သတင်း

နေ့စဉ်သတင်းအကျဉ်း

                                                      မေလ – ၁၈ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားမှုအပေါ် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များမှ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ မေလ(၁၈)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူပေါင်း ( ၁၈၄၈ ) ဦးအထိရှိခဲ့ပြီး မတရား ဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျနေရသည့် ပြည်သူ ( ၁၃၇၃၇ ) ဦးအထိ ရှိသည်ဟု AAPP မှ ထုတ်ပြန်ထားသည်။

 

  • ဖယ်ခုံမြို့အရှေ့ဘက်ကမ်းဒေသ၊ ဆီးမီးလော့ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း တိုက်ပွဲတွင် ရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိထားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး (KNDF) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ကစ၍ ထိတွေ့တိုက်ပွဲမှာ နေ့လယ် ၁နာရီ အချိန်အထိ အပြန်အ လှန်ပစ်ခတ်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း လွိုင်ကော် အမြောက်တပ်နှင့် (၄၂၂)တပ်ရင်းအတွင်းမှ လက်နက်ကြီးအဆက်မပြတ်ပစ်ကူပေးနေသည်ဟု ဆိုသည်။

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ သေ့ဘောဘိုးတပ်စခန်းကို ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNLA သတင်းရင်းမြစ်များက အတည်ပြု သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်  ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ်  ၂ စီး၊ CH 3 Drone ၁ စီးဖြင့် အကြိမ် ၂၀ နှင့် အထက် ရဟတ်ယာဉ်နှင့် လေယာဉ်များဖြင့် လာရောက် ဗုံးကျဲ၍ စခန်းပြန်ရရန် တိုက်ခိုက်သော်လည်း မအောင်မြင်ဘဲ စစ်သားသေဆုံးမှုများစွာဖြင့် အရှုံးပေးထွက်ပြေးသွားရကြောင်း သိရှိရသည်။

 

  • ပူတာအိုတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုက မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်အချို့ကို ပေါ်တာဆွဲကာ အသုံးပြုခဲ့ကြောင်း သိရသည်။ ခရီးသည်တင်ယာဉ်၊ ဆယ်ဘီးကားနှင့် ဆောက်လုပ်ရေးသုံးကားများကို လက်နက်နှင့် အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်မြို့မှ မိုင်ထောင်ကျေးရွာသို့ လိုက်ပါပို့ဆောင် စေခဲ့သည်ဟု ယာဉ်မောင်း အမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်ဟု ဖော်ပြထားသည်။ “ဆွမ်ပရာဘွမ်ကနေ ဆူယန်ကျော်အထိ သူတို့က လမ်းလျောက်တာ ကျွန်တော်တို့က နောက်ကနေ တကောက်ကောက်လိုက်နေရတာ မကျော်ခိုင်းဘူး။ ဆူယန်အကျော်ကနေ ပစ္စည်းနည်းနည်းတင်ချင် လို့ ကူညီပါဦးဆိုပြီးလာပြောတယ်။ ခရီးသည်ကား ဆယ်ဘီးကားနဲ့ ဆောက်လုပ်ရေးကားတွေက စစ်သားရော သူတို့ပစ္စည်းတွေရော” ဟုသူကပြောသည်။

 

  • ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှာ မိုးရာသီတွင်နေထိုင်ရန် အဆင်မပြေနိုင်သည့်အတွက် မိုးမ ကျမီ ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ စစ်ဘေးရှောင်စခန်း အချို့မှာ ဝါး၊ ဓနိ၊သက်ကယ်များဖြင့် ပြုလုပ်ထားသည့်အတွက် မိုးရာသီမကျရောက်မီ ပြုပြင်ရန်လို အပ်နေပြီး လက်ရှိတွင် ငွေကြေးအခက်အခဲကြောင့် ပြန်လည်မပြုပြင်နိုင်သေးကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။ ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးရှောင် စခန်းက အမျိုးသမီးတစ်ဦးက “ထမင်းချက်လို့လည်း မရ ဘူး။ မိုးကဆက်တိုက် ရွာနေတယ်။ အိမ်တိုင်း မိုးယိုတယ်၊ ပြန်ဆောက်ဖို့အတွက်လည်း ငွေကြေးအခက် အခဲကြောင့် ပြန်ဆောက်ဖို့အခက်အခဲ ရှိနေပါတယ်” ဟု ဆိုသည်။

 

  • ကလေးမြို့ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် “စစ်ကျွန် ပညာရေး သပိတ်မှောက် ဖက်ဒရယ် လမ်းကို ရဲရဲလျှောက်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်၊ လှိုင်မြို့နယ်တစ်နေရာတွင် ‘ ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ‘ ကြွေးကြော်သံဖြင့် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။ လူထုသပိတ်တိုက်ပွဲဝင် သပိတ်ရဲဘော်များ၊ CDM သူရဲကောင်းများ၊ တောတောင်ထဲမှ PDF သူရဲကောင်းများ၊ ထောင်တွင်းမှ ကျောင်းသား ပြည်သူများ၊ အနီများ၊ အစိမ်းများအားလုံးသည် မည်သည့်အရောင်ကာလာကွဲပြားပါစေ ပြည်သူ လူထုသာဖြစ်ကြောင်း နှင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း ‘ Accept NUG , Reject military ‘ စာသားများကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း(SC Strike)၊ အလုံလူငယ်တပ်ဦး (AYF) ၊ အခြေခံပညာကျောင်းသား လူငယ် များအစည်းအရုံး(အကလ-ဗဟို)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) တို့မှ အားဖြည့်ဝန်းရံခဲ့ကြပြီး အကြမ်းဖက် ဖက်ဆစ်သူပုန်တပ်များ၏ စစ်ဆေးမှုအဖမ်းအဆီး အကျပ်အတည်းများကြားမှ အောင်မြင်စွာ ဖောက်ထွက်ကာ လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ ကြကြောင်း သိရှိရသည်။

