ဆောင်းပါး

AA ကိုင်တွယ်ဖို့ အချိန်ယူရဦးမဲ့ ချဲထီလောင်းကစား

AA ကိုင်တွယ်ဖို့ အချိန်ယူရဦးမဲ့ ချဲထီလောင်းကစား

ရခိုင်မှာကြီးထွားလာနေတဲ့ ချဲထီလောင်းကစားကို ရက္ခိုင့်တပ်တော်(AA)က အမြန်ဆုံးတားမြစ်သင့်နေပြီဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖေဖော်ဝါရီလအစောပိုင်းက ဒီဖက်ဒရယ်ဂျာနယ်ကနေတဆင့် တင်ပြခဲ့ပါတယ်။ အဲလိုတင်ပြပြီးတဲ့နောက် တစ်လအကြာ မတ်လ ၅ ရက်နေ့မှာတော့ AA က အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းကြတဲ့အထဲ ဒီချဲထီကိစ္စကို ဘယ်လိုအရေးယူဖို့ရှိလဲဆိုတဲ့ မေးခွန်းတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီမေးခွန်းအပေါ် AA ရဲ့ဖြေကြားခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ အခုဆောင်းပါးမှာ ဆက်ပြီး ဆွေးနွေးကြည့်ကြရအောင်ပါ။

AA ရဲ့အဖြေကတော့ ရှင်းပါတယ်။ သူတို့တွေဟာ ရခိုင်မှာ ပြည်သူ့လုံခြုံရေးကိစ္စရပ်တွေကိုပဲ ဦးစားပေးလုပ်နေတဲ့အတွက် ဒီချဲထီလောင်းကစားကို ဖြေရှင်းဖို့ဆိုတာက သူတို့အတွက် အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီးတော့ ဖြေရှင်းဖို့လိုမယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဖြေကြားသွားတာပါ။ အမှန်တကယ်လည်း ရခိုင်မှာ AA ဟာ တရားဥပဒေကိစ္စတွေ၊ ပြည်သူ့လုံခြုံရေးကိစ္စတွေနဲ့ မှုခင်းကိစ္စတွေကို အဓိကထားကိုင်တွယ်နေတာတွေ့ရပါတယ်။ စစ်တပ်နဲ့ အပစ်ရပ်စဲထားတဲ့ ၂ဝ၂ဝ ၊ နိုဝင်ဘာလနောက်ပိုင်းကနေ အခုချိန်ထိကိုင်တွယ်ဖြေရှင်းနေတာပါ။

၂ဝ၂၁ ခုနှစ် ၁ နှစ်အတွင်းမှာ AA အနေနဲ့ ရခိုင်ပြည်သူတွေရဲ့လာရောက်တိုင်တန်းတဲ့အမှုပေါင်း ၃၈ဝဝ ကျော်ကို လက်ခံရရှိခဲ့တယ်လို့ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီအမှုတွေထဲက ရာဇဝတ်မှု ၁ဝ၂၅ မှုနှင့် တရားမမှု ၈၇၅ မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျန်တဲ့အမှုတွေကို ဖြေရှင်းနိုင်မပေးနိုင်သေးတာက ကိုဗစ်အခြေအနေကြောင့်လည်း ရှိသလို နည်းပညာအခက်အခဲတွေနဲ့ တချို့ကိစ္စတွေမှာ အကဲဖြတ်ပေးမဲ့ ကျွမ်းကျင်သူတွေလိုအပ်နေတဲ့အတွက်လို့ ဦးခိုင်သုခက ပြောသွားပါတယ်။ ဘာပဲပြောပြော အခုလိုတည်ဆောက်ဆဲကာလမှာ အခုလိုမျိုး ပြည်သူ့လုံခြုံရေးကိစ္စနဲ့ ပြည်သူတွေရဲ့ ဥပဒေရေးရာကိစ္စရပ်တွေကို AA က ဇောင်းပေးပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဒီချဲထီလောင်းကစားကို ဖြေရှင်းဖို့ အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီးတော့ ဖြေရှင်းဖို့လိုတယ်လို့ ပြောဆိုလိုက်တာဟာ ဒီချဲထီလောင်းကစားကို တားမြစ်ကိုင်တွယ်ဖို့ သူတို့မှာ မူဝါဒမချမှတ်ရသေးဘူးလို့ ဝန်ခံလိုက်ရာလည်းရောက်ပါတယ်။ တစ်ဘက်မှာလည်း အချိန်တစ်ခုဆိုတာက ဘယ်လောက်ကြာမလဲဆိုတဲ့ အချိန်သတ်မှတ်ချက်တစ်ခုကို ရခိုင်ပြည်သူတွေဘက်က သိချင်နေကြပါတယ်။ ဥပမာ တစ်နှစ်အတွင်း ကိုင်တွယ်မလား၊ ၅ နှစ်အတွင်း ထိထိရောက်ရောက်တားမြစ်ပိတ်ပင်မလားပေါ့။

