(No. 59, August 12, 2022)
၁။ ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌ ပစ်ခတ်လုပ်ကြံခံရသောကြောင့် သေဆုံး
August 11, 2022
ကယန်းစာပေနဲ့ယဉ်ကျေးမှုကော်မတီရဲ့ ဥက္ကဋ္ဌ ခွန်းဖရန်စစ္စကို ကို အရပ်ဝတ်အမျိုးသား ၂ ဦးက ပစ်ခတ်လုပ်ကြံတာ ကြောင့် ယနေ့(ဩဂုတ် ၁၁ ရက်)မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ နံနက် ၁၀:၀၀ အချိန်ခန့်က ခွန်းဖရစစ္စကို ဟာ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ၎င်းရဲ့ တောင်ယာခင်းကို သွားရောက်စဉ် လမ်းမှာ ဆိုင်ကယ်စီးလာတဲ့ အရပ်ဝတ်အမျိုးသား ၂ ဦး က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီထံက သိရပါတယ်။ “ခုတော့ သူ့ရဲ့နာရေးကိစ္စတွေ စီစဉ်နေကြတာပါ။ သူဟာ လူချစ်လူခင် ပေါတဲ့သူပါ။ ဒီနယ်မှာ သူ့ကိုဆို မသိတဲ့သူ မရှိဘူး။ အကုန်လုံးနဲ့လည်း အဆင်ပြေ တယ်။ သူဒီလိုဖြစ်လိမ့်မယ်လို့ တခါမှ မထင်ခဲ့ဘူး။ သူကိုယ်တိုင်လည်း ဒီလိုလုပ်ခံရလိမ့်မယ်ထင်မှာမဟုတ်ဘူး။ သူ့ကို လုပ်ကြံ တာဟာ နိုင်ငံရေးယုံကြည်ချက် ကွဲပြားမှုတွေကြောင့်ပဲလားလို့ထင်ပါတယ်။ ဘယ်သူတွေလဲဆိုတာ မသိရသေးတော့ ဘာ ကြောင့် လုပ်ကြံတာလဲလည်း မတိအကျ မပြောနိုင်သေးဘူးပေါ့” လို့ ကော်မတီရဲ့ တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။
လုပ်ကြံခံရတဲ့ ခွန်းဖရစစ္စကိုဟာ ၂၀၁၀ ခုနစ်က ကြံခိုင်ရေးပါတီဝင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း ကြံခိုင်ရေးပါတီကနေ ဝင်ရောက် ရွေးချယ်ခံခဲ့ပေမဲ့ အဆိုပါ ရွေး ကောက်ပွဲတွေမှာ အနိုင်မရခဲ့ပါဘူး။ ၂၀၁၈ ခုနစ်က စတင်ပြီး ကယန်းစာပေနဲ့ယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန် ကိုယူခဲ့သူတဦး ဖြစ်ပါတယ်။ ခွန်းဖရစစ္စကိုဟာ လုပ်ကြံခံရချိန်မှာ အသက် ၅၉ နှစ် ရှိပြီဖြစ်ပြီး ယမန်နေ့(ဩဂုတ် ၁၁ ရက်) ဟာ သူ့ရဲ့မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ခွန်းဖရန်စစ္စကို လုပ်ကြံခံရတဲ့အပေါ် တုန်လှုပ်ကြေကွဲရ ကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ နိုင်ငံရေးအရှုပ်အရှင်းကာလမှာ အခုလို လုပ်ကြံတာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်တဲ့အပြင် ကယန်းစာပေနဲ့ယဉ်ကျေးမှု၊ ကယန်းလူမျိုးတို့အတွက် ထိခိုက်နစ်နာမှုဖြစ်တာကြောင်း လုပ်ကြံ မှုကို ရှုံ့ချကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။
၂။ ရခိုင်တွင် ရက္ခိုင့်တပ်တော် AA မှလွဲ၍ တစ်ခြားတော်လှန်ရေးတပ်များ မလိုအပ်ဟု AA ပြော
August 11, 2022
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်မှ လွှဲ၍ တစ်ခြား တော်လှန်ရေးတပ်များ မလိုအပ်ဟု ULA/AA မှ ယနေ့သြဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ယခင်က ရခိုင်ဒေသအတွက် ကိုယ်စားပြု တော်လှန် ရေးအင်အားစုများကို စုစည်းရန်ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေမှုတို့ရှိခဲ့သည်ဟု AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်တွေအများကြီးမလိုအပ်ပါဘူး။ ရခိုင် တစ်မျိုး သားလုံးက ထောက်ခံတဲ့ ရက္ခိုင့်တပ်တော်ရှိရင်ရပါပြီ။ ဒါကြောင့်လည်း ကျနော်တို့ဖက်က ၂၀၀၉ ကနေစလို့ ၂၀၁၅ အထိ စုစည်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့အဆင်မပြေခဲ့ပါဘူး” ဟုပြောသည်။
ရခိုင်ပြည်တပ်မတော်ဖြစ်သည့် ANC/AA အား ULA/AA နှင့်ပူးပေါင်းရန်ရှိမရှိ Western News မှ မေးမြန်းခဲ့စဥ်ကလည်း AA ဖက်မှသဘောထားမှာ တပ်ဖျက်ပြီးပေါင်းစည်းရန်ဖြစ်ပြီး နှစ်ဖက်ဆွေးနွေးညှိနှိုင်းကာပေါင်းစည်းရန် သဘောထားမရှိခဲ့ သည့်အတွက် အဆင်အပြေခဲ့ကြောင်း ANC/AA မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြန်လည်ပြောဆိုမှုရှိခဲ့သည်။ လတ်တ လောတွင်မှု AA ဖက်မှ ALP တပ်ဖွဲ့ဝင်အချို့အားဖမ်းဆီးမှုတို့ရှိထားပြီး ထိုသို့ပြုလုပ်ရခြင်းမှာလည်း စစ်ကောင်စီနှင့်ပူးပေါင်းကာ လမ်းကြောင်းပြပေးခြင်း ရခိုင်ပြည်သူတို့၏ လုံခြုံရေးထိခိုက်အောင်လုပ်ဆောင်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ခိုင်သုခ မှဆက် ပြောသည်။ “ALP တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတယ်ဆိုတာက သူတို့တွေဟာ မြန်မာစစ်တပ်နဲ့ပေါင်းပြီး ရခိုင်ပြည်သူ လူထုကို မလုံခြုံအောင်လုပ်တာတွေရှိတယ်။ ပလက်ဝဖက်မှာဆိုရင်လည်း ALP တပ်ဖွဲ့ဝင်တွေကပဲ လမ်းပြအဖြစ်ဦးဆောင်ပြီး မြန်မာစစ်တပ်ကိုခေါ်လာတာတွေရှိပါတယ်။ အဲ့ဒါကြောင့်ကျနော်တို့ဖက်က ဖမ်းဆီးရတာပါ။ စစ်ဆေးပြီးရင်လည်း ပြန်လွှတ်ပေးတာ တွေလည်းရှိပါတယ်” ဟုပြောသည်။ ရခိုင်တွင် ရခိုင်ဒေသကိုယ်စားပြုတော်လှန်ရေးတပ်များအနေဖြင့် ALP/ ANC/AA၊ ULA/AA တို့ရှိနေပြီး နိုင်ငံရေးအားအာစုများအနေဖြင့် ပြည်နယ်တွင်း ပါတီအများအပြားလည်း ရှိနေသေးသည်။
၃။ ဖားကန့်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို KIA မီးရှို့ဖျက်ဆီးခဲ့
August 11, 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ပြည်သူ့စစ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစခန်းနှစ်ခုထဲက ပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို အတည် ပြုပြောပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့စစ်စခန်းဟာ စစ်ကောင်စီလက်ဝယ်ခံ ဦးမင်းဇင်သန့် ဦးဆောင်တဲ့ စံပြပြည်သူ့စစ် စခန်းဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရှဒူးဇွပ်ဒေသမှာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါ တယ်။ “စံပြစခန်းတော့ ပစ်လိုက်နိုင်တယ်လို့ပြောတယ် နေရာတွေလည်းမီးရှို့လိုက်တယ်လို့ ပြောလာတယ်။ အခြားတစ်နေရာ မှာက ပစ်တာပေါ့။ အခြားသတင်း အတိအကျတော့ မရောက်လာသေးဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA မီးရှို့ဖျက်ဆီးလိုက်တဲ့ ပြည်သူ့စစ်စခန်းဟာ အဲဒီဒေသနေ ပြည်သူတွေဆီကနေ အခွန်အခ မတန်တဆ ကောက်ခံ တဲ့အပြင်၊ အစစ် အဆေးကြမ်းတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန် ရှဒူးဇွပ်ကျေးရွာ အခြေချထားတဲ့ စစ်ကောင်စီတပ် ခလရ(၂၉၇)ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အဲဒီ ဒေသခံကပြောပါတယ်။ “ ၃ နာရီလောက်ကနေ စပစ်တာ ၆ လောက်ရီလောက်တော့ ကေအိုင်အေတွေပြန်သွားပြီ။ KIA ဘက် က အင်အား ၁၀၀ ကျော်လောက်လာပစ်တာ။ လက်နက်ကြီးတွေလည်းပစ်ကြတော့ ကျနော်တို့ရွာက ကျောင်းမှာလည်း ထိ တယ် ဒီနေ့ကျောင်းတောင် မဖွင့်ပဲပိတ်ထားတယ်”အခုမနက်တိုက်ပွဲမှာ KIA ဘက်က တစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့သလို ပြည်သူ့စစ်တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ကလည်း KIA တပ်ရင်း ၁၄ နယ်မြေ ချောင်းဆုံရွှေမှော်အနီးရှိ KIA တပ်စခန်းကို ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာကြောင့် KIA စစ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
၄။ ချင်းလက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီ ၆ လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော် သေဆုံးပြီး ချင်းတပ်ဖွဲ့မှ ၅၀ ကျော်ကျဆုံးခဲ့ဟု CJDC အသိပေး
August 11, 2022
