သတင်း

ဒီးမော့ဆိုမြို့နယ် ကုန်းသာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ဓာတ်ပုံ – KRU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU တို့ကြား ဩဂုတ် ၁၇ ရက်နေ့ ညနေက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ KRU က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ ကုန်းသာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU က သွားရောက် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ညနေ ၄ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ ၂ နာရီကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာပါ။

“စစ်ကောင်စီတပ်က ဒီကုန်းသာကျေးရွာဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းအတိအကျ ရတယ်ပေါ့နော်၊ ကုန်းကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေအစုံ သုံးလာမယ့် အနေအထားလို့ ကြားရတယ်။ ဒါကြောင့် သူတို့ထက် လက်ဦးမှုယူပြီးတော့ ကျနော်တို့ ကရင်နီ တပ်ပေါင်းစု KRU အဖွဲ့တွေက စစ်ကောင်စီတပ် အထိုင်စခန်းချထားတဲ့ နေရာကို သွားတိုက်ခဲ့တာ၊ သူတို့ဘက်က ၆ ယောက် သေတယ်”လို့ KRU ပြန်ကြားရေး တာဝန်ခံက ဖက်ဒရယ် ဂျာနယ် မြန်မာကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်လာနိုင်တာကြောင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU က ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူ ၇ ဦးထက်မနည်း ထိခိုက်မှုတွေ ရှိခဲ့တဲ့အပြင် နေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button