တိုင်းရင်းသားများသတင်း

KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် ၃ သိန်းခွဲကျော်ထိ ရှိလာ

ဓာတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ရှောင်ဒုက္ခသည် ၃ သိန်းခွဲကျော်ထိ ရှိလာတယ်လို့ KNU ဗဟိုက သြဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU က ကောက်ယူထားတဲ့ စာရင်းတွေအရ သထုံခရိုင်မှာ ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်မှာ ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်မှာ ၆၁၈၉၈ ဦး၊ ဘိတ်−ထာဝယ်ခရိုင်မှာ ၆၀၀၀ ဦး၊ မူတြော်ခရိုင်မှာ ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်မှာ ၉၀၂၉၁ ဦး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၅၆၆၇၄ ဦး ထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်တွေကို ကရင်အမျိုးသားအစည်းအရုံးနဲ့ လက်အောက်ခံ တပ်တွေက သက်ဆိုင်ရာ အခန်းကဏ္ဍတွေအလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လက်အောက်ခံတပ်ဖွဲ့တွေ ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေကို နေ့စဉ်ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျစရိတ်တွေနဲ့ စစ်ရေးလိုအပ်ချက်တွေကို စီစဉ်ဆောင်ရွက်နေရတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံးလွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေးတိုက်ပွဲ စစ်ရေး တိုက်ပွဲတွေကို ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့အချိန်ကစပြီး ဒီကနေ့အချိန်ထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button