တစ်ချို့ကပြောတယ်။ “စစ်ကောင်စီဖြုတ်ချရေးကိုပဲ အရင်လုပ်ရအောင်၊တိုင်းရင်းသားများ ကိုယ့်လူမျိုးတည် ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပါအဝင် ကျန်တာတွေကို စစ်ကောင်စီနိုင်ပြီးမှ လုပ်ရအောင်”တဲ့။ ဗိုလ်ချုပ်အောင်ဆန်းဉီးဆောင်ခဲ့တဲ့ ဖဆပလအဖွဲ့က‘လွတ်လပ်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ’ ပြောပြီး ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD ကလည်း ‘ဒီမိုကရေစီ ပထမ၊ ဒုတိယ၊ တတိယ(ကျန်တာကို နောင်ခါလာနောင်မှာရှင်းရအောင်’ဆိုပြီး ကြွေးကြော်ခဲသလိုမျိုးဖြစ်ပါတယ်။
အဲလိုနဲ့ နှစ်ပေါင်း ၇၀ ကျော်လာတယ်၊ အဖြေမရသေးဘူး။ ဆိုတော့ တိုင်းရင်းသားအဖွဲ့ တစ်ချို့ကတော့ အဲဒါကို လက်မခံချင်ကြတော့ဘူး။ ကိုယ်တွေက လူနည်းစုဖြစ်တော့ ဘယ်ချိန်ပြီးမြောက်မှာလဲမသေခြာလှတဲ့ ဒီမိုကရေစီအရေး၊ စစ်ကောင်စီဖြုတ်ချရေစတဲ့ ကိစ္စတွေကိုသာ မီးကုန်ယမ်းကုန် ဆောင်ရွက်ပြီး နှစ်ပေါင်းများ စွာ ကိုယ့်လူမျိုးကို တည်ဆောက်ရေးကို ဆက်လက်လှစ်လှူရှုနေရင် ကိုယ့်လူမျိုးပါ ပျောက်မသွားနိုင်ဘူး လား” ဆိုပြီး မေးခွန်းထုတ်လာကြတယ်။
ဒါကြောင့် တစ်ချို့ တိုင်းရင်းသားအဖွဲ့တွေဆိုရင် ကိုယ့်အရေးပဲ ကိုယ်လုပ်တော့မယ်၊ “စစ်အာဏာရှင် ကျဆုံးရင်လည်း (ဗမာ) အာဏာရှင်နောက်ထပ် ရှိဉီးမှာပဲ၊ ဒါကြောင့် ကိုယ့်လူမျိုးအင်အား တည်ဆောက်ရေး ကိုပဲ အာရုဏ်စိုက်တော့မယ်”ဆိုပြီး စဉ်းစားလာတဲ့အထိ ရှိလာတယ်။ “ကိုယ့်တိုင်းရင်းသားအရေးသာ ပထမ၊ ဒုတိယ၊ တတိယ” ဆိုပြီး တန်ပြန် ရှေ့တန်းတင်လာကြတယ်။ ထိုသို့ဖြင့် ဒီနွေဉီးအရေးခင်းကိုလည်း အပြာနဲ့ အနီကြား ပြသနာ၊ ဗမာအချင်းချင်း ပြသနာ၊ နိုင်ဖို့သိပ်မသေချာတဲ့ကိစ္စဆိုပြီး ခေါက်ထားလိုက်ကြတော့တယ်။
မိမိအနေဖြင့် ဒီနှစ်ခုဟာ ဆန့်ကျင်ဘက်အရာမဟုတ်ဘဲ အတူတကွ ဒွန်တွဲပြီး ရှေ့ဆက်ရမယ့်အရာဟု ရှုမြင်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်အတွင်း အဆပေါင်းများစွာ အဘက်ဘက်မှ ပိုမိုခံစားရတဲ့ တိုင်းရင်းသား လူနည်းစုများအနေနဲ့ ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ‘ကိုယ့်အမျိုးသားရေး’ကို ဒုတိယ အဖြစ်ထားရှိ၍ ဆက်လက်ဘေးချိတ်ထားနေလို့တော့ မရပေ။ တစ်ဘက်မှာလည်း စစ်အာဏာရှင် မဖြုတ်ချ နိုင်ဘဲ ဆက်လက် သက်ဆိုးရှည်နေရင် ပိုခံစားရမှာက ကျန်တော်တို့ တိုင်းရင်းသားတွေဘဲ ဖြစ်နေပြန်တယ်။
တစ်ဘက်မှာ ‘ကိုယ့်အမျိုးသားအင်အားတည်ဆောက်ရေး’နှင့် ‘စစ်အာဏာရှင် တိုက်ဖျက်ရေး’ဆိုတာ အပြန် အလှန် အကျိုးပြုပြီး ပြိုင်တူ ဆောင်ရွက်လို့ရပါကြောင်းကို ယနေ့ ချင်းနှင့် ကယား ပြည်နယ်တော်လှန်ရေးက သက်သေပြပါတယ်။ ရုပ်ဝထ္တုပိုင်းဖြစ်တဲ့ အသက်အိုးအိမ်အပါအဝင် အခြားဆုံးရှုံးနစ်နာမှုများ ရှိလင့်ကစား ချင်းနှင့် ကယားတွင် သမိုင်းမှာ မကြုံစဖူးလောက်အောင် ကိုယ့်အမျိုးသားနိုးကြားရေး ရည်ချိန်မြင့်မားမှု၊ စိတ်ဓတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စစ်အင်အားတည်ဆောက်နိုင်မှုစသည့် အားသာချက်အမြောက်အများ ထွက်ပေါ်လာပါတယ်။
ခြုံပြောရရင် တိုင်းရင်းသားများအနေဖြင့် ကိုယ့်လူမျိုးနှင့် ကိုယ့်ပြည်နယ် အင်အားတောင့်တင်းရေးနှင့် ခိုင်မာအားကောင်းရေးအတွက်ဒီချိန်မှာ လုပ်စရာရှိတာကို မတုန့်မဆိုင်းဘဲ ပျက်ပျက်သားသား လုပ်ဆောင်ရ တော့မည့်အချိန်ဖြစ်တယ်။ စစ်ကောင်စီရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့် တိုင်းရင်းသား အကျိုးစီးပွားကို ‘ခဏခေါက်ထားရအောင်’ ‘နွေဉီးတော်လှန်ရေးပြီးမှ လုပ်ရအောင်’ ဆိုပြီး နောက်သို့ ပို့တာမျိုး မလုပ်သင့်တော့ချေ။ တစ်ဖက်မှာ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီ တိုက်ဖျက်ရေးတွင်လည်း တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။
ဆလိုင်းကျဲအိုဘိထောင်း
ဖက်ဒရယ်ဂျာနယ် ( ဒီဇင်ဘာ / ၃၀)