ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား
●───── ๑۩۩๑ ─────●
– မင်းသေ့
〓 ပြည်သူသာလျှင် အဓိက— တဲ့။
မှန်ပါတယ်။ မှန်ပါတယ်။ ယေဘုယျတွေ ပြောရင်တော့ မှန်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြည်သူလဲဆိုတာတော့ ရှိသေးတယ်။ ပိုလို့ တိတိကျကျ ပြောရမယ်။ ပြည်သူဆိုတဲ့ စကားလုံးက သိပ် ယေဘုယျဆန်ပါတယ်။ ပြည်သူ – လူထု။ ကြိုက်တာပြော။ ပြည်သူဆိုတဲ့ စကားလုံး၊ လူထုဆိုတဲ့ ဝေါဟာရကို ကွန်မြူနစ်လည်း သုံးခဲ့တာပဲ။ ဆိုရှယ်လစ်လည်း သုံးခဲ့တာပဲ။ ဒီမိုကရေစီမှာလည်း သုံးတာပဲ။ ဖက်ဆစ်တွေလည်း သူ့တိုင်းပြည်ထဲမှာ သူ့လူမျိုး ကို ပြည်သူလူထုလို့ သုံးနှုန်းတာပဲ။ ပြည်သူသာလျှင် အဓိက ဆိုတဲ့ စကားဟာ သိပ် ယေဘုယျဆန်လွန်းပါတယ်။
သူချည်းသာလော… လို့ ထည့်မေးချင်တယ်။ ဒါပေမယ့် မမေးဝံ့ဘူး။ ဘာလို့လဲဆိုတော့ သိပ်ကို မြင့်မြတ်ပါတယ် ဆိုတဲ့ ပြည်သူကို စော်ကားရာကျမစိုးလို့။
■ ပြည်သူသာ အဓိက—တဲ့။
■ သူ့ချည်းသာလော။
■ ပညာလေးနဲ့ပါ ဘုရား— လို့ ပြောရပါလိမ့်မယ်။
ယနေ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်နေကြတယ်။ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံကနေ အာခံ ဆန့်ကျင်တော်လှန်တယ်။ စစ်အာဏာရှင်စနစ် ပြိုလဲပျက်စီးခြင်းဆိုတာကို ဘယ်လို အနက်အဓိပ္ပာယ်ဖွင့်မှာလဲ။ ဘယ်လို သတ်မှတ်ကောက်ယူမှာလဲ။ ခင်ဗျားတို့ မေ့နေကြတာက – စစ်အာဏာရှင် ဗိုလ်နေဝင်းဟာ ရဲဘော်သုံးကျိပ်ဝင် ဆိုတာကို မေ့နေတာပဲ။ ရဲဘော်သုံးကျိပ်ဝင်ဆိုတာ သခင်အောင်ဆန်း ဦးဆောင်တဲ့ အမျိုးသားလက်နက်ကိုင်တော်လှန်ရေးသန္ဓေကို စတင်ခဲ့တဲ့ အဖွဲ့ပဲ။
ဗိုလ်နေဝင်းက သခင်ဘွဲ့ခံခဲ့ တယ်ဆိုတာ မမေ့နဲ့။ သူလည်း ကျွန်စိတ်ပျောက်ချင်လို့ သခင်စိတ်ဓာတ်မွေးခဲ့တာပဲ။ ဒါပေမယ့် သူက သခင်ဖြစ် ချင်စိတ် တကယ်ပေါက်သွားတယ်။ မျက်နှာဖြူကုလားကို သူ မုန်းပေမယ့်၊ သူ့မုန်းတဲ့သူတွေက နိုင်ငံထဲမှာ မရှိ တော့ဘူး။ ရှိနေတာက ပြည်သူ။ တို့ ပြည်သူ။ သခင်စိတ်ပေါက်သွားတဲ့ သခင်ဘွဲ့ခံ ရှုမောင်ဟာ ဗိုလ်နေဝင်း တစ်ဖြစ်လဲ၊ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်လာတယ်။ ထို့နောက် သူကိုယ်တိုင်က သခင် ဖြစ်အောင် လုပ်ပြီး လူထုကို ကျွန်မွေးခဲ့တာပဲ။
ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ခေါင်းဆောင်မှာ – ပညာနဲ့ ဆင်ခြင်တုံတရား ပါမလာရင်၊ ပြည်သူကို ကျွန်လို ဆက်ဆံနိုင်တယ်။ ပြည်သူကိုယ်၌ကလည်း ပညာဓာတ်ခံ နည်းပြီး ကျွန်ဓာတ်ခံမြင့်နေရင် ကျွန်ဖြစ်အုံးမှာပဲ။ ဒီနေ့ ခေတ်မှာ ပြည်သူသာ အဓိက — ဆိုတဲ့ ကြွေးကြော်သံ သိပ်ခေတ်စားတယ်။
■ ပြည်သူသာ အဓိက—တဲ့။
■ သူ့ချည်းသာလော။
■ ပညာလေးနဲ့ပါ ဘုရား— လို့ ပြောပါ။
■ ဒါမှ ပြည့်စုံပါလိမ့်မယ်။
