မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများက တုံ့ပြန်နေကြသည့် အခြေအနေများအပေါ် ထင်ဟပ်သုံးသပ်ချက်များ
ဘာတွေလုပ်လို့ရလဲ- အပိုင်း (၂)
Igor Blazevic ရေးသားသည်။
—————————-
အဓိကကျသောနိုင်ငံများအားအသေးစိတ် လေ့လာကြည့်ခြင်း။
ပိုမိုဆိုးဝါးသည့် အကြောင်းအရာနှင့် စချင်ပါသည်။ ပူတင်၏ ရုရှားသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို ဖျက်လိုဖျက်ဆီးလုပ်ရန် ဆိုးဝါးလှသည့် သဘောထားဖြင့် အဆင်သင့်ဖြစ်နေပါသည်။ ကရင်မလင်သည် ကုလသမဂ္ဂတွင် စစ်အာဏာရှင်တို့အား သံတမန်ရေးရာ အကာအကွယ်များ ပေးလျက်ရှိသည်။ စစ်အစိုးရက ငွေသားပေးနိုင်သလောက် လက်နက်များ၊ စစ်ဘက်ဆိုင်ရာနှင့် ထောက်လှမ်း ရေး နည်းပညာများကို ရောင်းချပေးနေပါသည်။ ကရင်မလင်သည် အကျပ်အတည်းကို ဖြေရှင်းရန် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုမှန်သမျှကို အနှောက်အယှက်ဖြစ်စေရန် အမြဲအသင့်ရှိနေပြီး ဤသို့အားဖြင့် စစ်အာဏာရှင်တို့အား အပြည့်အ၀အလေးသာလာစေရန် ပံ့ပိုးပေးနေခြင်းဖြစ်သည်။
ပူတင်၏ရုရှား၏ဤအပြုအမူကိုကျွန်ုပ်တို့မည်သို့ပြောင်းလဲရန်နည်းလမ်းမရှိပါ။ သို့သော်လည်း ရုရှား၏ အရင်းအမြစ်များသည် ယခုအခါ ယူကရိန်းအပေါ် ၎င်းတို့၏ ရာဇ၀တ်မှုကျုးလွန်ရန်လိုမှုများတွင် ကြီးမားစွာ စုပ်ယူခံရပြီး မြန်မာနိုင်ငံကဲ့သို့ ဝေးကွာသော နိုင်ငံများတွင် ရုရှား၏ပထဝီဝင်နိုင်ငံရေး ပါဝါ နည်းပါးသည်ထက် နည်းပါး လာမည်ဖြစ်ပါသည်။ ၎င်းတို့သည် များစွာထိခိုက်ပျက်ဆီးစေရန် ဆက်လက် လုပ်နေနိုင် ဦးမည်ဖြစ်သော်လည်း ၎င်းတို့၏ သြဇာလွှမ်းမိုးမှု လျော့နည်းလာမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိုမိုသိမ်မွေ့ပြီး ရှုပ်ထွေးသော ချဉ်းကပ်မှုဖြင့်ချဥ်းကပ်ပါသည်။ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် တည်ငြိမ်ရန် လိုအပ်သည်။ ကျဆုံးနိုင်ငံဖြစ်လာမှု၊ စီးပွားရေးပြိုလဲမှု၊ ပစ္စည်းဥစ္စာများ နှင့် အခြေခံအဆောက်အအုံ များ အတိုင်းအတာကြီးကြီးမားမားပျက်စီးနေရမှု၊ ပြည်တွင်းစစ် ကြောင့်ဖြစ်လာ သော ဘက်ပေါင်းစုံမှ မတည်မငြိမ်ဖြစ်လာခြင်းများသည် တရုတ်၏ အဓိက အကျိုးစီးပွားနှင့်ဆန့်ကျင်လာပါသည်။
မြန်မာနိုင်ငံတွင် မည်သူအစိုးရလုပ်နေသည်ဖြစ်စေ (NLD ဖြစ်စေ၊ ဗိုလ်ချုပ်များဖြစ်စေ၊ ပိုမိုကျယ်ပြန့်သော ဗမာနှင့် တိုင်းရင်းသား ညွန့်ပေါင်းအဖွဲ့များဖြစ်စေ) ပေကျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သိပါသည်။ တရုတ်နိုင်ငံသည် ကြီးမားလွန်း၊ နီးကပ်လွန်း၊ အားကြီးလွန်း၊ အရင်းအမြစ် များလွန်းသည့် နိုင်ငံဖြစ်နေသလို သြဇာနှင့် မက်လုံးများလည်း များပြားလှပါသည်။