ချင်းပူးတွဲကာကွယ်ရေးတပ် (CJDC) အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ၆လအတွင်း တိုက်ပွဲပေါင်း၂၂၀ ဖြစ်ခဲ့ကြောင်း ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDC က ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉၂၇ ဦး သေဆုံးခဲ့ပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များမှ ၅၃ ဦး ကျဆုံး ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ် ရေးတပ် (CNDF) တို့ပါဝင် ဖွဲ့စည်းထားသည့် CJDC က အသိပေးထသည်။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ချင်းပြည်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာလျက်ရှိရာ CJDC အဖွဲ့ဝင် အသီးသီး ပူးပေါင်း၍ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စုစုပေါင်းတိုက်ပွဲ ၂၂၀ ကြိမ်ရှိခဲ့ပြီး တွန်းဇံမြို့ နယ်တွင် ၂ ကြိမ်၊ ပလက်၀မြို့နယ်တွင် ၇ ကြိမ်၊ ထန်တလန်မြို့နယ်တွင် ၉ ကြိမ်၊ တီးတိန်မြို့နယ်တွင် ၁၃ ကြိမ်၊ မတူပီမြို့နယ် တွင် ၁၈ ကြိမ်၊ KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဒေသ၌ ၂၃ ကြိမ်၊ ကန်ပက်လက်မြို့နယ်တွင် ၂၄ ကြိမ်၊ မင်းတပ် မြို့နယ်တွင် ၃၅ ကြိမ်၊ ဖလမ်းမြို့နယ်တွင် ၄၄ ကြိမ်၊ ဟားခါးမြို့နယ်တွင် ၄၅ ကြိမ်တို့ဖြစ်သည်။ ဒေသအလိုက်ဖွဲ့စည်းထားသည့်ကာကွယ် ရေးတပ်များ၏ လှုပ်ရှားမှုများအားသက်ဆိုင်ရာမြို့နယ်များထည့်သွင်းထားခြင်းဖြစ်ပြီး ကလေး၊ ကဘော်၊ ဂန့်ဂေါ သည် ချင်းပြည်နယ် (၉) မြို့နယ်ထဲတွင် မပါဝင်သော်လည်း CJDC အဖွဲ့ဝင်ဖြစ်သောကြောင့်ဖော်ပြထားခြင်းဖြစ်သည်ဟုဆို သည်။
၅။ KNU တပ်မဟာ ၃ မုန်းမြို့နယ်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး၊ ရေဦးမြို့နယ် ကွမ်းအုံရွာ တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး
August 12, 2022
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်ရင်း ၈ ကြား ဩဂုတ်လ ၅ ရက်၊ ၆ ရက်နှင့် ၁၀ ရက်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း KNU က တရားဝင် သတင်း ထုတ်ပြန်သည်။ မုန်းမြို့နယ်၊ တယ်ပေါနှင့် ကရင်မြက်ရဲကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်ရင်း ၈ ကြား ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီနှင့် ၁၀ နာရီ ၁၀ မိနစ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း KNU က ထုတ်ပြန်သည်။ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တွင်လည်း ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာခံဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNLA ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ရေဦးမြို့နယ်၊ ကွမ်းအုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၇ နာရီ ၅၀ မိနစ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ အင်အား ၁၂၀ ခန့်ရှိသော အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့သည် ချမ်းသာရွာတွင် ညအိပ်ပြီးနောက် ကွမ်းအုံရွာဘက်သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကာ မိုင်းခွဲတိုက်ခိုက် ခံရမှုကြောင့် ၇ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်မုတ်ဆိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။
၆။ ဇိုတုန်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီလိုအပ်နေ
August 11, 2022
ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်မြေ ချင်း-မကွေးနယ်စပ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဇွန်လ ကတည်းက စစ်ကြောင်းထိုးလာကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် ထောင်နှင့်ချီသောဒေသခံပြည်သူများ သည် တောထဲသို့ ထွက်ပြေးစစ်ဘေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု ဇိုတုန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့က အရှေ့ဇိုတုန်ဖက် ဇွန်လ ပထမပတ်ကစပြီး တော့ မြန်မာ့တပ်မတော်က စစ်ကြောင်း နှစ်ခေါက်ထိုးပြီတော့ ပြည်သူတွေကလည်း များသောအားဖြင့် တောထဲမှာပဲ တိမ်း ရှောင်နေရကြရတယ်၊ သူတို့အတွက် ပထမဆုံးအခက်အခဲက စားရေးသောက်ရေးပဲ ရှိတာလေးနဲ့ ရွာနားနီးမှာ ဆိုင်ကယ်နဲ့ ဖြစ် ဖြစ် ခြေကျင်နဲ့ဖြစ်ဖြစ် သွားလို့ရတဲ့နေရာမှာ အကူအညီ တောင်းပြီး စုဆောင်းကြတာ၊ ဆေးဝါးကတော့ တော်တော်လေးခက်ခဲ တယ် မိုးရွာသီဆိုတော့ ဖျားတာ၊ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်တော့ ကျန်းမာရေးအခြေ အနေတော့ တော်တော်လေး ခက်ခဲတယ်။” ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီ ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဂန့်ဂေါမြို့နယ်မှ မတူပီမြို့နယ်ဖက်သို့ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် များပစ်ခတ်ကာ ရမ်းစီး၊ နာဘုန်း ကျေးရွာအတွင်းဝင်ရောက်ခဲ့သောကြောင့် ဒေသခံများ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရသည်။
အဆိုပါ စစ်ကြောင်းထိုးခြင်းကြောင့် ဂန့်ဂေါမြို့နှင့် မိုင်နှစ်ကျော် ကွာဝေးသော အန်းသားကျေးရွာ ရောင်နပ်ကျေးရွာ၊ မတူပီမြို့နယ် ဒါးလ်ကျုံးရွာ၊ ရမ်းစီးရွာ၊ နာဘုန်းစသည့် ရွာပေါင်း (၅)ရွာမှ လူဦးရေနှစ်ထောင်ကျော်တို့သည် တောထဲတွင်ထွက် ပြေးတိမ်းရှောင်ကြသည့်အပြင် ဂန့်ဂေါမြို့ဘက်တွင်လည်း သွားရောက်ခိုလုံသူများလည်းရှိသည်ဟု သိရသည်။ချင်း-မကွေး နယ် စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ကုန်ပိုင်းက ရမ်းစီးရွာသား အယောက် ၃၀ ခန့်ကိုလည်းဖမ်းဆီးခဲ့ပြီး ၎င်းတို့ကိုကယ်ထုတ်ရန်သွားသည့် CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ်နှင့် ရဲဘော်နှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ရမ်းစီးကျေးရွာ အတွင်းတပ်စွဲထားသည်ဟု သိရသည်။ မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲသည့်အတွက် အလှူရှင်များ သွားရောက်နိုင်ခြင်း မရှိခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ လိုအပ်သည့်စားနပ်ရိ က္ခာများနှင့် ဆေးဝါးများ ကူညီပံ့ပိုးပေးနိုင်ခြင်းမရှိနိုင်သေး ကြောင်း သိရသည်။
၇။ ALP ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရာဇဝတ်မှုကျုးလွန်မှု၍ ဖမ်းဆီးခြင်းဟု AA ပြော
August 11, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဖမ်းဆီးရ ခြင်းမှာ ALP ပါတီဝင်ဖြစ်နေသည့်အတွက် ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်း၏ ရခိုင်ပြည်သူလူထုအပေါ် ကျုးလွန်ထားသည့် ရာဇဝတ် မှုများကြောင့် ဖမ်းဆီးခြင်းဟု (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။ ခိုင်ပေါ်လင်း ၏ ကျုးလွန်ထားသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ပြည်သူများကတိုင်တန်းလာသည့်အတွက် ဖမ်းဆီးထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ယနေ့ (သြဂုတ် လ ၁၁ ရက်)တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ခိုင်ပေါ်လင်းကို ကျနော်တို့ဖမ်းတာက ALP အဖွဲ့ဝင်ဖြစ်လို့ ဖမ်းတယ်ဆိုတာထက် ရခိုင်ပြည်သူလူထု အပေါ်မှာ ကျုးလွန်ထားတဲ့ သူ့ရဲ့ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးရတာဖြစ်ပါတယ်။ ကျနော်တို့အမြင်က ခိုင်ပေါ်လင်းဟာ ရခိုင် ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တယ်။ သူဟာ တချို့ကိစ္စတွေ၊ တချို့ရာဇဝတ်ပြစ်မှုတွေမှာ ပါဝင်ပတ်သက်တာတွေ ရှိတယ်။ အဲဒီရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ပြည်သူတွေက တိုင်တန်းလာတာတွေကိုလည်း ကျနော်တို့ဆီမှာရှိတယ်။ အဲဒီအ တွက် ကျနော်တို့ဟာ ပြည်သူလူထုလုံခြုံရေးအတွက် လိုအပ်လို့ဖမ်းဆီးထိန်းသိမ်းထားရတာဖြစ်ပါတယ်”ဟု သူကဆိုသည်။
ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကျုးလွန်ထားသည့ဆိုသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ AA မှ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိခဲ့ပေ။ ALP ပါတီဝင် ခိုင်ပေါ်လင်းသာမဟုတ်ဘဲ ပြည်သူလူထုအား တရားလွန်ဒုက္ခပေးလာသည့် မည်သူ့ကိုပင်မဆို လိုအပ်လျှင်လိုအပ်သလို ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။ ALP ပါတီဝင် ခိုင်ပေါ်လင်းအပါအဝင် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခိုင်ပေါ်လင်းအပါအဝင် အဆိုပါအမှုနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များကိုလည်း အမှုအလားအလာပေါ်တွင်မူတည်ပြီး ဆက်လုပ်ရမည်ကိစ္စကို ဆွေးနွေးနေကြောင်းနှင့် ALP ပါတီအနေဖြင့်လည်း စစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းမှာ ပြည်သူလူထုကို သစ္စာဖောက်နေခြင်းဟု ဦးခိုင်သုခကပြောသည်။ “နောက်တစ်ခုက ဒီလိုအုပ်စုဖွဲ့လို့ ရာဇဝတ်မှုကျုးလွန်တာတွေဟာ ပြည်သူလူထုရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်သလို တစ်ဖက်မှာ ရန်သူနဲ့ပူးပေါင်းပြီး ပြည်သူလူထုကို သစ္စာဖောက်နေတာဖြစ်ပါတယ်။ အဲဒီအတွက် ALP အနေနဲ့ ပြည်သူလူထုကို ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်တွေ၊ ပြည်သူလူထုကို အနိုင်ကျင့်မှုတွေ လုပ်နေတာတွေဟာ သူတို့ရဲ့အနာဂတ်မှာ ပြည်သူက ဘယ်လိုဒဏ်ခတ်လာမှာလည်းဆိုတာ ဆက်ပြီးစောင့်ကြည့်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု သူကဆိုသည်။
၈။ ဘေးကင်းတဲ့ သောက်သုံးရေရရှိရေး လှုပ်ရှားသူ စောသေဂေမူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိ
11 August, 2022
ကလေးတိုင်း ဘေးကင်းတဲ့သောက်သုံးရေ ရရှိရေး လှုပ်ရှားဆောင်ရွက်သူ စောသေဂေမူး (ခ)သေဖိုး ကို ၂၀၂၁ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ စောသေဂေမူးဟာ ကရင်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ နေထိုင်တဲ့သူတွေ သန့်ရှင်းပြီး ဘေးကင်းကျန်းမာတဲ့ သောက်သုံးရေတွေ ရရှိရေးတွက် လှုပ်ရှားဆောင်ရွက် သူဖြစ်ပြီး ကရင်ပြည်နယ် နယ်စပ်တလျှောက်က လူတိုင်း သန့်ရှင်းတဲ့ ဘေးကင်းတဲ့ သောက်သုံးရေ ရရှိအောင် လှုပ်ရှားဆောင် ရွက်နေသူ ဖြစ်ပါတယ်။ သူ့ရဲ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ လှုပ်ရှားဆောင်ရွက်မှုကြောင့် ကရင်ပြည်နယ်နဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လူပေါင်း ၄၀၀၀၀ ထက်မနည်း အကျိုးခံစားရပြီး လူငယ်တွေအတွက် အတုယူသင့်တဲ့သူဖြစ်လို့ ဒီဆုကို ချီးမြှင့်တာဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
စောသေဂေမူးဟာ အသက် ၂၉ နှစ်ရှိပြီး သူဟာ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ ရရှိရေးလှုပ်ရှားမှုကို ၂၀၁၈ ခုနှစ်က စတင်လုပ်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တလျှောက်ကမှာ သောက်ရေသန့် ရေစစ်စက်ကြီး စက် ငယ် ၁၀၀ လောက် တပ်ဆင်ပေးထးပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။ “ကျနော်တို့ ဒီသောက်သုံးရေသန့်စက်ကြီးကို ၁၀ လုံးကျော် တပ်ဆင်ပေးထားပြီးပြီ။ အဲဒီစက်ကြီးတွေက တရက်ကို သောက်ရေသန့် လီတာ ၂၀၀၀ ထုတ်ယူနိုင်တယ်။ ပြီးတော့ တရက် လီတာ ၁၀၀၀ လောက် ထုတ်နိုင်တဲ့ ရေသန့် ရေစစ်စက်ကြီးတွေ ၁၀ ကျော်။ ဒီစက်တွေဟာ လျှပ်စစ်မီး အသုံးပြုစရာ မလိုဘူးပေါ့နော်။ Gravity အကို သုံးတာပေါ့နော်။ နောက် ဒီလူ လေး ငါးရာ သောက်သုံးနိုင်တဲ့ WATER ROLL ကတော့ ကျနော်တို့ ပေးတာ သုံး လေးဆယ် တပ်ဆင်ပေးထားပြီး ဖြစ်တယ်။” စောသေဂေမူးဟာ ကရင်ကျောင်းသားများ ကွန်ရက် (KSNG) အဖွဲ့ဝင်တဦးဖြစ်သလို အာဆီယံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လူငယ်ခေါင်းဆောင် ကောလိပ်သင်တန်းမှာ ရွေးချယ် ခံရပြီး အဲဒီသင်တန်းကနေတဆင့် ဒေသအတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်။ အခု ပဒိုမန်းရှာလားဖန်း လူငယ် ခေါင်းဆောင်ဆု ရရှိတဲ့အပေါ် ဒါဟာ သူ့ကိုပေးတာမဟုတ်ဘဲ ကွန်မြူနတီက လူတွေအားလုံးကို ပေးတာဖြစ်သလို ဒီလို ရရှိတဲ့ အတွက်လည်း အလုပ်ဆက်လုပ်နိုင်ဖို့ ခွန်အားဖြစ်တယ်လို့ ပြောပါတယ်။ ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိ ကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။
၉။ တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားသည့် ရဲဘော်များကို ချင်းရန်ပုံငွေအဖွဲ့က ကူညီမည်
August 11, 2022
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော် လှန်ရေး ရဲဘော်များကို Chin Relief Funding Program ချင်းရန်ပုံငွေအဖွဲ့ – တူမီးထီ အစီအစဉ်မှ ဆေးဝါးကုသစရိတ် ဖြည့် ပေးရန် ပြင်ဆင်နေသည်ဟု သိရသည်။ “ကျနော်တို့က တူမီးထီရောင်းပြီးမှ ရရှိတဲ့ဘဏ္ဍာငွေထဲကနေ CJDC ကဘယ်လောက်၊ IDPs ကဘယ်လောက်၊ CDM ကဘယ်လောက်၊ ဒဏ်ရာရရဲဘော်တွေကဘယ်လောက်ဆိုပြီး ခွဲဝေထားတယ်၊ ဒဏ်ရာရ ရဲဘော်လို့ပြောတဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေကများတဲ့အခါကျတော့ ပထမသုတ်အနေနဲ့ မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆေးကုသ စရိတ်၊ အခြေခံလိုအပ်ချက်လေးတွေတွက်ကူညီသွားဖို့ရှိတယ်’’ ဟု ချင်းရန်ပုံငွေအဖွဲ့က တာဝန်ရှိသူ ကပြောသည်။ ယခုလက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲမှ မျက်လုံးနှစ်ဖက်ဆုံးရှုံးသူ ၇ ဦးထိရှိပြီး CDF – Matupi တပ်ဖွဲ့က နှစ်ဉီး ၊ CNDF တပ်ဖွဲ့က နှစ်ဉီး ၊ CDF – Lautu တပ်ဖွဲ့က တစ်ဉီး၊ CDF – KKG တပ်ဖွဲ့ကတစ်ဉီးနှင့် ချင်းအမျိုးသားတပ်မတော် CNA ကတစ်ဦးတို့ဖြစ်ကြောင်း ချင်းရန်ပုံငွေအဖွဲ့ကပြောသည်။
တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များ၏ စာရင်းကို ဆက်လက်ပြုစုနေပြီး စာရင်းမကျန်ခဲ့ရန် ချင်းရန်ပုံငွေအဖွဲ့ထံသို့ စာရင်းပေးသွင်းကြရန် အသိပေး ဖိတ်ခေါ်လျှက် ရှိသည်။ ချင်းရန်ပုံငွေအဖွဲ့ CRFP အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တဖက်တလမ်းမှ ဘဏ္ဍာရေးကူညီ ထောက်ပံ့ ပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုလက်ရှိမှာလည်း တူမီးထီအစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေပေးလျှက်ရှိသည်။ ယခု ဆိုလျှင် တူမီးထီအစီစဉ်သည် အပတ်စဉ် (၃) အထိရောက်ရှိလာပြီး အပတ်စဉ် ၃ တူမီးထီရောင်းရငွေထဲမှ တော်လှန်ရေး ရန်ပုံ ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၅၃၀ ရရှိထားပြီး မကြာမီအချိန်အတွင်း တော်လှန်ရေးအင်အားစုတွေထံ ငွေကြေးလှူဒါန်းမှု များဆက်လက်ပြုလုပ်သွားမည်ဟုလည်း ချင်းရန်ပုံငွေအဖွဲ့ကဆိုပါသည်။