အခု ရခိုင်မှာ အထူးသဖြင့် ကျေးရွာတွေမှာက ဒီချဲထီလောင်းကစားကို အတော်လည်း ခုံမင်စွဲမက်နေကြပါပြီ။ သောက်လေသောက်လေ ငတ်မပြေဆိုသလို ထမင်း ဟင်းကောင်းနဲ့မစားရရင်ဖြစ်တယ်။ ချဲမထိုးရရင်မဖြစ်ဘူးဆိုသလို ဖြစ်နေကြပါပြီ။ ချဲထိုးလို့ မွဲသူမွဲ၊ ဘဝပျက်သူပျက်၊ မလျော်နိုင်လို့ ထွက်ပြေးသူ ထွက်ပြေး၊ အကြွေးတွေမဆပ်နိုင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သူ စီရင်နဲ့ အတော်လေးကို လူမှုစီးပွားဘဝ ပျက်စီးနေကြပါပြီ။ ချဲထိုးလို့ သူဌေးဖြစ်သွားတဲ့သူမရှိဘဲ ခွေးဖြစ်သွားတဲ့သူပဲ ရှိပါတယ်။ ချဲထိုးလို့ စီးပွားရေးအဆင်ပြေသူဆိုတာလည်း မရှိပါဘူး။ ငွေရအလွယ်နည်းကိုလိုက်ရင်းလိုက်ရင်း ကိုယ့်မှာရှိတဲ့ စီးပွားဥစ္စာတွေလည်း အကုန်ဆုံးရှုံးနေကြပါပြီ။ ဒီလောင်းကစားလုပ်သူတွေကို စစ်ကောင်စီအစိုးရကလည်း ဥပဒေအရ တားမြစ်ပိတ်ပင်တာ၊ အရေးယူတာမရှိပါဘူး။ ရဲတွေကလည်း လိုင်းကြေးတွေရတာနဲ့ မမြင်ချင်ယောင်ဆောင်နေကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့လောင်းကစားအက်ဥပဒေအရ နှစ်လုံး၊ သုံးလုံးထိုးတာဟာ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကျနိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းထားတာရှိပါတယ်။ ဒါပေမဲ့ သိတယ်မလား။ မြန်မာနိုင်ငံရဲ့ဥပဒေက ငွေလေးနည်းနည်းပါးပါး လာဘ်ထိုးလိုက်ရင် ဘာမှကို မကြားမမြင်တော့တာပါပဲ။