လူပိန်းကြိုက်ဝါဒ ဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့ – လူအုပ်ကြီးကို ကိုယ့်ဘက်ပါလာအောင် သိပ် ယေဘုယျ ဆန်တဲ့ စကားလုံးတွေနဲ့ မဲဆွယ်မှုဆန်ဆန် ကျုံးသွင်းမှုတွေ လုပ်မပေါ့။ ဒါပေမယ့် ပညာမတတ်တဲ့ လူထုဟာ ခေတ်ကို မဖန်တီးနိုင်ဘူး၊ စနစ်ကို မဖန်တီးနိုင်ဘူး။ အနာဂတ်ကိုလည်း မဖန်တီးနိုင်ဘူး။ အတွေးအခေါ် မရှိတဲ့ လူထုဟာ ခေတ်ကိုလည်း မဖန်တီးနိုင်ဘူး၊ စနစ်ကိုလည်း မဖန်တီးနိုင်ဘူး၊ အနာဂတ်ကိုလည်း မဖန်တီးနိုင်ဘူး။
〓 စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးတဲ့။
တချို့က စစ်ခေါင်းဆောင်တွေကို သုတ်သင်လိုက်ရင် ပြီးပြီလို့ ထင်တယ်။ တချို့ကလည်း စစ်အုပ်စုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်မှ ရမယ်လို့ ထင်တယ်။ တချို့ကလည်း စစ်တပ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲပစ်ရ မတဲ့။ ဒီလို ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့လူထု (တနည်း) ဒီလို စစ်တပ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရေး လုပ်မယ့် လူထုထဲက ထွက်လာတဲ့ခေါင်းဆောင်မှာ ပညာပါမလာရင် ဘယ်လို လုပ်မလဲ။ တိုင်းပြည်တည်ဆောက် တဲ့အလုပ်ဟာ စိတ်ထဲ ထင်ရာ စွတ်လုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ နိုင်ငံရေးမှာ လူပိန်းကြိုက်မဲဆွယ်ဖို့အတွက် ယေဘုယျဆန်ဆန် စကားလုံးတွေ သုံးတတ်ရင် ရပေမယ့်၊ တကယ် ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖို့အတွက် ယေဘုယျဉာဏ်လောက်နဲ့ မရဘူး။
ပြည်သူထဲက တက်လာတဲ့ခေါင်းဆောင်မှာ၊ ပညာနဲ့ ဆင်ခြင်တုံတရား ပါမလာရင် အဲသည့်တိုင်းပြည် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပြည်သူသာ အဓိက ပြောပေမယ့် အဲသည့် ပြည်သူမှာ ပညာနဲ့ ဆင်ခြင်တုံတရား ပါမလာ ရင် အဲသည့်တိုင်းပြည် ဘာမှ မဖြစ်ဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာ မူ မရှိရင် စနစ်မရှိရင် နှုန်းစံ မရှိရင် အဲဒါ လူသတ်ကောင်ပဲ။ တော်လှန်ရေးသမား မဟုတ်ဘူး။
ပြည်သူလို့ ပြောပေမယ့် ပညာပါမလာရင် အဲဒါ လူအုပ်ကြီး ပဲ။ တကယ့် ပြည်သူ မဟုတ်ဘူး။ ပညာမရှိတဲ့ ပြည်သူကို အကြီးအမှူးပြုတဲ့ လုပ်ရပ်ဟာ လူပိန်းကြိုက် လူအုပ်ဝါဒပဲ ဖြစ်တယ်။ လူအုပ်ဝါဒကနေ ဘယ်လို စနစ်ကောင်းမှ ထွက်လာစရာ အကြောင်းမရှိဘူး။ စနစ်ကောင်းထွက်မလာရင် လူထုရဲ့ လူချင်းတူတူ – သူချင်းမျှမျှ ရှင်သန်ရပ်တည်နိုင်မှုနဲ့ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ လူသားလွတ်လပ်ခွင့်တွေ ရတဲ့ အသိုင်းအဝန်းကိုလည်း ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။ သိပ်ပြီး များများစားစား မျှော်လင့်မနေနဲ့။
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပညာအားဖြင့် အမြော်အမြင်ရှိရှိ လူထုထံ ရင်းနှီးမြှုပ်နှံပြီး ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်ရင်၊ ပြည်သူလိုလားထောက်ခံခဲ့တဲ့ ခေါင်းဆောင်ကပဲ အာဏာရှင်ပြန်ဖြစ်မယ်။
သမိုင်းဘီးဟာ ဘယ်တော့မှ ပြီးပြတ်မှာ မဟုတ်ဘူး။ ဆက်ခါ ဆက်ခါ အမှားဟောင်းပဲ ဆက်ဖြစ်နေမှာ – မုချ။