စစ်အာဏာရှင်များအပေါ်လောင်းကြေးထပ်ခဲ့သော်လည်း ရွေးကောက်ပွဲများတွင် NLD ကသာ အပြတ်အသတ်အောင်ပွဲရခြင်းများအပေါ်တအံ့တသြဖြစ်ခဲ့ရခြင်းများအား တရုတ်သည် သင်ခန်းစာယူပါသည်။ ယခုအခါတွင်မူ တရုတ်သည် လူထုကြားတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို မီးထိုးပေးသလိုဖြစ်စေမည်စိုးသဖြင့် စစ်အာဏာရှင်တို့အပေါ် တစ်ဖက်သတ်ထောက်ခံခြင်းအား ရှောင်ရှားလိုကြသည်။
တရုတ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးကို လိုလားပြီး စစ်အာဏာရှင်များ အာဏာရနေခြင်းအပေါ် ပြသနာမရှိသော်လည်း တရုတ်ကို မုန်းတီးသည့် ပြည်သူများရှိလာခြင်းကိုတော့ မလိုလားပေ။ တရုတ်နိုင်ငံသည် လက်တွေ့အခြေအနေများတွင်လည်းရှိနေလိုသည်ဖြစ်ရာ Soft power ကိုလည်း ပျိုးထောင်ထားရန်လိုအပ်နေပါသည်။
အခြားတစ်ဖက်တွင်မူ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ပိုင်း၏ အဓိကအာဏာရှင် ဗီဇအရ ပြည်သူ့အာဏာကို လှုံ့ဆော်ပေးသည့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှန်သမျှကို ဆန့်ကျင်လုပ်ဆောင်နေပါသည်။ တရုတ်သည် အလွန်ဗဟိုချုပ်ကိုင်မှုထားရှိသည့် အထက်မှအောက် ဒီမိုကရေစီခေါင်းဆောင်မှုအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ကျင့်သုံး ခဲ့သည့်ပုံစံခေါင်းဆောင်မှုမျိုးနှင့်ကောင်းစွာလက်ခံ အလုပ်လုပ်နိုင်ပါသည်။ တရုတ်သည် ပေါင်းစည်းထားသောစစ်အုပ်ချုပ်ရေးမျိုးဖြင့်လည်း ကောင်းစွာ အလုပ်လုပ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လမ်းများပေါ်ထွက် ဆန္ဒပြနေသည့် လူငယ်များအတွက် တရုတ်နိုင်ငံသည် အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ ၎င်းသည် ဟောင်ကောင်ရှိ လူငယ်များနှင့် အလွန်တူပြီး တစ်ချိန်ချိန်တွင် တရုတ်နိုင်ငံ၏ တစ်နေရာရာတွင် လည်းထိုသို့သော လူငယ်များ ပေါ်လာနိုင်သည်။ ထို့ကြောင့် တရုတ်သည် စိတ်ရှည်စွာဖြင့် အချိန်ယူပြီး အလွန်ရှုပ်ထွေးသောဂိမ်းကို ကစားနေပါသည်။ တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး ထောင့်တိုင်းတွင်၎င်းတို့၏ပတ်သက်တည်ရှိနေစေရန်လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်သည်သည် စစ်အာဏာရှင်တို့အား အပြည့်အဝ ပွင့်လင်းစွာ ပံ့ပိုးပေးခြင်း မရှိသော်လည်း စစ်အာဏာရှင်တို့ နှင့် ဆက်နွှယ်နေပါသည်။ မြန်မာနိုင်ငံရှိ ၎င်း၏စီးပွားရေးပိုင်ဆိုင်မှုများကို အခိုင်အမာကာကွယ်ထားသည်။
