သတင်း

နေ့စဉ်သတင်း အကျဉ်း

 ဖေဖော်ဝါရီလ – ၂၅ – ၂၀၂၂

 

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၈၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၃၉၆)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ရိက္ခာပို့ရန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်း အား CNDF က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ခန့်သေဆုံးခဲ့သည်ဟု CNO က ယနေ့ ထုတ်ပြန်ဖော်ပြထားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ၂၄ ရက်တွင် ယာဥ် ၃၀ စီးပါသည့် အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်တန်းသည် ဖလမ်းမြို့သို့ ရိက္ခာပို့ရန် တက်လာတာဖြစ်ပြီး အဆိုပါ ယာဥ်တန်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖလမ်းမြို့၊ထင်းရှူးစခန်းကျေးရွာအနီးတွင် CNDF မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ၁၀ ဦးခန့်သေ ဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထိုပစ်ခတ်တိုက်မှုတွင် CNDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

 

  • ပူတာအို စစ်ရှောင် ၁၀၀၀ ကျော်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်နေ သည်သည်။ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီက လေယာဉ်များဖြင့် နှစ်အကြိမ် ဗုံးလာကြဲခဲ့ပြီးနောက် ဒေသခံ ၁၀၀၀ ကျော်က စစ်ဘေးလွတ်ရာ တောတောင်များထဲ ထွက်ပြေး နေကြရပြီး ယခုခါ ဆန်နှင့် အခြေခံ စားသောက်ကုန်များ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။ ဆန္ဒပြ ပြည်သူများက ‘’ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ “ ၊ ‘’တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ ‘’NUG အစိုးရ ဒို့အစိုးရ” ၊ ‘’ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ ‘’ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ’’၊ ‘’စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ ‘’ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ ‘’ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန် ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

 

  • ရန်ကုန်-မော်လမြိုင်မီးရထားလမ်းကို မိုင်းခွဲတိုက်ခိုက်သွားမယ်လို့ သထုံ PDF က ပြောကြားလိုက်ပါ တယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေသယ်ဆောင်ရာမှာ ရန်ကုန် – မော်လမြိုင် မီးရထားလမ်းကို အသုံးပြုနေတယ်လို့သိရှိရတာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်ဖို့ မီးရထားသံလမ်းကို မိုင်းခွဲတိုက်ခိုက်ခြင်းတွေ ပြုလုပ် သွားမှာဖြစ်ကြောင်း သထုံ PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် အခုရက်ပိုင်းအတွင်း ပြည်သူတွေ မီးရထားမစီးကြဖို့ အထူးသတိပေးကြောင်းလည်း ထုတ်ပြန်ပါတယ်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့(ဖေဖော်ဝါရီ ၂၅) နေ့လယ်ပိုင်းက ကျောင်းသား၊ ပြည်သူများ ဦးဆောင်၍ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်စစ်ကြောင်းတွင် “တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား”၊ “မဖြစ်သေးတဲ့ ကမ္ဘာ့စစ်ထက် ​ဖြစ်နေတဲ့ မြန်မာ့စစ်ကို အာရုံစိုက်ကြစမ်းပါ” စာသားများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။

 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့ ရဲစခန်းအနီးက လူနေအိမ် ၇ လုံးကို ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်က ထပ်မံမီးရှို့သွားတယ်ကြောင်းသိရသည်။

 

  • ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီလက်ထက် တစ်နှစ်ကျော်ကာလ အတွင်း တိုင်းနဲ့ပြည်နယ်များရှိ နေအိမ်စုစုပေါင်း ၅၂၃၁ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

 

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရကြောင်း သိရသည်။

 

  • ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ မီတာခဆောင်ရမယ့်ရက်ကို မဆောင်ပဲ ရက်လွန်မှ လာရောက်ပေးဆောင်ရင် ဒဏ်ငွေတွေနဲ့တကွ ပေးဆောင်နေရတယ်လို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲကာလအတွင်း မီတာခ မပေးဆောင်ခဲ့သူတွေအနေနဲ့ ဒဏ်ငွေ (၁၂,၀၀၀)ကျပ်ပေးဆောင်ရသလို ၂၀၂၂ ခုနှစ်ထဲမှာတော့ မီတာခ နောက်ကျမှ ပေးဆောင်ရင် ဒဏ်ငွေ (၂,၀၀၀)နဲ့အတူ ပေးဆောင်‌နေရတယ်လို့ ရပ်ကွက်(၁၀) နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း ရွှေဖီမြေသတင်းတွင် ဖော်ပြထားပါသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေနယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေဘက်က သေဆုံးသူ ၂၂၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅၉ ဦး အထိရှိခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲ တွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ် (KNDO) ဘက်ကလည်း ငါးဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦး ရှိခဲ့ပြီး တစ်ပြည်နယ်လုံးကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၄၀ အရွယ်ရှိအမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၈၀ ကျော်အထိရှိခဲ့ ကြောင်း စစ်ကောင်စီလက်ခံအောက်ခံ မြစ်ကြီးနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

 

  • ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာအမှတ် (၂) တံတားမှတဆင့် ယခုလ သီတင်း နှစ်ပတ်အတွင်း ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာ လုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။ ယခုလ ဖေဖော်ဝါရီ ၅ ရက်မှ ၂၂ ရက်နေ့အထိ သီတင်း နှစ်ပတ်ကျော် အတွင်း ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်ဟု မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် နေရပ်ပြန် ကြိုဆိုရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

 

  • မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ကျိန်ခရန်ခ (Chying Hkrang Hka Mare) ကျေးရွာတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနေသော လမ်းကို ကချင်လုပ်ငန်းရှင်တစ်ဦးက ခြံကာလိုက်သောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ ကျိန်ခရန်ကျေးရွာတွင် ဒေသခံများ စားဝတ်နေရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုနေသည့် လမ်းမကြီး ၄ ခုကို JADELAND MYANMAR GROUP OF COMPANIES မှ ခြံစည်းရိုးခတ်လိုက်သောကြောင့် နေ့စဉ်သွားလာရေးတွင် ခက်ခဲနေပြီဟု ဒေသခံအမျိုးသားတစ်ဦးကပြောဆိုခဲ့သည် KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရပြီး ရခိုင်ပြည်နယ်အတွင်း အုတ်ဝယ်ယူသူနည်းပါးလာသဖြင့် အုတ်လုပ်ငန်း လုပ်ကိုင်သူ များ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။ “ဘိလပ်မြေဈေးတွေကတက်တော့ ဆောက်လုပ်ရေးတွေရပ်နား နောက်ဆုတ်ထားတာကြောင့်၊ နောက်ပြီး အုတ်ထုတ်လုပ်သူတွေများလာတော့ အုတ်ဈေးနှုန်းတွေ ကလည်း သိပ်မရတော့ဘူး။ အရင်က အုတ်ချပ်တစ်သိန်းကို (၁၀)ရက်လောက်ဆို ရောင်းထွက်တယ်။ အခုအချိန်မှာတော့ (၁၀)ရက်လောက်မှာ ငါးသောင်းလောက်ပဲထွက်တယ်”ဟု ကိုသိန်းမောင်က ပြောတဲ့အကြောင်း DMG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက “အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ” ကြွေးကြော်သံနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် ခြင်းကို ဖေဖော်ဝါရီလ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • ရန်ကုန်မြို့ရှိ တော်လှန်လူငယ်များမှ ရန်ကုန်မြို့တစ်နေရာတွင် ဖက်ဆစ်စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေး ဒီမိုကရေရေးတိုက်ပွဲတွင် “ သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးအား နှိုးဆော်သည့်အနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ချီတက်ဆန္ဒပြသူ လူငယ်များမှ လူတန်းစာအလွှာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဒေသပေါင်းစုံ၊ ကျေးလက် မြို့ပြမှ ပြည်သူများအားလုံမှ အသွင်မျိုးစုံနှင့်ပါဝင်နေသည့် နွေဦး တော်လှန်ရေးတွင် တတ်နိုင်သည့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ကြရန်၊ လူထုတိုက်ပွဲများဆင်နွှဲရန်၊ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ရန် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