၁၀။ ဖလူး-ဝေါလေ ဒေသ စစ်ဘေးရှောင်များ သောင်ရင်းမြစ်တောင်ကျရေလွှမ်းမှုကြောင့် နေထိုင်ရေးအခက်အခဲကြုံ နေရ
August 11, 2022
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မုလအိ၊ မုလအ တောင်တန်းများမှ စီးဆင်းလာသည့် တောင်ကျရေ သောင်ရင်းမြစ်အတွင်း တိုး၀င် စီးဆင်းလာသည့်အတွက် မြစ်ကမ်းဘေးယာယီ နေထိုင်စစ်ဘေး ရှောင် နေရသူများနေထိုင်ရေး အခက်အခဲများကြုံ တွေ့နေကြရကြောင်းသိရှိရသည်။ “မိုးကနေ့တိုင်းရွာတယ်။ အခုဆို စစ်ရှောင် ယာယီ တဲတချို့တော့ ရေမြှုပ်ကုန်တယ်၊ အမြင့်ပိုင်းတွေ ရွှေ့နေရတာပေါ့၊ တိုက်ပွဲကစစ်ကြောင်းတွေ ရှိနေတုန်းဆိုတော့ ကိုယ့် အိမ် ကို မပြန်ဖြစ်သေးဘူး။ ဒီရက်ထဲ မိုးကဆက်ပြီး ရွာနေအုံးမယ်လို့တော့ သိရတာကြောင့် နေရာပြောင်းဖို့ တချို့ မိသားစုတွေ အဆင်ပြေမယ့် နေရာတွေကို ထပ်ရွှေ့ရတာပေါ့။ ဝေါလေ ရပ်ကွက်ကမ်းနားပိုင်းတွေလည်း ရေမြှုပ်တယ်။ မိုးကာ အစကလည်း မလုံလောက်၊ အင်ဖက်ကလည်း ၀ယ်လို့မရဆိုတော့ နေဖို့တော့ အခက်အခဲ ဖြစ်ကြတာပေါ့”ဟု ရွှေအေးမြိုင် ကျေးရွာမှ ယာယီ စစ်ဘေးရှောင်နေရသူက ပြောသည်။
စစ်ကောင်စီတပ်များနယ်မြေရှင်းလင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကြောင်းများနှင့် ကော်သူးလေ တပ်မတော် -KTLA ပူးပေါင်းတပ်ဖွဲ့များ ဝေါလေ- ရွှေအေးမြိုင်-ဝါးမီးထ-ဥကရစ်ထ-မောခီး -ကနဲလေး ဒေသအ တွင်း နှစ်ဖက် စစ်ရေးတင်း မာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများကာ စစ်ကူစစ်ကြောင်းများ အင်အားတိုး၍ ဝါးမီထကျေးရွာ၊ ဥကရစ်ထ ကျေးရွာများတွင် စခန်းချတပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန် လည်နေထိုင်၍ မရသေးကြောင်းသိရသည်။ အဆိုပါ တောင်ကျမိုးရေကြောင့် ဝေါလေ ဒေသရပ်ကွက်များ ဖြစ်သော ၁ ရပ်ကွက် မြေနိမ့်ပိုင်းနေရာများ ရေနစ်မြှုပ်နေသည့်အတွက် ကုန်းမြင့်ပိုင်း ၂ ရပ်ကွက်၊ ၃ ရပ်ကွက်ဘက်သို့ ယာယီ ရွှေ့ပြောင်း နေထိုင်နေ ကြရကြောင်း၊ စစ်ဘေးရှောင်အစုအဖွဲ့ နေရာများလည်း ရေနစ်မြှုပ်မှုကြုံတွေ့နေရသည့်အတွက် စားသောက်စရာ နေရာထိုင် ခင်းလို အပ်မှုရှိနေကြောင်း ဒေသကျေးရွာ စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။ လက်ရှိတွင် ရွှေအေးမြိုင်၊ ဝါးမီထ၊ ဥကရစ်ထ ကျေးရွာများနှင့် ဝေါ်လေဂျပန်အိမ်ရာများမှ စစ်ရှောင် ဦးရေ ၁,၀၀၀ ခန့်သည် သောင်ရင်းမြစ်ကမ်းဘေးတွင် နေထိုင်စစ်ရှောင်နေကြရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
၁၁။ ပုံးအင်းဒေသ ရာချီ စပါးခင်း ရေမြှုပ်
August 11, 2022
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စိုက်ပျိုးရိတ်သိမ်းပြီး နှင့် မရိတ် သိမ်းရသေးသည့် ရာချီ စပါးခင်းများ ရေလွှမ်းမိုးခံရပြီး ဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်း ဒေသ အတွင်း (၁၀) ရက်ကျော်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မိုးရေများအဆမတန်များလာပြီး ရေကြီးရေလျှံမှုများဖြစ်ပွား ကာ ရာချီစပါးခင်းများလည်း ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်နေရကြောင်း ဝမ်နောက်ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ကျမရဲ့ လယ်မှာ ရိတ်ရမယ့် စပါးတွေလည်း ရေအောက်မှာ တစ်တောင်ဆစ် လောက်နစ်နေတယ်။ ရေအောက် မှာ (၃) ရက်နစ်နေပြီ အညှောင့်တွေလည်းထွက်၊ ဝါးတန်းပေါ်လန်းထားတဲ့ စပါးတွေလည်း အကုန်မြှုပ်နေတယ်။ အညှောင့်ထွက်လာတဲ့ စပါးတွေလည်း မရိတ်ပဲထားရတော့မယ် “ ဟု ၎င်းအမျိုးသမီးက ပြောသည်။ အလားတူ ပုံးအင်းဒေသ အနိမ့်ပိုင်း ရှိသော ဝမ်ပုံးရွာ ၊ ကွန်ဆိုင်းရွာ၊ ဆိုင်လဲရွာ၊ နောင်စန့်ရွာ နှင့် နမ့်ကွတ် စသည့် အနိမ့်ပိုင်းရှိသော ကျေးရွာများမှ စပါးများသည် ရေထဲနစ်မြှုပ်နေသောကြောင့် အညှောင့်ပင်အသစ်များ ထွက်နေပြီဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် နောင်စန့်ကျေးရွာ နှင့် ဆိုင်လဲကျေးရွာတွင် မရိတ်ရသေးသော စပါးခင်းများသည် ရေအောက်တွင် (၁) ပေကျော်အထက်တွင် နစ်မြှုပ်နေပြီး ရိတ်ပြီး၍ ဝါးတန်းပေါ်လှန်းထားသော စပါးခင်းများလည်း ရေထဲတွင် ထပ်မံ နစ်မြှုပ်နေပြီ ဖြစ်ကြောင်း ပုံးအင်းဒေသခံ လယ်သမားအမျိုးသားတစ်ဦးက ပြောသည်။ “ မရိတ်ရသေးတဲ့ စပါးတွေလည်း ရိတ်လို့မရတော့ ဘူး။ ရိတ်ပြီး ဝါးတန်းပေါ် လှန်းထားတော့လည်း ထပ်ပြီးမြှုပ်ပြန်ပြီ။ စပါးတွေက အညှောင့်တွေ ထွက်နေပြီ၊ ရေက တအားနက် တော့ဆင်းရိတ်လို့လည်း မရတော့ဘူး “ဟု ၎င်းလယ်သမား အမျိုးသားတစ်ဦးကပြောသည်။ ပုံးအင်းဒေသတွင် စပါးများ ရေလွှမ်းမိုးသွားသောကြောင့် လယ်သမားများ နှောင်နှစ်စပါးများ ထပ်မံစိုက်ပျိုးရန် နှင့် လက်ရှိ စားဝတ်နေရေးအတွက် အခက် အခဲများစွာ ရင်ဆိုင်ရကြောင်း သိရသည်။ “နောက်နှစ် စပါးစိုက်ဖို့တောင်မှ ဒီနှစ်တော့ စားဖို့သောက်ဖို့တောင် ခက်တယ် ၊ စားရိတ်လည်း ပြန်မရဘူး။ အခုပုံးအင်း ဒေသတစ်ခုလုံးက ရေကြီးနေပြီးတော့ နောက်နှစ် စပါးစိုက်ဖို့တော့ မဖြစ်နိုင်တော့ဘူး ထင်တယ် “ ဟု ၎င်းကဆိုသည်။ ပုံးအင်းဒေသတွင် အဆမတန် ရေကြီးရေလျှံမှုများမှာ လွန်ခဲ့သော (၁၂) နှစ်အတွင်းတွင်လည်း တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း ပုံးအင်းဒေသခံများထံမှ သိရသည်။
၁၂။ ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု ကရင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပေးပို့
12 August, 2022
ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက ပြီးခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်မှစတင်ကာ မျက်မှောက်ခေတ် နွေဦးတော် လှန်ရေးအထိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူတယ်လို့ NUG က ပြောပါတယ်။ ဩဂုတ် ၁၁ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ကရင်ခေါင်းဆောင်တွေ ကျဆုံး ခဲ့တာဟာ ဒီကနေ့မှာတော့ ၇၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ဒီနေ့ရက်အချိန်အခါဟာ ကရင်လူမျိုးတွေရဲ့ သမိုင်းနဲ့ ကရင် တော်လှန်ရေးသမိုင်းမှာ မေ့ပျောက်မရတဲ့ အောက်မေ့ဖွယ်နေ့ရက် ဖြစ်ပါတယ်။ NUG အစိုးရကတော့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် သန္နဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
NUG အစိုးရအနေနဲ့ ကရင်တမျိုးသားလုံးနဲ့ထပ်တူ ကရင်အာဇာနည်အပေါင်းကို အောက်မေအမှတ်ရနေပြီး ကရင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ကာ ကရင်လူမျိုးတွေနဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ လတ်တလောမှာ တော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူ တရပ် လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။ ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံ နေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၃။ ပလက်ဝမှာ ရေလမ်းခရီးသွားလာမှု တင်းကျပ်ကန့်သတ်ခံထားရ
August 11, 2022