ဒါကြောင့် ဒီချဲကိစ္စကို ဖြေရှင်းဖို့ဆိုတာက AA ဆီမှာ လုံးဝကို တာဝန်ရှိနေတာပါ။ ဘာကြောင့် တာဝန်ရှိနေလဲဆိုတော့ AA ဟာ လက်ရှိမှာ ရခိုင်ပြည်သူတွေအတွက် အစိုးရတစ်ပိုင်းဖြစ်နေလို့ပါပဲ။ AA ဟာ လက်ရှိမှာ ရခိုင်ပြည်သူတွေအတွက် သြဇာအညောင်းဆုံး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။ AA ပြီးရင် ပြီးတယ်ဆိုသလိုမျိုး အတော်လေးကို လေးစားကြည်ညိုလာကြတာတွေ့ရပါတယ်။ AA ရဲ့အမိန့်ကို အားလုံးက နာခံလိုက်နာနေကြပါတယ်။ ဒါကြောင့် ဒီချဲကို မထိုးရ၊ ဒိုင်လည်း မကိုင်ရဆိုတာနဲ့ ဘယ်သူမှ ခံပြောဝံ့မဲ့သူမရှိသလောက်ပါပဲ။

တစ်ဘက်မှာလည်း အခုလို တိုးတက်တဲ့ အိုင်တီခေတ်မှာ ဒီချဲကိစ္စကိုကိုင်တွယ်ဖို့ဆိုတာက တော်တော်လေးအခက်တွေ့နိုင်တယ်လို့ ဦးခိုင်သုခက မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒိုင်ကြီးတွေနဲ့ နယ်ဘက်တွေမှာ ရောင်းသူ၊ ထိုးသူတွေကို ပိတ်ပင်လိုက်ပြီထားဦး။ မြို့ပြတွေမှာက အွန်လိုင်းကနေ၊ ဖုန်းကနေ ထိုးနေကြတယ်။ အဲလိုမျိုး ဖုန်းထဲကနေပြီးတော့ ထိုးနေကြတယ်ဆိုရင် ထိန်းချုပ်ဖို့ခက်တယ်လို့ ဦးခိုင်သုခက ပြောသွားပါတယ်။ ဒါပေမဲ့ ဒီချဲကိစ္စကို AA က ကိုင်တွယ်ဖြေရှင်းရမဲ့ဇယားထဲမှာ ထည့်ထားပြီးသားဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ချဲထီလောင်းကစားကိစ္စ AA က လောလောဆယ် အရေး မယူနိုင်သေးဘူးလို့ ထုတ်ဖော်ပြောအပြီး ရက်ပိုင်းအကြာ ရခိုင်က ချဲထီရောင်းသူတစ်ယောက် ရဲတပ်ဖွဲ့ဆီမှာ လောင်းကစားမှုနဲ့ အမှုဖွင့်ခံလိုက်ရပါတယ်။ ဒီလိုမျိုး ချဲရောင်းလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်တာ ရခိုင်မှာ ခုနောက်ပိုင်း ခပ်ရှားရှားရယ်။

တောင်ကုတ်မြို့နယ်ထဲက ဒေသခံတစ်ယောက်ဟာ သူ့ရဲ့ဖုန်းမှာ ချဲထီရောင်းချထားတာတဲ့ အချက်အလက် တွေတွေ့ရတယ်ဆိုပြီး မတ်လ ၁ဝ ရက်မှာ ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတာပါ။ သူ့ကို တောင်ကုတ်မြို့မရဲစခန်းမှာ လောင်းကစားဥပဒေပုဒ်မ ၁၈ (က)နဲ့ ၁၉ (က)စတဲ့ လောင်းကစားပုဒ်မ ၂ ခုနဲ့ တောင်ကုတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်တစ်ယောက်ရဲ့တရားလိုလုပ်ပြီး အမှုဖွင့်ခံလိုက်ရတာပါ။ သူဟာ ဒိုင်ကနေတဆင့် နှစ်လုံးထီနဲ့ သုံးလုံးထီယူပြီးရောင်းချသူဖြစ်သလို ဝက်မွေးမြူရေးလည်း လုပ်ကိုင်တယ်လို့ သူ့အမျိုးသမီးက ပြောတဲ့အကြောင်း ရခိုင်အခြေအခြေစိုက်သတင်းဌာနတချို့မှာ ဖော်ပြကြပါတယ်။