တရုတ်နိုင်ငံသည် EAO အများအပြားအပေါ် သြဇာလွှမ်းမိုးမှုကိုဆက်လက်ထိန်းထား ရန်ကြိုးစားလုပ်ဆောင်သလို၊ မသိမသာ ထောက်ခံမှုများလည်းပေးပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေး အကျိုးစီးပွားများကို အမြဲကာကွယ်ထား နိုင်ရန်နှင့် မြန်မာအစိုးရကို ဖိအားပေးနိုင်ရန်အတွက်တရုတ်နိုင်ငံက အာမခံထားသည့် မူဝါဒ၏ အစိတ်အပိုင်းဖြစ်သည်။ တရုတ်နိုင်ငံသည် NLD၊ NUG တို့နှင့် အလွန်နည်းပါးသော ထိတွေ့ဆက်ဆံမှုကို ဆက်လက်ထားရှိလိမ့်မည်ဖြစ်သည်။ လက်ရှိစစ်အစိုးရ ပြိုလဲသွားမည့်အလားအလာကို မြင်ရသည်နှင့် တရုတ်နိုင်ငံသည် ပါဝါအသစ်များထံ လျင်မြန်စွာ ကူးပြောင်းသွားမည်ဖြစ်သည်။
အိန္ဒိယသည် ပြိုင်ဖက်တရုတ်နှင့် အပြိုင်မြန်မာနိုင်ငံကို သီးသန့်ရှုမြင်သည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း ၎င်း၏ နိုင်ငံခြားရေးမူဝါဒတွင် အိန္ဒိယသည် ပင်ကိုသဘောအရဒီမိုကရေစီအပေါ် အယုံအကြည်မရှိပေ။ မြန်မာနိုင်ငံတွင် တရုတ်၏ အားသာချက် ခြေကုပ်များ များစွာရှိနေသည်ဆိုသည်ကို အိန္ဒိယက မြင်သည်။ အိန္ဒိယသည် အာဏာသိမ်းမှုမတိုင်မီကပင် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်စေရန်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာစေရန် ကြိုးပမ်းမှုများစွာကို အိန္ဒိယက ရင်းနှီးမြှပ်နှံထားခဲ့သည်။ အာဏာသိမ်းမှု ကြောင့် အဆိုပါ ကြိုးပမ်းမှု အားလုံးကို ဖျက်ဆီးသလိုဖြစ်စေကာ မြန်မာ စစ်ဗိုလ်ချုပ် များကို တရုတ်နိုင်ငံတွင်းသို့ ပြန်လည် တွန်းပို့ရန်ကိုမူ အိန္ဒိယသည် မလိုလား ပေ။ အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးရှိ မဟာဗျူဟာလေ့လာသုံးသပ်သူများသည် အဆုံးတွင် စစ်ရေးအရ အောင်နိုင်မည်ဟု ယုံကြည်ကြသည်ဟုဆိုနိုင်ပါသည်။
ဂျပန်၏ အနေအထားသည် အိန္ဒိယ၏ အနေအထားနှင့် ဆင်တူသည်။ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် မြန်မာနိုင်ငံရေးတွင် ပါဝင်နေလိုကြသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း မဟာဗျူဟာ လေ့လာဆန်းစစ်မှုအရ စစ်အာဏာရှင်တို့သည် အရှုံးပေါ်နေပြီဖြစ်ရာ ပါဝါကွက်လပ်ဖြည့်ရန် အလွန် အရေးကြီးကြောင်း၊ စောင့်ဆိုင်းခြင်းမပြုတော့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုမဟာမိတ်အဖွဲ့ များနှင့်ရပ်တည်လျက် ထိုအင်အားစုများအောင်ပွဲခံရန် အလွန်အရေးကြီးကြောင်း လေးကန် ဖင့်နှေးမှု များရှိသည့် အိန္ဒိယနှင့်ဂျပန်တို့အား ကမ်းလှမ်းချက်များ ပြုလုပ်နိုင်ရန် မှာ မူခက်ခဲမည်ဖြစ်သည်။ သို့သော် ဤဇာတ်ကြောင်းဖြင့် ပင်နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးမူဝါဒတည်ထားချက်များကို ထိုးဖောက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အိန္ဒိယနှင့် ဂျပန်တို့၏ အပြုသဘောမဆောင်သည့်ပါဝင်ပတ်သက်နေမှုကို ၎င်းတို့၏ ပြည်တွင်းရှိပြည်လူထုအား ထုတ်ဖော်ပြသပေးရန်လည်း အသုံးဝင်မည်ဖြစ်သည်။ အိန္ဒိယနှင့် ဂျပန်နှစ်နိုင်ငံစလုံးသည် လက်ရှိတွင် စစ်အာဏာရှင်တို့ကို အားနည်းသည့် ထောက်ခံအားပေး သူများဖြစ်ကြပြီး ထိုမူဝါဒကို ဆက်လက် လုပ်ဆောင်နေကြသည်မှာ ရှက်စရာကောင်းလွန်းလှကြောင်း ပစ်မှတ်ထားပြောဆိုသင့်ပါသည်။
ဥရောပသည် ပထဝီဝင်နိုင်ငံရေးအရ ပလေယာ မဟုတ်ပေ။ ဥရောပသမဂ္ဂ သည် NUG နှင့် အခြားသော နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်သူများနှင့် သံတမန် ဆက်ဆံရေးကို ပံ့ပိုးပေးနိုင်ပြီး၊ လူမှုအဖွဲ့အစည်းအား လူသား ချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများနှင့် ပံ့ပိုးမှုများကို ပံ့ပိုးပေးနိုင်ပါသည်။ ထိုအချက်သည်လည်း အရေးကြီးပါသည်။ သို့သော် ဥရောပသမဂ္ဂ သည် ပါဝါဂိမ်းများကို ကစားနိုင်စွမ်းမရှိပါ။ ဥရောပနိုင်ငံတွေက တခြားသူတွေကို တွန်းရန်အတွက်မူ အသုံးဝင် နိုင်ပါသည်။ ဥရောပသမဂ္ဂ နှင့် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံများအား အထက်ဖော်ပြပါ မျဉ်းတစ်လျှောက် အခြားသူများကို တွန်းရန်အတွက် တက်ကြွစွာထောက်ခံသူများအဖြစ် ရှုမြင်သင့်ပါသည်။
ယခုအခိုက်အတန့်တွင် အမေရိကန် နှင့် ဘိုင်ဒင်အုပ်ချုပ်ရေးတွင် အခြားသော ဦးစားပေးမှုများနှင့် အရေးတကြီး လုပ်ဆောင်မှုများ ရှိနေပါသည်။ အထူးသဖြင့် ရုရှား၏ ရန်လိုမှုနှင့် ယူကရိန်းတွင် စစ်ပွဲကြီး ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ၎င်းတို့၏ ဦးစားပေးစာရင်းတွင် များစွာပါ၀င်ခြင်းရှိမနေပါ။ သို့သော် ထိုအခြေအနေသည် အတိုင်းအတာတစ်ခုအထိ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေပါသည်။ အမေရိကန်သည် သတိကြီးကြီးထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအား အားနည်းစွာ ထောက်ခံသူ အဖြစ်မှ တက်ကြွသော ထောက်ခံသူဖြစ် လာရေးဦးတည်ချက် ဖြင့်သတိ ကြီးကြီးထားကာ စတင်လှုပ်ရှား နေပြီဖြစ်သည်။ သို့ရာတွင် အလွန်အရေးကြီး သော စဉ်းစားစရာတချက်ရှိပါသည်။ အမေရိကန်သည် မြန်မာနိုင်ငံအား အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု၏ ကစားကွင်း မဖြစ်စေလိုပေ။ အမေရိကန်သည် အာရှရှိအခြားနေရာများနှင့် အခြားအချိန်များတွင် တရုတ်နှင့် ပြိုင်ဆိုင်မှုများအတွက် ပြင်ဆင်နေသည်။ အကယ်၍ မြန်မာနိုင်ငံတွင် အားပြိုင် လှုပ်ရှားမှုများနှင့် ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာပါက အဓိကအကျိုးစီးပွားများ ပိုမိုရှိ သောကြောင့် တရုတ်သည် အသာရ မည်ဖြစ်ကြောင်း အမေရိကန်က သတိပြုမိပါသည်။ ထို့ကြောင့် အမေရိကန်သည် ကြက်ဥခြင်း တောင်းပေါ်တွင် လမ်းလျှောက်ခြင်းကဲ့သို့ အထူးသတိထားကာမြန်မာနိုင်ငံ အကျပ်အတည်းကို ချဉ်းကပ်နေ ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏လက်ရှိအကျပ်အတည်းအား အနောက်နိုင်ငံများ၀င်ရောက် ခြင်းကို ကန့် ထားနိုင်ရန် တရုတ်နိုင်ငံသည် အာဆီယံကို အချိန်အတော်ကြာ အသုံးပြုနေခဲ့သည်။ အမေရိကန်နှင့် ဥရောကသမဂ္ဂ တို့သည်လည်း ၎င်းတို့ပိုမိုပါဝင်ပတ်သက် ခြင်းမရှိရသည့် အကြောင်းပြချက်အဖြစ် အာဆီယံကို အသုံးပြု ခဲ့ကြသည်။ အာဆီယံသည် မြန်မာနိုင်ငံ ပါဝင်သည့် ဒေသတွင်းအသင်းအဖွဲ့ဖြစ်သောကြောင့် ၎င်းတို့ကို အခွင့်အရေး ပေးသင့် သည်ဟု ပြောဆိုကြသည်။ အမှန်စင်စစ် အမေရိကန်သည် မီးခဲကိုမကိုင်လိုပေ။ ဥရောပ သည်လည်း ထိုသို့မလုပ်လိုသလို၊ ပထဝီဝင်နိုင်ငံရေး ပါဝါလည်း မရှိပေ။
အာဆီယံသည် မည်သည့်အရာကိုမျှထိထိရောက်ရောက်စွမ်းဆောင်ခြင်းရှိမည်မဟုတ်ပဲ ယင်းအတိုင်း ဆက်လက်ရှိနေ မည်ဖြစ်သည်။ အင်ဒိုနီးရှား၏အာဆီယမ်ဥက္ကဋ္ဌ ရာထူးရယူချိန်တွင် ကမ္ဘောဒီးယား နှင့်ဘရူနိုင်းတို့ထက်အနည်းငယ်သာလွန်သော နိုင်ငံအဖြစ် ရှိလာမည်ဖြစ်သည်။ သို့သော်လည်း အာဆီယံ၏ အဓိကချဉ်းကပ်မှုမှာ မြန်မာနိုင်ငံတွင် အကျပ်အတည်းကို ဖြေရှင်းရန်မဟုတ်ပဲ (အာဆီယံတွင် ထိုသို့ဆောင် ရွက်နိုင်ရန်အတွက် စွမ်းဆောင်နိုင်မှု သို့မဟုတ် သြဇာလွှမ်းမိုး နိုင်မှုလည်း မရှိပါ။) ၎င်း၏ နယ်စပ်မျဉ်းတွင် ပြန့်ကျဲနေသော မြန်မာအကျပ်အတည်းအားအသုံးပြု၍ မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။