ချင်းပြည်နယ် ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီ က ကုလားတန်မြစ်ကြောင်းသွားလာမှုကို ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဒီနေ့အထိ တင်းကျပ်ကန့်သတ်ခံထားရတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆက်သွယ်သွားလာရေးမှာ အဓိကကျတဲ့ ရေလမ်း ကြောင်းကို ပိတ်ထားတဲ့အတွက် အခြေခံ စားသုံးကုန်စျေးနှုန်း တွေလည်း နှစ်ဆနီးပါးလောက် တက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ပလက်ဝမြို့မှာ ဓာတ်ဆီဝယ်ဖို့တောင် မရှိတော့ဘူး။ ဆန်လည်းမရှိ ဒီပလက်ဝမြို့နယ်က စိုက်ထားတဲ့ တောင်ယာစပါးရှိတဲ့သူတွေက စပါးကို ကြိတ်ပြီးတော့ အိတ်အသေးလေး တစ်အိတ်ကို ၄၀,၀၀၀ နဲ့ ရောင်းကြတယ်။ ပြည်မက ပို့ လာတဲ့ ဆန်တွေကို တစ်အိတ် တစ်သိန်းနဲ့ ဝယ်ဖို့တောင် ဆန်ကမရှိဘူး” လက်ရှိမှာ ပလက်၀မြို့မှာ ကြက်ဥတစ်လုံးကို ကျပ် ၁၀၀၀ အထိ စျေးတက်နေသလို ဓာတ်ဆီတစ်လီတာကိုလည်း ကျပ် ၇၀၀၀ ခန့်ထိ တက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတ်ဆီတွေ လိုသလောက်ဝယ်လို့မရဘဲ ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်ဟာ ကုန်ပစ္စည်းတွေအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အဓိက မှီခိုနေရပေမယ့် အဓိက ကျ တဲ့ ရေလမ်းကို ပိတ်ထားတာကြောင့် အခက်အခဲတွေ ပိုကြုံနေ ကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း နေ့စဉ် ကြားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၄။ ထားဝယ်ခရိုင် စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်နေ
12 August, 2022
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ စစ်ဘေးရှောင်သောင်းချီရှိနေပြီး ကျန်းမာရေးအတွက် ဆေးဝါး ရဖို့ အခက်အခဲဖြစ် နေတာကြောင့် တချို့မှာ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်စခန်းများမှာ လက်တလောအခြေအနေအရ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆက်စပ်ဆေး ပစ္စည်းတွေ ဝယ်ယူရခက်ခဲတဲ့အပြင် တချို့ဆေးဆိုင်တွေမှာ ဆေးဝယ်ယူတဲ့အခါ စောင့်ကြည့်ခံရတဲ့ အနေအထားမျိုး ရှိနေ တယ်လို့ စစ်ဘေးရှောင်ကူညီသူ တဦးကပြောပါတယ်။ စစ်ကောင်စီက ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတဲ့အပြင် ဆက်သွယ် ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အခုလို အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အကူအညီပေးနေသူတဦးက “ဖုန်းလိုင်းတွေဖြတ်ထားတော့ ပြင်ပအလှူရှင်တွေကို အကူအညီတောင်းပေးပေမဲ့ အလှူရှင်တွေက အကူအညီပေးဖို့ဟာကို ဘာတွေလိုနေမှန်း မသိရဘူး။ ဒုတိယတချက်က ဆေးဝါးနဲ့ ရိက္ခာ၊ ရိက္ခာတောင် ယူသွားဖို့ခက်ခဲနေတော့ ဆေးဝါးဆို ပိုဆိုးနေတဲ့ အနေအထားမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။ ဆေးဝါးဝယ်ယူ၊ သယ်ယူ ရအခက်အခဲကြောင့် ဂျာမဏီရွက် (ဒေသအခေါ် – ဘိစပ်ရွက်) ပြုတ် သောက်တာ၊ မီးပုံထဲ ငရုတ်သီး ပစ်ထည့်ပြီး ငရုတ်သီးမှိုင်း တိုက်တာစတဲ့ ရိုးရာဆေးမီးတို နည်းတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ထားဝယ်မြို့ အရှေ့ တော ဒေသ မေတ္တာအလင်းမိဘမဲ့ ကလေးများ စောက်ရှောက်ရေးဂေဟာက ကလေး ၁၀ ယောက်လောက် ဖျားနာနေပြီး အစား အသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ထားဝယ်ခရိုင်အတွင်း တောင်ပျောက်တိုက်နယ် စစ်ရှောင်စခန်းမှာ လူ ၇၀၀၀ ကျော်၊ အရှေ့တောမှာ ၇၀၀ ကျော်၊ လောင်းလုံးမှာ ၄၀၀၀ ကျော်၊ ရေဖြူမှာ ၁၀၀၀ ကျော်နဲ့ ဟာမြင်းကြီးစစ်ရှောင် စခန်းမှာ ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
၁၅။ ဆယ်ဇင်းတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်ရွှေမှော်ကျေးရွာ ၂၀ မှပြည်သူများထွက်ပြေးတိမ်ရှောင်နေရ
August 12,2022
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်နှင့် SNA အဖွဲ့တို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ် နေသောကြောင့် ဆယ်ဇင်း အနီးတဝိုက်ရှိ ရွှေမှော် ၂၀ ဝန်းကျင်မှ ပြည်သူ ၃၀၀ ကျော်ခန့် ဖားကန့် တာမခန်ဘက်သို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဩဂုတ်လ ၁၁ ရက် ယမန်နေ့ ညပိုင်းမှ စတင် ကာ ဆယ်ဇင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ကျေးရွာအနီး ပတ်ဝန်းကျင်ဘက်သို့ ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ရွှေမှော်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆယ်ဇင်း ဒေသခံ အမျိုးသမီး တစ်ဦးက ယခုလိုပြောဆိုသည်။
“သူတို့က KIA နဲ့ PDF ရှိတယ် ထင်တဲ့ နေရာဘက်မှာ ညကတည်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ အခု မနက်ပိုင်းအထိ ပစ်နေတယ်။ အနီးတဝိုက်မှာ ရွှေမှော် ရွာငယ်တွေရှိပါတယ်။ အဲ့ရွာက လူတွေ ဒီမနက် ပြန်ထွက်လာကြပါပြီ။ တာမခန်ဘက်ကို ရောက်လာတဲ့ သူတွေရှိသလို ရွာထဲက ထွက်နေဆဲ ဖြစ်တဲ့ ပြည်သူတွေလည်း ရှိပါသေးတယ်” ဟု ပြောဆို သည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆယ်ဇင်း ရွှေမှော်များသည် ဝေဟုန်၊ ပင်းယခံ၊ မှော်ကဋေ၊ ကညှင်ပြန့်၊ နတ်ဆယ်၊ ချမ်းသာအေး၊ ချမ်းသာကုန်း၊ ကျောက်ပုံး၊ ဝေမှော်အောင်၊ လက်ခတ်၊ ပျာစွယ်၊ ရွှေဘော်ကျွန်း၊ နွံကုတ်၊ တဲပတောင်၊ နောက်ကမ်းသာ၊ စိုက်ခေါက်၊ နံပုတ်၊ ရခိုင်ကုန်းနှင့် ဝေကမ်တို့ဖြစ်ကြသည်။
၁၆။ ကျိုင်းတုံမြို့နယ် အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန်ပြီး သေဆုံး
August 11, 2022
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ ပင်တောက်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။ (သြဂုတ် ၁၁ ) ရက် မွန်းလွဲပိုင်း ၂ နာရီတွင် နေအိမ်ခြံဝင်းထဲ ရောက်နေသည့် အသက် ၄၀ ဝန်းကျင် ဒေါ်လီဟယ်သည် မိုးကြိုးစက်ကွင်း ထိမှန်ကာ အသက်သေဆုံးသွားရကြောင်း နီးစပ်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မိုးရွာနေတဲ့အချိန် ခြံထဲဟင်းခူးဖို့ ဆင်းသွားရင်း ဝက်ခြံနားမှာ မိုးကြိုး ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်၊ မျက်နှာနဲ့ ဝမ်းဗိုက်မှာ ညိုမဲဒဏ်ရာတွေ တွေ့ရတယ်၊ ဖြစ်စဥ်ဖြစ်ဖြစ်ချင်း မိသားစုဝင် တွေ အကြောင်းကြားလို့ ရဲ နဲ့ မှုခင်း ဆရာဝန်တွေကလည်း လာစစ်ဆေးတာတွေ့ရတယ်” ဟု အထက်ပါ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ မိုးကြိုးစက်ကွင်းမိသည့် ဒေါ်လီဟယ်သည် ပင်းတောက်အုပ်စု၊ ပင်းတောက်ရွာ၊ အမက (ပင်းတောက်) အခြေခံ ပညာ မူလတန်းကျောင်းမှ ကျောင်းသန့်ရှင်းရေးလုပ်သားဖြစ်ကြောင်းသိရသည်။ ယခုလို မိုးရာသီကာလအတွင်းတွင် လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အတွက် အသိပညာပေးများ လိုအပ်အကြောင်းလည်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
၁၇။ နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ
12 August 2022