သူ့ကို အမှုဖွင့်လိုက်တဲ့ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)ဟာ အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ အများဆုံး ၃ နှစ်နဲ့ အနည်းဆုံးကျပ် ၁ သိန်းကနေ အများဆုံး ကျပ် ၅ သိန်းအထိလည်း ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် လောင်းကစားဥပဒေပုဒ်မ ၁၉ (က)ဟာလည်း အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံး ၁ နှစ်အထိနဲ့ အနည်းဆုံးကျပ် ၅ သောင်းကနေ အများဆုံးကျပ် ၁ သိန်းအထိလည်း ချမှတ်နိုင်ပါတယ်။

မင်းတို့ AA အရေးယူတားမြစ်မှာကို အားမကိုးနဲ့။ ငါတို့က အရေးယူပြနေပြီလို့ စစ်ကောင်စီက ကြွေးကြော်တဲ့သဘောလား။ နယ်ထိန်းခေါင်းဆောင်ကို လိုင်းကြေးမပေးတဲ့အတွက် အမြင်ကပ်ကပ်နဲ့ ဖမ်းဆီးအမှုဖွင့်လိုက်တာလား။ မေးခွန်းထုတ်စရာတွေပါပဲ။

နောက်ဆုံးအနေနဲ့ တစ်ချက်ပဲ ပြောချင်ပါတော့တယ်။ AA က ရခိုင်မှာ ချဲထီလောင်းကစားကို ကိုင်တွယ်ဖြေရှင်းဖို့ ခုလောလောဆယ်မှာ အဆင်မပြေနိုင်သေးဘူးလို့ ပြောဆိုလိုက်တာဟာ တစ်ဘက်မှာလည်း ချဲထီလောင်းကစားကို ဒလဟောလုပ်ကိုင်နိုင်ဖို့ အခွင့်အရေးပေးထားသလိုမျိုးဖြစ်သွားမလားဆိုတာလည်း ထည့်တွက်စဉ်းစားရပါမယ်။ ဖြစ်သင့်တာက ရခိုင်ပြည်သူတွေ ချဲထီကြောင့် ဆင်းရဲတွင်း ဆက်မနက်ဖို့ AA က ဒီချဲထီလောင်းကစားကို သိပ်ပြီး တင်းတင်းကျပ်ကျပ်မဟုတ်သေးရင်တောင် အတိုင်းအတာတစ်ခုအထိ တားမြစ်အရေးယူသင့်ပါတယ်။ ဥပမာ ဒိုင်ကိုင်သူတွေကို ငွေပမာဏတစ်ခုသတ်မှတ်စေပြီး အဲဒီပမာဏထက် အထက်ကိုထိုးရင် လက်မခံဖို့ကို ညွှန်ကြားပေးသင့်ပါတယ်။ ထိုးသူတွေကိုလည်း ဘယ်လောက်ထိပဲ ထိုးရမယ်စသဖြင့် ထိုးရမဲ့ပမာဏကို လျှော့ချလိုက်တာမျိုးကို AA က ပထမခြေလှမ်းအဖြစ် လုပ်သင့်ပါတယ်။ ဘယ်လောက်ပဲ ရခိုင်ပြည်သူ့လုံခြုံရေးနဲ့ ဥပဒေရေးရာကိစ္စတွေကိုဆောင်ရွက်နေသည်ဖြစ်စေ ဒါလေးကို ညွှန်ကြားလိုက်ဖို့က AA အတွက် အပန်းမကြီးဘူးလို့ ထင်ပါတယ်။ AA မှာက အောက်ခြေမှာ နယ်မြေမှူးတွေ၊ နိုင်ငံရေးမှူးတွေနဲ့ လက်တံတွေအရှည်ကြီး ဖြန့်ထားနိုင်ပြီဆိုတော့ ဒီဟာလေးတွေကို ညွှန်ကြားဖို့က ပိုပြီးတော့တောင် လွယ်နေပါသေးတယ်။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

မတ် ၂၄၊ ၂၀၂၂

Related Articles

Back to top button