သတင်း

ကလေးမြို့ GTC ကျောင်းအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ GTC ကျောင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချူပ်(CNO) က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချူပ်(CNO)က ဆိုထားပါတယ်။

စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်မှုအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ထန်တလန်သို့ ဖြတ်သန်းသွားလာနေတဲ့ သီမစ်ချောင်း အနီးတဝိုက်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန် နေတာပါ။

ဓါတ်ပုံ – PDF Kalay

Related Articles

Back to top button