တနိုင်းလီဒိုလမ်း နောင်းမီကျေးရွာတွင် စစ်ရေးလှုပ်ရှားသွားလာသော စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုချက် မှ သိရသည်။ ဩဂုတ်လ ၁ ၁ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် ဒွမ်ဘန်ကျေးရွာ ခလရ ၂၉၈ တပ်ရင်းမှ စစ်အင်အား ၆၀ ဝန်းကျင်က နောင်းမီကျေးရွာဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ရာ ယခင်နောင်းမီကျေးရွာ ရွာဟောင်း အနီးတွင် KIA အဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု နောင်းမီဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။ “အရင် ရွာဟောင်းနားမှာဟုတ်တယ်။ တိုက်ပွဲ ဖြစ်တာတော့မဟုတ်ဘူး။ KIA က ကြိုတင်ထောင်ထားတဲ့ မိုင်းလို့ပြောတယ်။ ပေါက်ကွဲတာက တစ်ကြိမ်ဘဲ။ အဲ့နေရာမှာ ဗမာ စစ်သားတွေ ၂ယောက်က ဒဏ်ရာရသွားလို့ ဆေးရုံးကားနဲ့ လာတင်သွားတယ်”ဟုပြောဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်အထိ နောင်မီကျေးရွာအဝင်အနီးရှိ ပြည်သူ့ စစ်တပ်စခန်း နေရာတွင် ဆက်လက်ရှိနေသေးကြောင်း သိရပါသည်။ ဝါရာဇွပ်ဒေသခံ တစ်ဦးပြောဆိုချက်အရ နောင်မီ ကျေးရွာ တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ကို ကား ၃စီးဖြင့် သယ်ယူရန် စီစဉ်နေပြီး ရှဒူးဇွပ်ကျေးရွာဘက်သို့ စစ်အင်အား တိုးချဲ့ရန်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
၁၈။ မြေပုံရဲစခန်းရှေ့တွင် ဖမ်းဆီးခံရသူ ၃ ဦး တစ်ပတ်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ
August 12, 2022
ရခိုင်ပြည်နယ်၊ မြေပုံမြို့မရဲစခန်းရှေ့တွင် ဩဂုတ် ၅ ရက်နေ့ ညအချိန်က ပစ္စတိုတစ်လက်အပါအဝင် အေအေနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် လူ ၃ ဦးသည် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူ ၃ ဦးတွင် မြေပုံမြို့ခံ ကိုအောင်စိုးဆိုသူ တစ်ဦးပါဝင်ပြီး ကျန် ၂ ဦးကို မသိရှိ ကြောင်း ကိုအောင်စိုးနှင့်နီးစပ်သူ မြေပုံ ဒေသခံတစ်ဦးက ပြောသည်။ ” တစ်ယောက် ကိုအောင်စိုး၊ နောက် ၂ ယောက်ကိုတော့ မသိပါဘူး။ သူတို့က မြေပုံက မဟုတ်ဘူး လို့လည်း သိရပါတယ်။ သူတို့အဲ့ဒီနေ့က အရက်သောက်ပြီး ကားမောင်းလာတာ ရဲစခန်းရှေ့က ပိတ်ထားတဲ့ ဘန်ကာကို ကားနဲ့ဝင်တိုက်ပစ်တယ်လို့ သိရတယ်။ ဝင်တိုက်တာနဲ့ ရဲစခန်းနားမှာ စစ်တပ် ကင်းချ ထားတာရှိပါတယ်။ အဲ့ဒီစစ်သားတွေက ဖမ်းပြီးစစ်တယ်။ သူတို့ကိုမွှေတော့ ULA/AA ရဲ့ စာရွက်စာတမ်းတွေ၊ ပီစတိုတွေ့တယ် ပြောတယ်။ တိတိကျကျတော့ ဘယ်သူမှမပြောနိုင်ဘူးလေ” ဟု ပြောသည်။ ၎င်းတို့ ၃ ဦးမှာ သြဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က မြေပုံမြို့မ ရဲစခန်းရှေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်လို့ မျက်မြင် မြေပုံဒေသခံတစ်ဦးက “အဲ့ဒီနေ့က သူတို့ အရက်မူးလာပြီး ရဲစခန်းရှေ့က သံဆူးကြိုးနဲ့ ကာထားတဲ့ အကာကို ဝင်တိုက်တယ်တဲ့။ ဝင်တိုက်တာ့ ရဲတစ်ယောက်က လမ်းဖွင့်ပေးတယ်လို့ ပြောတယ်။ လမ်းဖွင့်ပေးတာကို ထပ်ဝင်တိုက်တော့ နှစ်ပွင့်တဲ့ ရဲအရာရှိကို ထိပြီး ၂ချက်၃ချက် ချုပ်ရတယ်ပြောတယ်။ အဲ့ဒီတော့ ရမ်းကား မှုနဲ့ဖမ်းတာ။ ဖမ်းပြီး ကားကိုစစ်ဆေးတော့မှ AA နဲ့ ပတ်သက်တဲ့ စာရွက်၊ စာတမ်းတွေ ရတယ်ဆိုပြီး အခုထိ ဖမ်းထားတာ”ဟု ပြောသည်။ ၎င်းတို့ ၃ ဦးမှာ အေအေနှင့် ဆက်စပ်မှု ရှိမရှိကို မသိရသေးကြောင်းနှင့် ဖမ်းဆီးခံရပြီး အချိန်ကစပြီး သူတို့နှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုများအနေဖြင့် စိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။ လက်ရှိရခိုင်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား အပြန်အလှန်ဖမ်းဆီးမှုများအပြင် ထိတွေ့တိုက်ပွဲများလည်းရှိနေကာ ၂ ဘက်စစ်ရေးတင်းမာနေသည့် အခြေအနေရှိနေကြောင်း သိရသည်။
၁၉။ ၁ သိန်းကျော်အထိရှိနေသည့် မြေသြဇာစျေးနှုန်းကြောင့် လယ်ယာလုပ်သူများအခက်တွေ့
August 12, 2022
ရခိုင် ဖက်ရှိ မိုးစပါးစိုက်ပျိုးဧကများအတွင်း သွင်းအားစုထည့်သွင်းချိန်မှာလည်း နီးကပ်လာနေချိန်၌ မြေသြဇာစျေး များမှာ တစ်အိတ်ကို ၁ သိန်းကျော်နှုန်းအထိ ရှိနေခြင်းကြောင့် လယ်ယာလုပ်သူများအနေဖြင့် အကြပ်တွေ့လျက်ရှိသည်။ ယခင် နှစ်များတွင် ယခုကဲ့သို့မိုးရာသီကာလ၌ မြေသြဇာတစ်အိတ်ကို ၂ သောင်းကျော်မှ ၄ သောင်းဝန်းကျင်အထိသာရှိခဲ့သည့်အတွက် လယ်ယာလုပ်သူများအနေဖြင့် လိုအပ်သလောက်ဝယ်ယူအသုံးပြုနိုင်ခဲ့ကြသည်။ လက်ရှိတွင်မှု ထိုစျေးနှုန်းများနှင့်ကွာခြားစွာ မြေသြဇာ 50 kg တစ်အိတ်ကို ၁ သိန်းမှ ၁၂၀၀၀၀ ခန့်အထိစျေးနှုန်းရှိကြောင်း မြေဆီအရောင်းဆိုင်များမှသိရသည်။ ထိုသို့ စျေးမြင့်တက်နေမှုကြောင့် လိုအပ်သလောက်ဝယ်ယူနိုင်ခြင်းမရှိဖြစ်နေရာ စပါးအထွက်နှုန်းကျမည်မှာ သေချာသလောက်ပင် ဖြစ်နေသည်ဟု မြောက်ဦးမြို့နယ် မှ လယ်သမား ဦးကျော်စိန်ကပြောသည်။ “အရင်တုန်းကရခဲ့စျေးနဲ့ အခုဖြစ်နေတဲ့စျေးက ဘာမှမဆိုင်သလိုပဲလေ။ အခုစျေးတက်နေတာကတော့ မြေဆီသပ်သပ်တော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် မြေဆီးစျေးကတော့ တစ်ခြားသူတွေထက်လယ်သမားတွေအတွက်ပိုအထိနာတယ်။ စိုက်ထားတဲ့စပါးအထွက်နှုန်းကောင်းအောင် ထည့်သွင်းရတဲ့ မြေသြဇာက လိုသလောက်မထည့်နိုင်ဘူးဆိုရင် စပါးအထွက်ကျမှာတော့ သေချာသလောက်ပါပဲ” ဟုပြောသည်။
ယခုနှစ်မိုးရေချိန်နည်းပါးမှုကြောင့် လယ်ဧကအများအပြားပျက်စီးမှုကြုံနေချိန်တွင် လိုအပ်ချက်အရအသုံးပြုရသည့် မြေသြဇာစျေးများပါ မြင့်တက်နေသည့်အတွက် များစွာအခက်တွေ့နေကြရကြောင်း မြို့နယ်အနှံ့မှ လယ်ယာလုပ်ကိုင်သူ များ ကပြောကြသည်။ မြေသြဇာစျေးနှုန်းများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ နဂိုရှိရင်းစွဲစျေးနှုန်းများထက် မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် ၄ သောင်းကျော်၊ အောက်တိုဘာတွင် ၇၀၀၀၀ ခန့်နှင့် ထိုမှတစ်ဆင့် ၉၀၀၀၀ သောင်းကျော်ထိ ထပ်ဆင့်မြင့်တက်လာခဲ့ရာ လက်ရှိတွင် ၂၀၂၂ ခုနှစ် သြဂုတ်တွင် စျေးနှုန်း ၁ သိန်းကျော်အထိရှိနေခြင်းဖြစ်သည််။ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုကို စစ်ကောင်စီမှထိန်းချုပ်ထားမှု၊ မြန်မာငွေတန်ဖိုးနည်းပါးလာမှုတို့ကြောင့် နိုင်ငံခြားမှ တင်သွင်းသည့် သွင်းကုန် အများစု၏ စျေးနှုန်းများဆက်တိုက်မြင့်တက်လျက်ရှိနေရာ လူတိုင်းနီးပါး စီးပွားရေးအကျပ်ရိုက်မှုနှင့် ကြုံနေရပြီး အခြေခံ လူတန်းစားများအနေဖြင့်လည်း စားသောက်နေထိုင်ရေးများ ပိုမိုခက်ခဲလာလျက်ရှိကြသည်။
၂၀။ ညောင်ရွှေတွင် ရဲနှင့် ဒလန်များ ဈေးသည် အသွင်ယူ၍ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေ
August 12, 2022
ညောင်ရွှေမြို့နယ်၌ ရဲ နှင့် သတင်းပေးဒလန်များက ဈေးသည် အသွင်ယူ၍ တော်လှန်ရေးအင်အားစုများအား စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ညောင်ရွှေမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ညောင်ရွှေမြို့ပေါ်နှင့် တော်လှန်ရေးအင်အားစုများရှိနိုင်သည်ဟု ၎င်းတို့ယူဆရသော ကျေးရွာများတွင် ရဲနှင့် သတင်းပေးဒလန်များက ဆံပင်ကျွတ် ဝယ်ယူ၊ စောင်၊ ဖျာရောင်းသူစသည့် ဈေးသည်များဟန်ဆောင်ကာ သွားလာလှုပ်ရှားလျက်ရှိကြောင်း ညောင်ရွှေမြို့နယ်ရှိ တော်လှန်ရေးအင်အားစုဦးဆောင်သူတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။ “ဒီကောင်တွေက ဆံပင်ကျွတ်ဝယ်သလိုလို၊ စောင်တွေ၊ ဖျာတွေရောင်းသလိုနဲ့ လမ်းကြိုလမ်းကြိုက အစသွားလာပြီး အယောင်ဆောင်ထောက်လှမ်းနေတယ်။ ရပ်ကွက်၊ ကျေးရွာတိုင်းမှာလည်း အဲလိုလူတွေ မွေးထားကြတာဆိုတော့ သတိထားကြဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
