သတင်း

နေ့စဉ်သတင်းအကျဉ်း

                                                                 မေလ – ၁၉ – ၂၀၂၂ ခုနှစ်

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်ခဲ့သည့် ပြည်သူလူထုအပေါ် အာဏာသိမ်း စစ်ကောင်စီတပ် မှ အကြမ်းဖက် တိုက်ခိုက် ပစ်သတ်မှုကြောင့် ယနေ့ မေလ (၁၉)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၈၅၀ )ဦးအထိရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျခံနေရသူ ( ၁၃၇၅၉ )ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်း စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်သား ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ကော်ဘရာစစ်ကြောင်း၏ သတင်းထုတ်ပြန် ချက်တွင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ‌ လေယာဉ် အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁) စီး ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

 

  • ရခိုင်တွင် ပြည်သူလူထုဒုက္ခမရောက်စေချင်သည့်အတွက် စစ်ကောင်စီက ထိန်းသိမ်းဆောင်ရွက် နေပြီး အကယ်၍ ပဋိပက္ခများ၊ ပြဿနာများဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ခြိမ်းခြောက် ပြောသည်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် နှင့် NUG အစိုးရတို့ အွန်လိုင်းမှာ တွေ့ဆုံခြင်း၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို တွစ်တာပေါ်တွင် သတိပေး စကားပြောဆိုခြင်းတို့ ပြုလုပ်ပြီးနောက် ရက်အနည်းငယ်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

  • အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တက်ရောက်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ယနေ့မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက တာချီလိတ်လေဆိပ်ကနေတဆင့် လေယာဉ်နဲ့ နေပြည်တော်ကို ခရီးထွက်ခွာသွားခဲ့ကြေင်းသိရသည်။

 

  • ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ကျေးရွာကို မေလ ၁၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ မေလ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဖယ်ခုံအရှေ့ဖက်ကမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာ ငါးရက် မြောက်ရှိသွားပြီဖြစ်ပါတယ်။ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ KNDF B-03 တို့ နဲ့ စစ်ကောင်စီ ၄၂၂ တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကူနေတာတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ဆီးမီးလော့ကျေးရွာနဲ့ ဒေါပေါ်ကူးကျေးရွာဘက်သို သွားလာခြင်းမပြုကြဖို့ ဖယ်ခုံ PDF က တိုက်တွန်းထားပါတယ်။

 

  • ဒူးပလာယာခရိုင်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ ယနေ့ မေလ ၁၉ ရက်တွင် ကျောင်းအပ် လက်ခံခဲ့ရာ အစိုးရကျောင်းမှ ပြောင်းလာသည့် ကျောင်းသားအရေအတွက် ယမန် နှစ်ကထက် များလာကြောင်း ကျောင်းအုပ်ဆရာမကြီးက BAP သို့ ပြောသည်ဟု ဖော်ပြထားသည်။ “စစ်ကောင်စီ ကျောင်းက ပြောင်းလာတဲ့ ကျောင်းသားအရေတွက်ကများလာတယ်၊ ကျွန်မတို့ အနေနဲ့ ကျောင်းနဲ့ ဝေးကွာနေတဲ့ ဘယ်ကျောင်းသားကိုမဆို ကျောင်းတက်စေချင်တယ်၊ မနှစ်တုန်း ကဆိုရင် စစ်ကောင်စီကျောင်းက ပြောင်းလာတဲ့ကျောင်းသားတွေမှာ မိခင်ဘာသာစကားနဲ့ ပတ်သက်တဲ့ အခက်ခဲလေးတွေ တွေ့ရတယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

 

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် “လူထုအားနဲ့ တော်လှန်ရေးကို ရှေ့သို့ ချီတက်ကြ” စာသားကို မြို့်တစ်နေရာတွင် ချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး ချိတ်ဆွဲ ဆန္ဒပြခဲ့ကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ မေလ ၁၉ ရက်၊ နံနက်ပိုင်းတွင် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှဦးဆောင်ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး “နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု” ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ အခြားကျေးရွာတစ်ရွာတွင်လည်း ယနေ့မေလ ၁၉ ရက်နေ့၌ “အောင်ပွဲဆိုတာ ငါတို့အတွက်ဘဲ ဖြစ်ရမယ်” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ ကြောင်း သိသည်။

 

  • ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့တွင် ” စစ်ကျွန် ပညာရေး သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် “စစ်ကျွန် စနစ်ဆိုး အမြစ်ကချိုး ပူးပေါင်း တည်ထောင် ဖက်ဒရယ်ပြည်ထောင်” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ သင်္ဃန်းကျွန်းတွင် “စစ်ကျွန် စနစ်ဆိုး အမြစ်ကချိုး ပူးပေါင်း တည်ထောင် ဖက်ဒရယ်ပြည်ထောင်” ဟူသောစာသားကို ကိုင်ဆောင်ကာ သင်္ကန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အ.ထ.က (၂) သင်္ဃန်းကျွန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အ.ထ.က (၄) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ် ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အ.ထ.က (၃) သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်)နှင့် စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်းချီတက်ကြသည်။

