ဖက်ဒရယ်ဂျာနယ် ( မေလ- ၇ )
မွန်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊လူမူရေး၊စာပေ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စများနှင့် အမျိူးသားရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နိုင်ရန်အတွက် မွန်အမျိူးသားအဖွဲ့ချုပ်(ယာယီ) ကို မွန်အမျိူးသားရေးရာညီလာခံတွင် ဖွဲ့စည်းလိုက်သည်။ မွန်အမျိုးသားအဖွဲ့ချုပ်(ယာယီ)ကို မွန်ပြည်သစ်ပါတီ (NMSP) ၊ မွန်ညီညွတ်ရေးပါတီ (MUP) ၊ မွန်အရပ်ဖက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့သည်။ မွန်အမျိူးသားရေးရာညီလာခံကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဌာန(ဗဟို) ညီစားစခန်းတွင် မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
မွန်အမျိူးသားအဖွဲ့ချုပ်အတွက် ရေးဆွဲချမှတ်ထားသည့် မူဝါဒများကို ပြန်လည်သုံးသပ် ရန်လိုအပ်နေသည်ဟု ယူဆသည့်အတွက် ညှိုနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
“ ဒီမွန်အမျိုးသားအဖွဲ့ချုပ်က မွန်တစ်မျိုးသားလုံးအတွက် လိုအပ်တယ်၊ အရေးလည်းကြီးတယ်။ မွန်တမျိူးသားလုံးရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမူရေး ကိစ္စတွေ အကုန်ပေါ့ဗျာ၊ ဒီအဖွဲ့က ဦးဆောင်ပြီးတော့ မူဝါဒတွေချမှတ်သွားမယ်၊ ချမှတ်ပြီးသားဖြစ်တဲ့ မူဝါဒတွေကိုလည်း အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပါ ” ဟု ညီလာခံကိုတက်ရောက်ခဲ့သည့် ဖက်ဒရယ်အရေးကို စိတ်ဝင်စားသည့် မွန်လူငယ်တစ်ဦးက ဆိုသည်။
မွန်အမျိူးသားအဖွဲ့ချုပ်၏ မူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် အဖွဲ့ချုပ်တွင် ပါဝင်သွားမည့် ပုဂ္ဂိုလ်များရွေးချယ်သတ်မှတ်ရန်အတွက် ညှိနှိုင်းရေးအဖွဲ့ငယ်တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
“ မွန်အမျိူးသားအဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြန်ပြီးသုံးသပ်ဖို့ရယ်၊ ပါဝင်ရမယ့်လူတွေကို ရွေးချယ်ညှိနှိုင်းဖို့အတွက် အဖွဲ့ငယ်တစ်ခုကို အရင်ဖွဲ့လိုက်တာပေါ့လေ။ အဲဒီကနေတစ်ဆင့် မွန်အမျိူးသားအဖွဲ့ချုပ်ကို ဖွဲ့သွားမှာပါ “ ဟု ၎င်းက ဆက်ပြောသည်။
ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်သည့် ပြည်ထောင်စုဖွဲ့စည်းပုံ ဥပဒေ၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပေဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ မွန်အမျိုးသားတို့အတွက် ယခင်က ရေးဆွဲချမှတ်ထားသည့် မူဝါဒများကို အတည်ပြုခြင်း၊ မွန်အမျိုးသားအလံနှင့် မွန်အမျိူးသားနေ့ တရားဝင်ရုံးပိတ်ရက်ရရှိရေး၊ မွန်အမျိုးသား ရန်ပုံငွေကိစ္စ စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ညီလာခံ ၄ ရက်တာတွင် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ၊ မွန်ညီညွတ်ရေးပါတီ (MUP) ၊ မွန်အရပ်ဖက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ လေ့လာသူများဖြင့် ကိုယ်စားလှယ် ၂၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။