ရဲနှင့် သတင်းပေးဒလန်များအနေဖြင့် ညောင်ရွှေမြို့နယ်တွင် ဈေးသည်အသွင်ယူ၍ အုပ်စုလိုက်သွားလာလှုပ်ရှား နေခြင်းဖြစ်ပြီး တစ်အုပ်စုလျှင် ၄ယောက်မှ ၆ယောက်အထိ ပါရှိကာ တစ်အုပ်စုနှင့် တစ်အုပ်စု အလုပ်အကိုင်မတူညီကြကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။ ညောင်ရွှေမြို့နယ်တွင် AFJ ပျောက်ကြားတပ်ဖွဲ့နှင့် အင်းလေးဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဟူ၍ တော်လှန်ရေးအင်အားစု ၂ဖွဲ့ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး AFJအနေဖြင့် စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် သတင်းပေးဒလန် ၃ ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၁။ ကလောမြို့ NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ
August 11, 2022
သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ဆိုင်ကယ်သမား (Biker) တစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။ (သြဂုတ် ၁၀) ရက် တွင် ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင် အကြမ်းစီး ဆိုင်ကယ် Biker ဖြစ်သူ ကိုရဲပြည့်အောင် ၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ပိတ်သိမ်းကြောင်း ဗွီနိုင်းစာရွက်လာကပ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မနေ့က စစ်ကားနှစ်စီး နဲ့ ရဲနဲ့စစ်သားတွေ လာပြီး နေအိမ်ကို ပိတ်သိမ်းလိုက်တဲ့အကြောင်း ဗွီနိုင်းလာကပ် သွားပါတယ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အမှုနဲ့ နေအိမ်ကို ချိတ်ပိတ် သိမ်းတာလို့ အဲ့ဒီ ဗွီနိုင်းမှာပါတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နေအိမ်နှင့် ခြံဝန်း ချိတ်ပိတ်ခံရသည့် ကိုအောင်ရဲပြည့်သည် NLD ပါတီ လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး RBK (Ride Behind Kalaw ) အဖွဲ့မှ ဆိုင်ကယ် Biker ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆို ထားသည်။ လက်ရှိတွင် ကလောမြို့ နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ ချိတ်ပိတ်သိမ်းယူခံရသည့် အရပ်သားပြည်သူ နေအိမ် ၅ လုံး ဝန်းကျင်ရှိနေကြောင်းလည်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ပန်းမြို့မှ ပြည်သူ့နေအိမ် ၁၀ လုံးဝန်းကျင်ခန့် သည် လည်း PDF နှင့် NUG ဆက်စပ်မှုများရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီတို့မှ ချိတ်ပိတ် သိမ်းယူထားကြောင်း လည်း သိရသည်။
၂၂။ မော်လမြိုင်က စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေဖြစ်နေပြီး အကန့်အသတ်နဲ့သာရောင်းချ
August 12, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များတွင် သြဂုတ်လ ၁၀ ရက်နေ့ကစ၍ စက်သုံးဆီပြတ် လပ်မှုများ ဖြစ် ပေါ်နေပြီး အကန့်အသတ်ဖြင့်သာရောင်းချနေကြောင်း ဒေသခံများထံကသိရသည်။ စက်သုံးဆီဆိုင်အများစုတွင် 95 ဓာတ်ဆီ ပြတ်လပ်နေသဖြင့်ဝယ်ယူ၍မရဘဲ 92 ကိုလည်း အကန့်အသတ်ဖြင့်သာရောင်းချနေရပြီး ဆီဆိုင်တချို့လည်း ပိတ်ထားရကာ စစ်ကောင်စီနှင့်နီးစပ်သည့် ဆီဆိုင်တချို့တွင်တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း ဒေသခံတဦးကပြောသည်။ ”ခု ၂ ရက် လောက်ရှိပြီ ဆိုင်တော်တော်များများမှာ ဆီပြတ်နေတာ။ မနေ့ကပိုဆိုးတယ်၊ ဒီမနက်လည်းရှာဝယ်လို့ တောင်မရဘူးလို့ သိရ တယ်။ သွားထည့်တိုင်းကုန်လို့ချည်းဘဲ။ 92 ကိုလည်း ဘလောက်ဖိုးအများဆုံးဆိုတာမျိုးဘဲရောင်းပေးတယ်။ ဆီဆိုင်တချို့တွေ လည်း ဆီမရှိတော့ရပ်ထားရတယ်။ ရနိုင်တဲ့ ဆီဆိုင်ကြီးတချို့မှာကျတော့ ဆီတခါဖြည့်ရင်လည်းအကြာကြီးတန်းစီစောင့်ရတာ” ဟု မော်လမြိုင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ယနေ့ သြဂုတ်လ ၁၂ ရက် မနက်ပိုင်း ဆီဆိုင်ကြီး တချို့တွင် ဓာတ်ဆီ 92 တစ်လီတာ ၂၄၀၀ ကျပ် ၊ 95 ၁ လီတာ ၂၅၀၉ ကျပ်၊ ပရီမီယံ ဒီဇယ် ၂၇၀၀ ကျော် ဝန်းကျင် အထိ နှုန်းဖြင့်ဝယ်ယူနေရကြောင်း ဒေသခံများထံကသိရသည်။ သြဂုတ်လ ၈ ရက်နေ့ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ်ပြောင်းလဲသတ်မှတ်ပြီးနောက် မော်လမြိုင်မြို့အပါအဝင် အခြားမြို့ကြီးများတွင်လည်း စက်သုံးဆီစျေးနှုန်းများပြန် လည်မြင့်တက်လာခြင်းဖြစ်ပြီး ဆီပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းမှစ၍ နိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုများမကြာခဏဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ စက်သုံးဆီများအလုံအလောက်ရှိကြောင်း၊ ပြတ် လပ်မှုဖြစ်ပေါ်ဖို့မရှိကြောင်း ၄င်းတို့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲများတွင် အခိုင်အမာပြောဆိုသော်လည်း ယခုလို ဆီပြတ် လပ်မှုများပြန်လည်ကြုံတွေ့နေရခြင်းဖြစ်သည်။
၂၃။ မြိတ်မှာမီတာခတစ်ယူနစ် ကိုးရာကျော်အထိစျေးတက်လာ
August 11, 2022
မြိတ်မြို့မှာ ဇူလိုင်လအတွက် လျှပ်စစ်မီတာခတစ်ယူနစ်ကို ကိုးရာကျော်အထိစျေးတက်လာခဲ့တယ်လို့ ဒေသခံတွေ ထံ ကနေသိရပါတယ်။ ဇွန်လက မီတာခတစ်ယူနစ်ကို ၈၉၇ ကျပ်ရှိရာကနေ ဇူလိုင်လမှာ ၉၄၇ ကျပ်အထိ ဖြစ်လာခဲ့တဲ့အတွက် ၅၀ ကျပ် တိတိစျေးတက်လာတယ်လို့ ပြောရပါမယ်။ မီတာခစျေးနှုန်းတွေဟာ ဒီနှစ်အစကအထိ တစ်ယူနစ် ၄၇၈ ကျပ်သာရှိ သေး ပေမယ့် ၆လလောက်အကြာမှာ ၅၀၀ ကျပ်လောက် စျေးတက်လာခဲ့တာပါ။ “ဇူလိုင်လတုန်းကဆိုရင် စက်သုံးဆီစျေးက နည်း နည်းအကျဘက် ရောက်နေသေးတာတောင် အဲလောက်တက်တာဆိုတော့။ အခုသြဂုတ်လမှာ ဆီစျေးတက်တာ၊ ဆီပြတ်တာ တွေနဲ့ဆို ဘယ်လောက်ထိတက်မလဲမပြောတတ်ဘူး” လို့မြိတ်မြို့ခံတစ်ဦးကပြောပါတယ်။
မြိတ်ခရိုင်ကို Petro & Trans ကုမ္မဏီက ဒီဇယ်ဆီသုံးမီးစက်တွေအသုံးပြုကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဆီကော်မတီကသတ်မှတ်ပေးတဲ့ ဒီနေ့အတွက်ဒီဇယ်ဆီစျေးနှုန်းဟာ တစ်လီတာ ၂၅၁၀ ကျပ်ဖြစ် ပေမဲ့ စျေးကွက်ထဲမှာတော့ဆီပြတ်လပ်မှုတွေရှိနေပါတယ်။ ထားဝယ်ခရိုင်ကိုလည်း Petro & Trans ကုမ္ပဏီကပဲ သဘာဝ ဓာတ်ငွေ့ကိုအသုံးပြုကာ ဓာတ်အားပေးနေတာဖြစ်ပြီး ဇူလိုင်လအတွက်တစ်ယူနစ်စျေးနှုန်းမှာ ၃၁၉ ကျပ်ဖြစ်ပါတယ်။
၂၄။ တာချီလိတ်မြို့နယ် လူငယ်များ ကောင်မလေးကိစ္စ ဖြင့် စကားများရင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့
August 12, 2022
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အသက် (၁၈) နှစ် မပြည့်သေးသည့် လူငယ်များ ကောင်မလေးကိစ္စ ဖြင့် စကားများရာမှ သတ်ဖြတ်မှုအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်၊ မြို့ပတ်လမ်း နှင့် ဟံသာဝတီလမ်းသွယ်ရှိ ရေမြောင်းမှာ အမည်မသိ အမျိုးသား တစ်ဦး အလောင်း တွေ့ရှိရာမှ လူသတ်မှု ဖြစ်စဥ်ကို သိရှိခဲ့ရကြောင်း အလောင်းကို သွားရောက် သယ်ဆောင်ခဲ့သည့် ဦးလှမိုး လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘယ်အချိန်ကတည်း ဖြစ်ခဲ့တာလဲတော့ မသိခဲ့ ပါဘူး၊ ကျနော်တို့ အလောင်းကို သွားသယ်တဲ့ အချိန်မှာ အလောင်းက ပုပ်နေပြီ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကို စုံစမ်းရင်း သူ့ဖုန်း Messenger ကို စစ်ကြည့်တော့ ကောင်မလေးကိစ္စ စကားများထားတဲ့ အကြောင်းတွေ တွေ့ရတယ်၊ နောက်တော့ ပြော ဆိုထားတဲ့ အကောင့်တွေ ဆီလိုက်ရင်းနဲ့ တရားခံတွေကိုလည်း ဖမ်းမိသွားတယ်” ဟု လူမှုကူညီရေးအသင်းဝင်က ပြောသည်။
