင်း မော်တော်ယာဥ်အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။ မောင်တောခရိုင်မှာ လိုင်စင်မဲ့ကားတွေကို သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ စစ်ဆေးဖမ်းဆီးသွား မယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ http://burmese.dvb.no/archives/550842
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။