ယခုအခိုက်အတန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများအတွက် အာဆီယံနှင့် ပတ်သက်သည့် အရေးကြီးဆုံးအချက်မှာ ဘက်မလိုက်သည့်ရပ်တည်ချက်မှ အလွန်သတိထားစွာဖြင့် စစ်အာဏာရှင်တို့အား အားနည်းသောဆန့်ကျင်သူများအဖြစ် ပြောင်းလဲလာသော အာဆီယံနိုင်ငံ သုံးနိုင်ငံ ဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်္ကာပူတို့၏ ပြောင်းလဲလာသော အနေအထားကို ကြိုဆိုရန်နှင့် ထိန်းထားနိုင်ရန် အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြရန် ဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများထံ ပထမဆုံး ၀င်ရောက်ထိတွေ့ဆက်ဆံ လာကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအကျပ်အတည်းကို တက်ကြွစွာကိုင်တွယ် ဖြေရှင်းပေးနိုင်ရန် အာဆီယံ၏ ပါဝင်ပတ်သက်မှုမျှဖြင့် လုံလောက်ခြင်းမရှိပဲ၊ အခြားနိုင်ငံများ ပိုမိုပါဝင်လာရန် လိုအပ် လျက်ရှိကြောင်းထပ်ခါထပ်ခါ ထပ်ခါထပ်ခါ ပြောရန် လိုအပ်ပါသည်။
——————————-
အခြားမည်သည့်အရာများအား လုပ်နိုင်မည်နည်း
နွေဦးတော်လှန်ရေး၏ အင်အားစုများ၏ အလုံးစုံသော သံတမန်ရေးပန်းတိုင်မှာ မည်သို့ဖြစ်သင့်သနည်း။
အမေရိကန်၏ လက်ရှိသတိကြီးစွာထားလျက် တက်ကြွသောထောက်ခံသူအဖြစ် ရပ်တည်မှုကို ပိုမို တက်ကြွစေရန်လုပ်ဆောင်ရမည်ဖြစ်သော်လည်း အမေရိကန်သည် တစ်ကိုယ်တည်း မလှုပ်ရှားနိုင်ပဲ မိတ်ဖက်များ လိုအပ်ကြောင်း သတိပြုရမည်ဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံများ၏ လက်ရှိ အားနည်း နေသေးသည့်ထောက်ခံမှုကို တက်ကြွသည့်ထောက်ခံမှု ဖြစ်လာစေရန်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ လက်ရှိကြားနေရေး သမားများအား ရွှေ့ပစ်နိုင်ရန်နှင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့၏ အားနည်းသော ထောက်ခံအားပေးမှုများသည် အားနည်းသောထောက်ခံမှု ဘောင်ထဲတွင် ဆက်လက်ရှိနေသေးလျှင်ပင် ပိုမိုထောက်ခံမှုရလာစေရန် ဖြစ်နိုင်သမျှ အရာအားလုံးအား လုပ်ဆောင်ကြရပါမည်။
ထိုင်းနိုင်ငံသည် ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်မှုစရိုက်ကြောင့် ထိုးဖောက်ရန်ခဲယဉ်းသည်။ သို့ရာတွင် ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေခြင်းကြောင့် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအား စစ်အာဏာရှင် ထောက်ခံသူ အဖြစ်မှ ကြားနေသူအဖြစ်သို့ ၊ ထိုမှတဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ်တို့အား အားနည်းသောထောက်ခံသူများဖြစ်လာစေရေး ရွေ့နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဘက်ပေါင်းစုံမှ လုပ်ဆောင်ခြင်းသည် ကြီးမားသော အောင်မြင်မှု ရရှိစေမည်ဖြစ်သည်။