ဖြစ်စဥ်မှာ သေဆုံးသူ မောင်ကျော်ဇင်ဝင်း၏ Facebook စာမျက်နှာ Messenger မှတစ်ဆင့် သေဆုံးမည့် နေရာအနီး ခိုက်ရန်ဖြစ်ပွားချိန်းဆိုသည့် စာသားများကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကောင့်ပိုင်ရှင်များအား လိုက်လံ စုံစမ်းခဲ့ရာ သတ်ဖြတ်မှု ကျူးလွန်သူ လူငယ် ၄ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ “သေဆုံးသူရော ကျူးလွန်သူတွေရာ အသက် (၁၈) နှစ်မပြည့်ကြသေးဘူး၊ ကောင်မလေး ကိစ္စကြောင့် ပြင်ပမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့လည်း ထွက်ဆိုခဲ့တယ်၊ တခြားလူငယ် ၃ ဦးကတော့ သူငယ်ချင်း နောက်လိုက်ရင်း ကျူးလွန်ဖြစ်ခဲ့တယ်တဲ့၊ အားလုံးက တာချီလိတ်မြို့က ဖြစ်ကြပါတယ်” ဟု ဖြစ်စဥ်ကို သိရှိရသည့် ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျူးလွန်သူ လူငယ်များသည် တာချီလိတ်မြို့၊ မယ်ယန်းရပ်ကွက်မှ Su Myat အကောင့်ပိုင်ရှင်၊ မယ်ခေါင် ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ၇၇၇ ကားဝပ်ရှော့တွင် လုပ်ကိုင်သူ ဇော်မင်းထွေး (ခ) ဖိုးသား၊ ဇော်မျိုးနိုင် (ခ) နေထူးနိုင်၊ သိန်းဌေးအောင် (ခ) ဟိန်းကိုကိုအောင် နှင့် မျိုးမင်းသန့် တို့ ဖြစ်ခဲ့ ကြောင်းသိရသည်။ လက်ရှိတွင် ကျူးလွန်သူ (၄) ဦးသည် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် တရားခံများ ဖြစ်သဖြင့် ၎င်းတို့ (၄) ဦးအား တာချီလိတ် မြို့မရဲစခန်း စခန်းမှူး၏ထိန်းသိမ်းမှုအောက်တွင် ထိန်းသိမ်း ထားပြီး တာချီလိတ် မြို့မရဲစခန်း (ပ)၁၃၇/၂၀၂၂၊ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၂၂)မှ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့် ထားကြောင်း သတင်းသိရသည်။
၂၅။ ဖားကန့်တွင် သေနတ်ထောက်ဆိုင်ကယ်လုယက်မှုဖြစ်ပွား
August 12, 2022
ကားစီးလာသူများက ဆိုင်ကယ်မောင်းနင်လာသူထံမှ သေနတ်ထောက်ပြီး ဆိုင်ကယ်လုယက်မှု ယနေ့ နံနက် ၁ နာရီ ခန့်က ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဖိုးဝီးကားစီးနင်းလာသူများမှ အမျိုးသားနှစ်ဦးက ကားပေါ်မှ ဆင်း လာပြီး ဆိုင်ကယ်လုယူသွားကာ ပါးလည်းရိုက်သွားသည်ဟု ဆိုင်ကယ်လုယက်ခံခဲ့ရသူက The 74 Media ကိုပြောသည်။ “သေ နတ်နဲ့ထောက်ပြီး ဆိုင်ကယ်လုတာ ဆိုင်ကယ်ပေါ်က ဆင်းခိုင်းတယ် ကျွန်တော်တို့က ဘာမှမလုပ်ဖို့ တောင်းပန်သေးတယ် လူ ကို ပါးရိုက်သွားတယ်” ဟု သူကပြောသည်။
လုယက်မှုဖြစ်ပွားချိန်သည် ရေမဆေးကျောက်ရှာဖွေသူများ ပြန်လာချိန် ဖြစ်ပြီး ဖားကန့်မြို့နှင့် ဆိုင်းဂျာဘွမ်ကျေးရွာကို ဆက်သွယ်ထားသည့် ဆိုင်းဂျာဘွမ်လမ်းမပေါ်တွင် လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာကို ဆက်သွယ်ထားသောလမ်း မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံး အနီး တွင်လည်း ဩဂုတ်လ ၆ ရက်နေ့က ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည်။
၂၆။ ဦးမောင်ကြီးလှ အသတ်ခံရမှု AA ၏ အရေးယူဆောင်ရွက်ချက် ပွင့်လင်းမြင်သာမှုမရှိ၊ တရားမျှတမှုရရှိရေး မိသားစုဝင် များလိုလားနေ
August 12, 2022
ပြီးခဲ့သည့် မတ်လအတွင်းက AA မှအမှုကိစ္စတစ်ခုကြောင့် ခေါ်ယူစစ်ဆေးရာတွင် သေဆုံးသွားခဲ့သည့် မြောက်ဦးမြို့မှ ဦးမောင်ကြီးလှအတွက် တရားမျှတသောစီရင်မှုကိုရရှိရန် မိသားစုဝင်များလိုလားလျက်ရှိသည်။ မြောက်ဦးမြို့နယ် မြို့သစ် ရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်ကြီးလှမှာ AAA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ လူသတ်အလောင်းဖျောက်မှုကိစ္စတစ်ခုကြောင့် AA မှခေါ်ယူစစ်ဆေးစဥ် ရောဂါအခံကြောင့် မတော်တဆမှုဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု AA ဖက်မှပြောဆိုထားသည်။ မိသားစု ဝင်များဖက်မှမူ ဦးမောင်ကြီးလှ တွင် မည်သည့်ရောဂါအခံမှမရှိကြောင်း စစ်ဆေးရန်ခေါ်သွားပြီး တစ်ပတ်အကြာတွင် ဒဏ်ရာ ဒဏ်ချက်များပါသည့် အလောင်းကိုသာ ဆေးရုံ၌တွေ့ရခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုထားသည်။ သေဆုံးမှုနှင့်ပတ်သက်၍ လည်း AA ဖက်မှ ဦးမောင်ကြီးလှ အား စစ်ဆေးခဲ့သည့် စစ်ဆေးရေးမှူး၂ ဦးအားအရေးယူထားပြီဖြစ်ကြောင်းနှင့် မိသားစုဝင်များ ကိုလည်း ကျေနပ်သည်အထိပြောဆိုပြီးဖြစ်သည်ဟု ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ULA/AA ၏ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခကပြောကြားမှုရှိခဲ့သည်။
သို့သော်လည်း ၎င်းတို့ကို မည်သို့အရေးယူထားကြောင်းကိုမူရှင်းလင်းစွာပြောကြားမှုမရှိခဲ့ဘဲ မိသားစုဝင်များအား ကျေနပ်သည်အထိပြောဆိုမှုရှိသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ဦးမောင်ကြီးလှ ၏ မိသားစုဝင်များဖက်မှ တုံ့ပြန်ပြော ဆိုမှုတို့ ရှိခဲ့သည်။ “သူတို့အရေးယူထားတယ်ဆိုတာတွေကိုလည်း ဘယ်လိုဘယ်ပုံအရေးယူတယ်လို့မသိရပါဘူး။ လူသတ်မှု တစ်ခုကြောင့် ဖမ်းတယ်တဲ့။ တကယ့်လူသတ်တရားခံတွေကျတော့လွတ်နေတယ်။ ဘာအပြစ်မှမရှိတဲ့သူကျတော့ အသက်ပါ ပေးလိုက်ရတယ်။ တကယ်ဝမ်းနည်းရပါတယ်။ သူသေသွားမှုနဲ့ပတ်သက်လို့တော့ အရေးယူတယ်ဆိုရင်လည်း တရားမျှတမှု တစ်ခုကိုတော့ မိသားစုတွေဖက်ကလိုချင်ပါတယ်” ဟုပြောသည်။ ဦးမောင်ကြီးလှ သေဆုံးမှုအတွက် အရေးယူဆောင်ရွက်မှု ပိုင်းနှင့်ပတ်သက်၍ သြဂုတ် ၁၁ ရက်သတင်းစာရှင်းလင်းပွဲတွင်လည်း AA ဖက်မှ ရှင်းလင်းစွာဖြေဆိုမှုတို့မရှိခဲ့ပေ။ ယင်းအပြင် သေဆုံးသူ ဦးမောင်ကြီးလှ ပတ်သက်၍ တရားခံများကို ပုဒ်သည့်ပုဒ်မများဖြင့် အရေးယူဆောင်ရွက်နေသည် မည်သည့် တရားရုံးများတွင် စစ်ဆေးခဲ့ကြောင်း ဆိုသည်ကို AA ဖက်က ရှင်းရှင်းလင်းပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း မိသားစုဝင်များကပြော သည်။ ဦးမောင်ကြီးလှ သေဆုံးမှုနှင့်ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်း ကလည်း ယခုကဲ့သို့ လုပ်ရပ်ကို လက်မခံကြောင်း ပြောဆိုသည်။
၂၇။ ရေးမြို့က CDM သားဖွားဆရာမတဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
12 August, 2022
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာ ၂ လမ်းက သားဖွားဆရာမကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ် ၁၁ ရက် ည ၇ နာရီခွဲလောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သားဖွားဆရာမဟာ CDM ဝင်ထားပြီး စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူလည်း ဖြစ်တယ်၊ နောက် PDF တွေနဲ့ ပါဝင်ပတ်သက်မှုနဲ့ မသင်္ကာလို့ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးတာကို ခံရတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး တွေ့ခွင့်မရသေးတာကြောင့် သားဖွားဆရာမရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေ တယ်လို့ ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁ နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ၊ NLD ထောက်ခံတဲ့သူတွေ အပါအဝင် ရေးမြို့နယ်မှာ လူ ၁ ဒါဇင်နီးပါး စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လည်မလွတ် မြောက်သေးတဲ့ သူတွေလည်း ရှိနေပါတယ်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။