ဖေဖော်ဝါရီလ – ၂၃ – ၂၀၂၂
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုအပေါ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁,၅၇၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၃၂၆)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
- တိုက်ပွဲကြောင့် တစ်ပတ်အတွင်း ပူတာအိုမြို့တွင် စက်သုံးဆီးဈေးနှုန်း ရှစ်ဆခန့်မြှင့်တက်သွား ကြောင်း သိရသည်။ မြစ်ကြီးနား – ပူတာအိုလမ်း ပိတ်ထားသောကြောင့် စက်သုံးဆီဆိုင်ကြီးများ ရောင်းချရန် ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားချိန် လမ်းဘေးဆီဆိုင်များတွင် တစ်ထောင်ကျပ်တန် တစ်လီတာပုလင်းကို ရှစ်ထောင်ကျပ် ပေးဝယ်နေကြောင်းသိရသည်။
- ပူတာအိုမြို့၊ ဖတ်မာအုပ်စု၊ လုံဂါကောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်( KIA) နှင့် PDF ပူးပေါင်းတပ်တို့ကြား ယနေ့မွန်းလွဲ သုံးနာရီခန့်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းမီဒီယာများဖော်ပြချက်အရ သိရသည်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ Happy KTV ယနေ့နံနက် ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။ မီးစတင်လောင်ကျွမ်းပြီး တစ်နာရီကျော်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
- ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၂ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာနှင့် ဝီသဲကူးကျေးရွာအနီးတွင် အင်အားအလံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။ ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ဒီးမော့ဆိုမြို့နယ် ကဖုကျေးရွာရှိ ပြည်သူ ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
- ယနေ့ မနက်အစောပိုင်းမှစ၍ ကရင်နီပြည်၊ မိုးဗြဲ နှင့် နန်းမယ်ခုံမြို့ အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီများမှ မွန်းလွဲပိုင်း စတင်ကာ ယခု (၆ နာရီဝန်းကျင်)အချိန်ထိ တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စီးဖြင့် ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခြင်း၊ ဒုံးပစ်ချခြင်းများပြုလုပ်ပြီး တရစပ် ထိုးစစ်ဆင်လျက်ရှိကြောင်းသိရသည်။ ကရင်နီပြည်တွင် တိုက်ပွဲများမှာ (၈)ရက် ကြာသည်အထိ ဆက်လက်ပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်များမှ (၆၀)ဦးနှင့်မနည်း ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ လည်း ထိခိုက်ကျဆုံးမှုများ နေ့စဥ်နှင့်အမျှရှိနေပါကြောင်း KPDFမှာ ထုတ်ပြန်ထားပါသည်။
- ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာ ကျေးရွားများအတွင်းသို့ ဖေဖေါ်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်သဖြင့် စာသင်ကျောင်းဆောင် ၁ ခုအပါအဝင်၊ လူနေအိမ်များနှင့် လယ်ယာမြေများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
- ချင်းပြည်နယ်၊ မတူပီရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား အဆင့်ရှိသူ နယ်ထိန်း တစ်ဦးသည် ၎င်းကိုင်ဆောင်ထားသည့် လက်နက်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF Matupi ထံသို့ ခိုလှုံလာကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် နယ်ထိန်း ထက်ဝေဇော် (ကိုယ်ပိုင်နံပါတ် လ -၂၇၆၃၀၉ ) သည် G3 သေနတ် တစ်လက် ၊ ကျည်ဆန်အချို့တို့နှင့်အတူ ခိုလှုံလာခြင်းဖြစ်သည်။
- ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ လုံခြုံရေးကင်း စခန်း နှင့် မီးရထားရဲလိုင်းခန်း နှစ်ခုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် PDF တပ်ရင်း တစ်ခုက ယနေ့ နံနက် ၁ နာရီအချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက် ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် PDF တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၏ ပထမဆုံး ပွဲဦးထွက် အောင်ပွဲ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
- တအာင်းပညာရေး အင်စတီကျူ့ (TEI)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ရှမ်းမြောက်ရှိ တအာင်း ဒေသ တစ်နေရာမှာ ကျင်းပခဲ့ပြီး တအာင်းဒေသအတွက် ပညာရေးလုပ်ငန်းစဥ်အသစ်ကို ချမှတ် နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု ကြောင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက် ကျောင်းနေအရွယ် ကလေးငယ်တွေ ကျောင်းပြန်တက်နိုင်ဖို့အတွက် TEI ရဲ့ အစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူး ဒီဒီပိုႈကျိန်က “ကျမတို့ရဲ့ ပညာရေးလမ်းစဥ်အတိုင်း စာသင်ကျောင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်ဖွင့်သွား မယ်။ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ကျမတို့ ပညာရေးဝန်ထမ်းတွေ လုံခြုံရေးအတွက် အဘက်ဘက်ကို အဆင်ပြေဖို့အတွက်လည်း လမ်းစဥ်ချမှတ်တယ်။ အခက်အခဲ ကိုကြည့်ပြီးတော့ စောင့်နေလို့မရဘူး။ ကျမတို့ကလေးတွေအတွက် ပညာသင်ချိန် နစ်နာသွားနိုင်တယ်” လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြချက်အရသိရပါသည်။
- အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသား ပြည်သူများသည် ၃၈၁ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တခုတွင် ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် နံနက်၌ လောင်းလုံးမြို့နဘ် အခြေခံပညာကျောင်းသားများသမဂ္ဂက ‘ပြန်လည်စုရုန်း ၂၂၂၂၂၂၊ ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်’ စာသားကို ပိုစတာသွားရောက် ချိတ်ဆွဲပြီး လောင်းလုံးကို အုပ်ချုပ်ခွင့်မရစေရ စာရွက်များကျဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။
- လာမယ့် ၂ ပတ်အတွင်း ပါတီစာရင်းတွေအစစ်ဆေးခံဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် ပါတီ လေးခုကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာပေးပို့ကြောင်းသိရသည်။ အဲဒီသတိပေး ချက်ထဲမှာ ပါတီစာရင်းတွေလာအစစ်မခံရင် ပါတီဖျက်သိမ်းခံရတဲ့အထိ အရေးယူမယ်လို့ ဥပဒေ ပုဒ်မတွေကိုပါ ကော်မရှင်က ထည့်သွင်းဖော်ပြထားတယ်လို့သိရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(ဂ)အရ ညွှန်ကြားတဲ့အတိုင်းပျက်ကွက်ရင် ပါတီကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းနိုင်တယ်လို့ ကော်မရှင်က သတိပေးထားကြောင်း သတင်းမီယာများတွင် ဖော်ပြချက် အရသိရပါသည်။
- ရန်ကုန်မြို့ တစ်နေရာတွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)မှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၂နာရီခန့်တွင် “အကြမ်းဖက် အကျဉ်းတံခါးဝ ရိုက်ဖျက်ကြ” အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး တကသ ကျောင်းသားများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
- မုံရွာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမျိုးသမီးသပိတ်တက် ကြွလှုပ်ရှားသူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ကနီမြို့နယ် အတွင်း ၂ခြောက်လုံး လူထုလှုပ်ရှားမှု ပြုလုပ်သည့်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သပိတ်ပြုလုပ်နိုင်ခဲ့ခြင်း မရှိသော ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ် တော်လှန်ရေး ၂ ခြောက်လုံး လူထု လှုပ်ရှားမှု အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အကာအကွယ်နှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။
- အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၅၀ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့တွင်း၌ နှာခေါင်းလိုက်ထိုးပြီး ကိုဗစ်စစ်ဆေးပေးနေသော်လည်း ပိုးတွေ့သူများကို ဆေးမကုပေးဘဲ နေအိမ်၌သာ ပြန်နေခိုင်းကြောင်းသိရသည်။
- ဖေဖော်ဝါရီလ ဒုတိယအပါတ်ထဲလောက်မှစပြီး ရခိုင်ပြည်နယ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ဦးရေမှာ ယခင်တွေ့ရှိမှူနှုန်းထက် ပိုမိုများပြားလာခဲ့ပြီး လက်ရှိချိန်ထိ ဆက်တိုက်နီးပါးမြင့်တက်မှုရှိနေကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ အချက်အလက်ထုတ်ပြန်ချက်များအရတွေ့ရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့တို့တွင် ကိုဗစ်ပိုးတွေ့သူ ၄၀ နီးပါးခန့်ရှိခဲ့ပြီး ထိုအထဲမှ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တစ်ရက်အတွင်း ပိုးတွေ့ဦးရေ ၄၀ ကျော်အထိရှိသည်ဟုသိရသည်။
- ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ထပ်တိုးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်အောင်တို့အား ယနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်တွေအကျဉ်းထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသည်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်ကောင်စီက ဝန်ထမ်းအိမ်ရာကနေ အဓမ္မနှင်ထုတ်နေတဲ့အတွက် စားစရာသာမက နေစရာပါ အခက်အခဲဖြစ်နေကြောင်းသိရသည်။ နှင်ထုတ်ခံရသူတွေထဲမှာ မီးဖွားပြီးစ အမျိုးသမီး ဝန်ထမ်းနှစ်ဦးနဲ့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သိရှိရပါသည်။
- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နဲ့ တန့်ဆည်မြို့နယ်ကြား ကင်းတပ်ဆည်အနီးမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ များပြားနိုင်တယ်လို့ Taze Revolution Force – TRFက သတင်းထုတ်ပြန်ခဲ့ပါသည်။ ဒီနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာကနေ တန့်ဆည်မြို့ဘက်ကိုဦးတည် ထွက်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို Taze Revolution Force – TRFက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
#FederalJournal_Myanmar
#Daily_News