 

  • ရန်ကုန်မြို့၏ တစ်နေရာတွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ပုဇွန်တောင် နှင့် ဗိုလ်တထောင်မြို့နယ်လူငယ်များသပိတ်ကော်မတီ( 𝗣𝗕𝗬𝗦𝗖 )နှင့် လူငယ်များပါဝင်သည့် သပိတ်စစ်ကြောင်းက ” သူရဲကောင်းဝါဒ ဆန့်ကျင်ကြ ပြည်သူသာလျှင် အဓိက” စာတန်းကိုင် ဆောင်ကာ ယနေ့ ညနေပိုင်းက ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးကျေးရွာတွေက ဒေသခံ ပြည်သူလူထုရဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီကနေ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးတင်းကြပ်မှုတွေရှိနေတဲ့ကြားထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ၃၅၂ ရက် မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင် မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • အာဏာသိမ်းအဖွဲ့က ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းရေးအတွက် အသုံးပြုခံနေရသည့် စစ်တပ်မှ ထွက်၍ ပြည်သူ့ဘက်ရပ်တည်လာသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် (၃) ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ “ဒုတိယဗိုလ်မှူးကြီး ၂ ဦးအထိ ပြည်သူ့ဘက်ရပ်တည်ထား ကြောင်း သိရပါတယ်။ မင်းအောင်လှိုင်အတွက်တော့ အိပ်မက်ဆိုးပါပဲ။ စာရင်းအရတော့ CDM ဒုတိယဗိုလ်မှူးကြီး ၃ ဦးပါ။ တစ်ဦးကတော့ ဘယ်အဖွဲ့ကိုမှ မဆက်သွယ်ဘဲ ဇာတ်မြုပ်နေတာ ပါ။”ဟု CDM ဗိုလ်ကြီးတစ်ဦးဖြစ်သည့် ညီသုတက ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅)ရက် နေ့ တွင် ထုတ်ဖေါ်ပြောထားသည်ကို တွေ့ရသည်။

 

  • မကွေးတိုင်း ပခုက္ကူမြို့ စည်ပင်သာယာရေးရုံးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃ဝ မိနစ်ခန့်တွင် Earthquake people’s defence force (UG) တပ်ဖွဲ့မှ အမျိုးသမီး ဦးဆောင် သည့် အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Young Force-UG တပ်ဖွဲ့ထံမှ သိရ သည်။ အဆိုပါ ပခုက္ကူမြို့ စည်ပင်သာယာရုံးသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများကို ငွေကြေး စီးဆင်း စေခြင်းများ ပြည်သူများအပေါ် အခွန်များ အတင်းအဓမ္မ ကောက်ခံခြင်းနှင့် CDM ဝန်ထမ်းများကို ဆဲဆိုခြင်း ဖိအားပေးခြင်းများ လုပ်ဆောင်ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ ကို ငွေကြေးစီးဆင်းရေး လုပ်ဆောင်နေ သည့် Non  CDM များကိုပါ ပစ်မှတ်ထား တိုက်ခိုက်မည်ဟု Young Force-UG တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်ရှိ ဆရာများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂက ရုံးအဖြစ် အသုံးပြုထားသော အဆောင်နှစ်ခုအား ယခုလ ၂၇ ရက်နေ့အား နောက်ဆုံးထား၍ ဖယ်ရှားရန် ကျောင်းအာဏာပိုင်များက ပြောကြားလိုက်ကြောင်း သိရှိရသည်။

 

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

 

Related Articles

Back to top button