ဆောင်းပါး

အာစီယံကို စာရင်းထဲ ထည့်စရာ မလိုတော့

အာစီယံ ကို စာရင်းထဲ ထည့်စရာ မလိုတော့

**************************************

၂၀၂၂ အတွက် အာဆီယံ ဥက္ကဌ ဖြစ်လာမည့် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာ နိုင်ငံသို့လာ ရောက်ရန် စိတ်ဝင်စားနေသည် ဆိုသော သတင်းများ ထွက်ပေါ်လာသဖြင့် မြန်မာ အရေး နှင့် ပတ်သက်၍ အာဆီယံ အဖွဲ့ အတွင်း အကွဲအပြဲများ ဖြစ်လာနိုင်ပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ မင်းအောင်လှိုင် အပေါ် တဖန် ပြန်၍ လူရာသွင်းလာမည့် အရေး အပေါ် စိုးရိမ်မကင်း ဖြစ်လာနေပေသည်။

နောက်လ အတွင်း ဂျိုး ဘိုင်ဒင်သည် ဝါရှင်တန် တွင် အာဆီယံ အဖွဲ့ ခေါင်းဆောင်များ နှင့် လူချင်း တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုထားပြီး ဖြစ်သည်။

သို့သော် အာဏာသိမ်း အဖွဲ့ အတွက် နိုင်ငံတကာ သို့ ဝင်ထွက်ခွင့် ရရှိရေးသည် လတ်တလော တွင် ဦးစားပေး အဆင့် မရှိတော့၊ ၎င်းတို့၏ တနေ့တခြား ပျက်ယွင်းလာနေသော အုပ်ချုပ်ရေး အတွက် စိုးရိမ်ပူပန် စိတ်များ ကြီးထွားလာနေလေသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် တွင် ပြည့်သူကာကွယ်ရေး နှင့် လုံခြုံရေး အဖွဲ့က ချင်းတွင်း မြစ်ကြောင်းတ လျှောက် ဆိပ်ကမ်း ငါးခု တွင် ဆိုက်ကပ်လာသော သင်္ဘော များကို စစ်ဆေးသွားမည် ဖြစ်သည်ဟု ကြေညာချက် ထွက်ပေါ်လာသည်။

စစ်ကိုင်းတိုင်း အတွင်း အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ ၃၀၉ ဦး သည် စစ်ကောင်စီတပ်များ လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ယခုအခါ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ် တိုင်းလိုလို တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်သည်။ အခြား အမည်များ နှင့် ဖွဲ့စည်းထားသော အဖွဲ့များ နှင့်ဆိုလျှင် စုစုပေါင်း ၅၀ ခန့် ရှိမည်ဟု သိရသည်။ မြောင်မြို့နယ် အတွင်း အမျိုးသမီး သီးသန့် တပ်ဖွဲ့ပင် ရှိလာ နေပြီ ဖြစ်သည်ဟု ဆိုသည်။ ထို့အတွက် စစ်ကိုင်းတိုင်းသည် လွတ်မြောက်ဒေသ ဖြစ်ရန် အနီးစပ်ဆုံး အနေ အထား ရောက်ရှိလာနေပြီ ဖြစ်သည်။

ပြည်သူများက နေ့စဉ်နှင့် အမျှ စစ်အာဏာရှင် စနစ်အောက်တွင် မွန်းကျပ်သည်ထက် မွန်းကျပ်လာနေမှုများ အောက်မှ ရုန်းထွက်လိုစိတ်များက တားဆီးမရအောင် ဖြစ်ပေါ်လာနေပြီ ဖြစ်၍ ၂၀၂၂ အတွင်း ပေါ်ထွန်းလာမည့် အောင်မြင်မှုများ အတွက် အစွန်အဖျား tip of the iceberg ဖြစ်ပေတော့သည်။

ထို့အတွက် စစ်တပ်သည် ၂၀၂၂ အတွင်း ပြည်သူ တို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏  အရှိန် အဟုန် မြင့်တက်လာတော့ မည့် ခုခံ တွန်းလှန်စစ်ကြီး နှင့် မလွဲမသွေ ရင်ဆိုင်ရတော့မည် ဖြစ်၍ အာဆီယံ ကိုပင် သူ့ဖာသာ ဘာလုပ်လုပ် အရေးထားရန် မလိုတော့ဟု ဝါရှင်တန်ရှိ Council on Foreign Relations တွေးခေါ် မျှော်မြှင်ရေး အဖွဲ့ကြီးမှ အွန်လိုင်း တွင် ရေးသားလာသည်။