အိန္ဒိယ၊ ဂျပန်နှင့် ဩစတေးလျတို့၌ လျင်မြန်စွာ အောင်မြင်မှုများရရှိလာရန် မျှော်လင့်မထားသင့်သော်လည်း သုံးနိုင်ငံစလုံးတွင် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါသည်။
တရုတ်ကို ရန်လိုမုန်းတီးမှုများဖြင့် ရှု့မြင်ခြင်းမျိုး မလုပ်သင့်ပါ။ ထိုသို့လုပ် ဆောင်ခြင်း ဖြင့် အကျိုးမရှိနိုင်ပါ။ စစ်အာဏာရှင် ဆန့်ကျင်ရေးမဟာမိတ်များ အောင်ပွဲရမည် ဖြစ်ကြောင်း၊ ပန်းတိုင်သည် လက်ရှိစစ်အာဏာရှင်ကို ဖယ်ရှားရန်ဖြစ်သော်လည်း စစ်တပ်သည်လုံခြုံရေး ပြုပြင်ပြောင်းလဲမှုမှတဆင့် ထွက်ပေါက်အခွင့်အလမ်းရမည် ဖြစ်ကြောင်း၊ တရုတ်ကို မိတ်ဖက်မဟာမိတ်အဖြစ် ရှုမြင်မည်ဖြစ်ကြောင်း တရုတ်အား နားချပြောဆိုထားရန် လိုပါသည်။ တရုတ်နိုင်ငံသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်ဖြစ်ပြီး၊ လူဦးရေအများစုကြီးကအလွန်မုန်းတီး စက်ဆုပ်နေသူများကို ပံ့ပိုးပေးရန် မဟုတ်မှသာ တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် ရေရှည်အကျိုးစီးပွား ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများအား စိတ်ရှည်စွာဖြင့် ထပ်ကာတလဲလဲ အမြဲသတိပေးနေသင့်သည်။
ဤသံတမန်ရေးရာ “ရှေ့တန်း”သည် NUG နှင့် နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဆက်ဆံရေး ကို တာဝန်ခံသူကိုယ်စားလှယ်များအတွက်တာ၀န်သက်သက်အဖြစ်သာထားသင့်သည် မဟုတ်ပဲ၊ မြန်မာ့နွေဦး တော်လှန်ရေး၏ အခြားအကျိူးသက်ဆိုင်သူ အများအပြား တွင်လည်း ၎င်းတို့၏ “နိုင်ငံခြားရေး” အဖွဲ့များ ရှိသင့်ပြီး နိုင်ငံခြားရေးမူဝါဒနယ်ပယ်တွင် ၎င်းတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုများ ပါဝင်သင့်ပါသည်။ ထိုမတူညီသော အဖွဲ့များ အားလုံး သည် “အသင်းအဖွဲ့များ၏အသင်းအဖွဲ့” ပုံစံချဉ်းကပ်မှုမှတစ်ဆင့် အဆက်မပြတ် ညှိနှိုင်း ပြီး စည်းချက်ညီညီလုပ်ဆောင်ရန် လိုအပ်ပါသည်။
ဝင်ရောက်ထိတွေ့နိုင်သည့် ထိရောက်သော လမ်းကြောင်းတခုမှာ ဖက်ဒရယ် သို့မဟုတ် ဗဟိုချုပ်ကိုင်မှုအားများစွာဖြေလျော့ထားသော နိုင်ငံရေးစနစ်များရှိသည့် နိုင်ငံများမှ ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် မူဝါဒချမှတ်သူများနှင့်လည်း ထိတွေ့ ဆက်ဆံနိုင်သည်။ ၎င်းတို့၏အတွေ့အကြုံများမှ သင်ယူခြင်းဖြင့် ဆက်ဆံရေးကို တည်ဆောက်နိုင်ပါသည်။