 

  • ရန်ကုန်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် “That Government Is Best Which Governs Least” ဟူသောစာသားကို ကိုင်ဆောင်ကာ အ.ထ.က (၃) ကြည့်မြင်တိုင်အခြေခံပညာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဖက်ဆစ်ဆန့်ကျင် ရေး လှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ လှုပ်ရှားမှုကို GSC အင်အားစုတွေဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ် (ဗကသ)၊ သင်္ကန်းကျွန်းမြို့နယ် (ဗကသ) ၊ တာ‌မွေမြို့နယ် (ဗကသ) ၊ အ.ထ.က (၆) အလုံ (ဗကသ) ၊ အ.ထ.က (၃) သာ‌ကေတ (ဗကသ)၊အ.ထ.က (၁) မရမ်းကုန်း (ဗကသ) ၊ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ နှင့် တိုးတက် သောမွတ်စ်လင်မ်လူငယ်များအစည်းအရုံးတို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

  • ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂ အမှတ် ၂ ကို မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့မေလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူလူထုထံသို့ ဖြန့်ဝေမှုများပြုလုပ်ခဲ့ပါသည်။

 

  • မန္တလေးတွင် သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် “အင်အားတွေ မပြိုကွဲဖို့ စည်းလုံးမှုတွေ ခိုင်မြဲနေရမယ်။ စည်းလုံး ညီညွတ်စွာဖြင့် အာဏာရူးကို တော်လှန်ကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် ” မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် ၄၃၄ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ဆားလင်းကြီး မြို့နယ်တွင် မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင် ကော်မတီအဖွဲ့နှင့် လက်ပံတောင်းတောင် ပင်မ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် “လူထုအားဖြင့်သာ အာဏာရှင်စနစ်ကို ဖြိုချနိုင်မယ်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ ယိုယွင်းပျက်စီးလာ သည့်အတွက် ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “ဝါးနဲ့ပဲ လုပ်ထား တဲ့ကြမ်းခင်းတွေဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဆွေးသွားတာတွေလည်း အများကြီးရှိတယ်။ အပေါ်ကဆိုလည်း မိုးကယိုတော့ ဒီကြမ်းခင်းတွေက ပိုပြီးဆွေးလွယ်တာပေါ့။ တစ်ခါတစ်လေ အဆောင်ထဲဝင်တာနဲ့ ကြမ်းခင်းတွေ နင်းမိပြီး ကြိုးသွားတာတောင်ရှိတယ်။ ပြီးရင် အဆောက်အဦး က သစ်ကောင်းတာနဲ့ လုပ်ထားတာ မဟုတ်တော့ ပိုးတွေစားပြီးဆွေးလာတယ်။ အောက်ခြေ foundation ဘက်ကနေတောင် ပိုးတွေစားပြီး အကုန်ပျက်စီးနေပြီ” ဟု ဂျန်မိုင်ကောင်စစ်ဘေးရှောင် စခန်းတာဝန်ရှိသူက ဆိုသည်။ မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၃ စု လူဦးရေတစ်ထောင်ကျော် နေထိုင်လျှက်ရှိပြီး အဆောင် ၂၀ ကျော်ရှိသည့် စခန်း ဖြစ်သည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် ပြည်သူပြည်သားသတင်းသမား(CJ) တယောက် ဖြစ်တဲ့ ကိုသန်းစိုးအောင်ကို စစ်ကောင်စီတရားရုံးက ဒီကနေ့ မေလ ၁၈ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်  ချမှတ်လိုက်ပါတယ်။ သတင်းထောက် ကိုသန်းစိုးအောင်ကို မတ်လပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၂(က)နဲ့ တရားစွဲဆိုကာ ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့လို့ သူနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ် ၊ ဆေးမင်းတောနယ်မြေ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁ ဦး လက်နက်အနဲ့ အတူ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Htilin) ဆီ ဆက်သွယ်ပြီး CDM ပြု့လုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ PDF-Htilinက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါရဲတပ်သားဟာ M-13 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်တောင့်အရေအတွက် (၆၅) တောင့်နဲ့ အတူ အလင်းဝင်ရောက်လာတာဖြစ်လို့ PDF-Htilin (Yaw Region)က ဂုဏ်ပြု့ငွေ ကျပ်သိန်း ၅၀ ချီးမြှင့် ခဲ့တယ်လို့ ဆိုပါတယ်။

 

  • ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ် စစ်ကောင်စီခန့် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး လူမိုက် ပြုံးချိုသည် ယနေ့ ညနေ ၅ နာရီခွဲမတိုင်မီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ပြုံးချိုသည် စစ်ကောင်စီတပ်၏ သတင်းပေးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် တောင်ဒဂုံ ရိုးမရိပ်သာလမ်းမကြီးပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

Related Articles

Back to top button