 

  • မန္တလေးမြို့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ “မန္တလာသွေးတွေရဲရဲတောက်၊စစ်ဖိနပ်အောက်ဒူးမထောက်” စာသားပါ ဘန်နာကိုင်ဆွဲကာ ဖိနှိပ်မှု တွေတင်းကြပ်နေလည်း မန္တလေးဟာ ဘယ်တော့မှ အသံတိတ်အလံနေမည်မဟုတ်ဟု ဆိုကာ မန္တလေးသပိတ်အင်အားစုမှ ဦးဆောင်ကာ မြို့နေပြည်သူလူထု၏ ပူးပေါင်းမှုဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များက ယနေ့ မေလ ၁၉ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့က ပြည်ကြီးတံခွန်ဆရာတော်နဲ့ ဒေသခံပြည်သူလူထုရဲ့ ပြည်ကြီးတံခွန် သပိတ်အင်အားစု က ဒီကနေ့ (မေလ ၁၉ ရက်) စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ဆင်နွှဲပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက် ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၄၃၅ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မေ ၁၉ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့တွင် “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကိုအမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ ၅/ လက်ပံတောင်းသပိတ်စစ်ကြောင်းသည် ယနေ့တွင် “စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း​ဟေ့ စစ်ကိုင်းတိုင်းဟေ့” ကြွေးကြော်သံဖြင့် အကြမ်းဖက်စစ်အာဏာ ရှင် ဆန့်ကျင်ေရး နံနက်ခင်းသပိတ်ပြုလုပ်ခဲ့ကြသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့မေလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။၊

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌’မီးရှို့လူသတ် စစ်ခွေးတပ်အမြစ်ဖြတ်’ဟု ကြွေးကြော်ပြီး အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံ ကြိုဆိုကြောင်း ယနေ့ မေလ ၁၉ ရက်တွင် ရွှေခွန်မြေ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြကြသည်။

 

  • အရာတော်မြို့နယ်တွင် ၅/ အရာတော် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့ တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေးချီတက် ဆန္ဒပြပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လိုက်ပါ ဝန်းရံခဲ့​ကြောင်း သိရသည်။

 

  • ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်အကြာ ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို ယနေ့တွင် အမိန့်ချရန် ရုံးချိန်းခေါ်ထားသော်လည်း အမှုကို အမိန့် မချမှတ်ဘဲ ဇွန် ၁ ရက်နေ့ကို ထပ်မံရုံးချိန်း ရွှေ့လိုက်သည်ဟု သတင်းရရှိသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦးကို မေလ ၁၉ ရက် ယနေ့တွင် စစ်တွေခရိုင် တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟုဆို၍ မိသားစုများရောက်လာခဲ့ကြသော်လည်း ဆုံးဖြတ်ချက် မချဘဲ ဇွန် ၁ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သဖြင့် စိတ်ပျက်မိကြောင်း ဖမ်းဆီး တရားစွဲဆို ခံထားရသည့် ကိုညီညီအောင်၏မိခင် ဒေါ်နီနီကပြောသည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာကို ယနေ့ မေလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေပျူစောထီးများ သေနတ်ပစ်ဖောက်ဝင်ရောက် လာပြီး အများပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးနေကြောင်းသိရသည်။ ပန်းတိုင်းတော ကျေးရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသော ရွာကြီးတရွာဖြစ်ပြီး ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သတင်းရရှိသည်။

 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ထန်းတောကုန်းရွာတိုက်ပွဲတွင် ဒဏ်ရာရ၊ သေဆုံးတပ်ဖွဲ့ဝင်များ ကို လာသယ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လမ်းတွင် ထပ်မံတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။ သေဆုံးသွားသည့် အဆိုပါအရာရှိကို တပ်အနီး ရှိ တော်လှ သုဿန်၌ နေ့ချင်းသဂြိုလ်လိုက်ကြကြောင်း အရာတော်မြို့နယ် PDF က ယနေ့ မေလ(၁၉)ရက်တွင် သတင်းထုတ်ပြန်သည်။

 

  • မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၁၅ ခုတွင် တရားစီရေးအာဏာကျင့်သုံးမည့် တရား စီရေးအဖွဲ့များ ဖွဲ့စည်းကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတက မြို့နယ်တရားသူကြီးအဖွဲ့များကို ကြားကာလအတွင်း တရားစီရင်ရေး အာဏာများ ကျင့်သုံးဆောင်ရွက်နိုင်ရန် အလို့ငှာ ၁၅ မြို့နယ်တွင် စက်ရှင် တရားစီရင်ရေး အာဏာ များ အပ်နှင်းလိုက်ကြောင်း ၊ အဆိုပါ မြို့နယ်များမှာ –

      (၁)​ ကသာမြို့နယ်၊ (၂)​ကောလင်းမြို့နယ်၊ (၃)​ ကန့်ဘလူမြို့နယ်၊ (၄)​ဗန်းမောက်မြို့နယ်၊ (၅) ကျွန်းလှမြို့နယ်၊ (၆)​ အင်းတော်မြို့နယ်၊ (၇)​ ထီးချိုင့်မြို့နယ်၊        (၈)​ ကနီမြို့နယ်၊ (၉)​ ဝက်လက်မြို့နယ်၊ (၁၀)​ အရာတော်မြို့နယ်၊ (၁၁) ​မြင်းမူမြို့နယ်၊ (၁၂)​ တန့်ဆည်မြို့နယ်၊ (၁၃)​ ခင်ဦးမြို့နယ်၊ (၁၄)​ တမူးမြို့နယ်၊            (၁၅)​ယင်းမာပင်မြို့နယ် တို့ဖြစ်ကြောင်း ကြေညာသည်။

  • စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် EAOs များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(မေလ ၁၉ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ EAOs တို့၏ လိုအင်ဆန္ဒ နှင့် စစ်ကောင်စီ၏ လိုလားချက်နှစ်ခုကြားမှ လက်ရှိလုပ်ဆောင်နေမှုအခြေအနေ၊ အနာဂတ်တွင် လုပ်ဆောင်ရမည့် ကြိုတင်စီမံကိန်းဟူ၍ ၂ ပိုင်းခွဲပြီး ဆွေးနွေးသွားမည်ဖြစ်ကာ ရလာဒ်ကောင်း တစ်ခုထွက်ပေါ်လာသည့်တိုင် ဆွေးနွေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “ထပ်ပြီး တော့ပြောချင်တာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အာမခံတာကတော့ ဒီဆွေးနွေးပွဲ မှာ ရလာဒ်ကောင်းတစ်ခုထွက်လာအောင် ဆွေးနွေးမယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲဟာ ဆုံးဖြတ်ပေးနိုင်တဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဖြေတစ်ခုဆိုတာထက် ဆက်လုပ်ရမဲ့ လုပ်ငန်းတစ်ခု ရလာဒ်ကောင်းတစ်ခုထွက်ပေါ်လာတဲ့တိုင် ဆွေးနွေးနိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု ၄င်းကဆိုသည်။

 

  • မီတာခ မဆောင်သည့် နေအိမ်များကို မီတာခပေးဆောင်ရန် ခြိမ်းခြောက်ကောက်ခံနေသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့ EPC ရုံးကို ဗုံးခွဲ သတိပေးခဲ့ကြောင်း Urban Revolutionary Force (URF-Bhamo) အဖွဲ့မှ သိရသည်။ ဗန်းမော် EPC ရုံးဝန်ထမ်းများသည် စစ်ကောင်စီတပ်စစ်သား၊ ရဲများနှင့်ပူးပေါင်းကာ ပြည်သူများထံမှ အကြမ်းဖက်နည်းဖြင့် မီတာကောက်ခံနေသောကြောင့် ယနေ့ နေ့လည်ပိုင်းတွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း URF အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောသည်ဟု ဒေသအခြေစိုက် KNG သတင်းဌာနတွင်ဖော်ပြထားသည်။ ”တစ်ချိန် တည်းနဲ့ နှစ်လုံးပစ်ပြီးသတိပေးခဲ့တာပါ။ သူတို့ကပြည်သူတွေကိုအကြမ်းဖက်နေတဲ့ သဘောမျိုးဖြစ် သွားနေတာ။ သူတို့လုပ်ရပ်က ဒီရက်ပိုင်းအတောအတွင်းမှာဒီကောင်တွေက ပြည်သူတွေရဲ့ မီတာဘောက်တွေကို သွားပြီးဖြုတ်တယ်။ အိမ်တွေကိုဝင်ပြီးပိုက်ဆံအတင်းတောင်းတယ် မပေးရင် မီတာဖြုတ်မယ် မီးကြိုးတွေဖြတ်မယ် အဲ့လိုအတင်းအဓမ္မဆက်ဆံပြီးတော့မှ နောက်ယှက်နေ တယ်ဗျ”ဟု ၎င်းကပြောသည်။

Related Articles

Back to top button