ဝါရှင်တန် သည် တလ အတွင်းမှာပင် မြန်မာ အရေး နှင့် ပတ်သက်၍ ထိပ်တန်း အရာရှိကြီး နှစ်ဦး ဖြစ်သော အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ၊ စီအိုင်အေ ဒုတိယ ညွှန်ကြားရေးမှုးချုပ် တို့ အား အရှေ့တောင် အာရှ နိုင်ငံများသို့ စေလွှတ်ခဲ့ပြီး၊ နှစ်ယောက်စလုံးပင် ထိုင်း နိုင်ငံ သို့ အရောက်သွားပြီး အစိုးရ အကြီးအကဲများ နှင့် ဆွေးနွေးခဲ့သည့် ဖြစ်စဉ်များက လျှော့တွက်ထား၍ မရသည်ကို အာဏာသိမ်း အဖွဲ့က ကောင်းစွာ သိမြင်ပြီး ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီသည် တယ်လီဗီရှင်း ပေါ်မှာပင် လှုပ်ရှားပြကာ အုပ်ချုပ်နေရသည့် အဖွဲ့ ဖြစ်လာနေကြောင်း ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။ လက်နက် တပ်ဆင်ပေး နိုင်ရန် ရံပုံငွေ ရရှိမှု အပေါ် မူတည် ဆောင်ရွက်နေကြောင်း နှင့် လက်ရှိတွင် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ အားလုံး ၏ ၉၀ % နှင့် ချိတ်ဆက်မိနေပြီ ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် တဖြေးဖြေး နှင့် ရှိသမျှ အင်အားကို ဖြန့်ကျက် ချထားလာရတော့ပေမည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အရေးနိမ့်လာနေမှုများ အတွက် လူထု၏ ထောက်ခံမှု ရလိုရငြား ဘာသာရေးကို ခုတုံးလုပ်ကာ ဝါဒဖြန့်လာကြသည်။ ၎င်းတို့ အား လက်နက်စွဲကိုင် တွန်းလှန်နေသော PDF တပ်များအပေါ် ထင်ယောင်ထင်မှား ဖြစ်လာစေရန် လက်နက်များကို အစ္စလမ် အိုအိုင်စီ မှ ထောက်ပံ့ပေးနေပြီး NLD အမတ် များက ဦးဆောင်နေသည် ဆိုသော လက်ကမ်း စာစောင်များအား လေယာဉ်ဖြင့် မင်းကင်း မြို့ပေါ် သို့ ကြဲချခဲ့ သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြခဲ့သည်။

မင်းအောင်လှိုင်ကလည်း သာသနာ ထွန်းကားရေး အတွက် စွမ်းစွမ်းတမံ လှူဒါန်း ဆောင်ရွက်ခဲ့သူများ အား ဆုတံဆိပ်များ ချီးမြှင့်လာပြန်သည်။ သူ့ကိုယ်သူလည်း သာသနာ ဒါယကာ ဦးသျှောင်ကြီး အဖြစ် ခံယူလာ ပြန်သည်။ သို့သော် ဒီမိုကရေစီ နည်းအရ ပြည်သူများက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် အစိုးရလက်မှ အာဏာကို အတင်းအကျပ် လုယူကာ လူ နှစ်ထောင် နီးပါး သတ်ဖြတ်ခဲ့ခြင်း၊ မဲ ခိုးသည့် အမှု အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံအား မဟုတ်တန်းတရား လိမ်လည် စွဲဆိုနေမှုများ အစရှိသည်တို့ကို နေ့စဉ်နှင့် အမျှ ကျူးလွန်နေကြသည့် အဖြစ်ကို ပြည်သူများက မျက်ဝါးထင်ထင် တွေ့မြင်သိရှိခွင့် ရသွားခဲ့ပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာ ၏ အခြေခံ ငါးပါးသီလ တွင် ပါဏာတိပါတ နှင့် မုသာဝါဒ အပြစ်များကို ကျူးလွန်နေသည့် အဖွဲ့ကြီး၏ ခေါင်းဆောင် ဖြစ်နေခြင်းကပင် ကျွနိုပ်သည် ကြောင်သူတော် ပါဟု ကြွေးကြော်နေသကဲ့သို့ ဖြစ်လာ ခဲ့ရကြောင်းလည်း ဆိုသည်။

Hla Soewai (လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၆၊ ၂၀၂၁

Related Articles

Back to top button