ဆောင်းပါး

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး ဝါဒ 

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး ဝါဒ 

မင်းသေ့ (ဆောင်းပါး) 
ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

▄ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာ၊ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအာဂျင်ဒါတွေကို လေ့ လာကြည့်ရင် မြန်မာပြည်ဟာ အမျိုးသားနိုင်ငံတစ်ခုတည်ဆောက်ဖို့ ဆန္ဒရှိခဲ့တယ်ဆိုတာ နားလည်လို့ရပါတယ်။ ပြည်ထောင်စုစနစ်ဆိုတာကို ပညတ်ပေမယ့်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ လူမျိုးစုံစုဖွဲ့ထားတဲ့ ပြည်ထောင်စု အမျိုးသားနိုင်ငံမျိုးကို တည်ဆောက်ချင်ကြပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ၊ ဩဇာ ကြီးခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့သဘောထားအမြင်တွေကို လေ့လာကြည့်ခြင်းအားဖြင့် သိနားလည်နိုင် ပါတယ်။

▄ နိုင်ငံရေးသမားတွေ ကိုယ်တိုင်က မျိုးချစ်လက်ဝဲတွေဖြစ်ကြပါတယ်။ မျိုးချစ်စိတ်ထက်သန်ပြီး တော်လှန်ရေး စိတ်ကဲသောကြောင့် တော်လှန်သောအမျိုးသားရေးဝါဒီတွေဖြစ်လာကြပါတယ်။ ထိုနည်းလည်းကောင်း လက်ဝဲ အယူအဆနဲ့ ချည်းကပ်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးသဘောထားတွေ ကိန်းဝပ်လာကြပါတယ်။ လက်ဝဲဝါဒဥတုအခြေအနေအရ၊ တိုင်းပြည်ကို ဆွဲစုတဲ့အခါ holding together ပုံစံမျိုး၊ ဆုပ်ကိုင် စုစည်းပုံဖော်ကြတာ များပါတယ်။ ဒါ့ကြောင့် အာဏာရှင်သဘော သက်ရောက်တယ်။ တို့ရှင်သန်ဖို့ တို့ပေါင်းစည်းရမယ်ဆိုတဲ့ အတင်းအကျပ် စည်းလုံးခိုင်းတဲ့သဘောမျိုးတွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ လုံးဝ လွတ်လပ်ရေးရဲ့နောက်ကွယ် မှာ ကပ်ပါလာတာက ကိုယ့်မင်းကိုယ်ချင်းနဲ့ လွတ်လပ်သော တိုင်းပြည်တည်ဆောက်ရေးပဲဖြစ်ပါတယ်။ လူမျိုးစု တွေမှာလည်း ကိုယ်စီ အမျိုးသားရေးဝါဒီတွေ ရှိနေခြင်းကြောင့်၊ ကိုယ်နေထိုင်ရာ ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်း ခွင့်ရဖို့ ဆန္ဒရှိကြတာ သဘာဝပါပဲ။

ဒီတော့ အမျိုးသားရေးဝါဒ အကွဲအပြဲဟာ လွတ်လပ်ပြီးကာလ (၁၀) နှစ်တာအတွင်း ဖြစ်ပျက်လာခဲ့တယ်။ ဒါ့ ကြောင့်လည်း ပင်လုံစာချုပ်ပါ သဘောတူညီချက်အရ၊ ခွဲထွက်လိုက ခွဲထွက်ခွင့် ဆိုတဲ့ နိုင်ငံရေးအာဂျင်ဒါကို ပြန်တင်လာကြတာဖြစ်ပါတယ်။

• လုံးဝ လွတ်လပ်ရေး လိုချင်တာ။
• ကိုယ်မင်းကိုယ်ချင်း အစိုးရပဲ အုပ်ချုပ်စေချင်တာ။
• ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ လိုချင်တာ။
• ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ချင်တာ။
• လူမျိုးအခြေပြုနိုင်ငံဖြစ်တည်မှုဘက်ကို ယိမ်းတာ။

▄ ဒီအကြောင်းအချက်တွေဟာ အမျိုးသားရေးဝါဒအပေါ် တိမ်းညွှတ်ချက်တွေပဲဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အတိတ် သမိုင်းဟာ ဗမာ့အမျိုးသားရေးဝါဒအပေါ်မှာ ကနဦး နိဒါန်းပျိုးခဲ့ပါတယ်။ အထူးသဖြင့် လူမျိုးအခြေပြု မျိုးချစ်စိတ်ဓာတ်နဲ့ ဝံသာနုလှုပ်ရှားမှုတွေဖြစ်တည်ခဲ့တာဟာ ဗမာအမျိုးသားရေးဝါဒရဲ့ သရုပ်သကန်တွေပဲဖြစ်ပါ တယ်။

▄ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို လေ့လာကြည့်ပါ။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေကနေ စတင်ခဲ့တဲ့ အမျိုး ဘာသာ သာသနာ ပညာ လှုပ်ရှားမှုဟာ ဝံသာနုလှုပ်ရှားမှု ကြီးဖြစ်ခဲ့ပါတယ်။ တစ်မျိုးသားလုံးရဲ့ မျိုးချစ်စိတ်ကို နိုးကြွလာအောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ အမျိုး ဘာသာ သာသနာ ပညာရဲ့ လှုပ်ရှားမှုမှာ၊ လူမျိုးရေးနဲ့ ဘာသာရေးဟာ ပိုပြီး အခရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလိပ် မျက်နှာဖြူကို ခွဲခြားဖို့အတွက် ပြည်တွင်းမှာ ရွေ့ပြောင်း ကျူးကျော်လာတဲ့ တရုတ်၊ ကုလားကို အရင်ဆုံး လူမျိုး ရေးခွဲခြားမှု အာဂျင်ဒါ စခင်းပါတယ်။ နောက်ပြီးတော့မှ ကုလားဖြူနဲ့ ကုလားမဲ သာကွာတယ်။ ကုလားဟာ အတူတူပဲ။ မိစ္ဆာမျိုးဖြစ်တယ်ဆိုပြီး နိုင်ငံရေးအရ ရန်/ငါ ပြတ်အောင် အရင်ဖြတ်ပါတယ်။

ဝံသာနုလှုပ်ရှားမှုမှာ လည်း လူမျိုးအပေါ်အခြေပြုပြီး ဝံသာနုစီးပွားရေးတွေကို ပိုအားပေးကြဖို့၊ တိုင်းတပါးသား ကုန်ပစ္စည်းတွေကို မသုံးစွဲ ၊ မဝယ်ယူဖို့ ကန့်ကွက်လှုံ့ဆော်ကြပါတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ အလုပ်သမားပြဿနာတက်ပြီး ကုလား ဗမာ အဓိကရုဏ်းဖြစ်ရပ်ဟာ အထင်အရှားဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုနဲ့ ကြွေးကြော် မှုတွေကလည်း လူမျိုးရေးခွဲခြားမှုနဲ့ စတင်ခဲ့တာကို တွေ့ရပါတယ်။ သို့သော် နောက်ပိုင်းကာလတွေကျမှ လူမျိုးရေးထက် အမျိုးသားလွတ်မြောက်ရေးဘက်ကို ဦးတည်တဲ့အထိ တော်လှန်ရေးအမြင်ကို အဆင့်မြှင့်နိုင်သွားပါတယ်။ (တို့ဗမာစာတမ်းပါ ဖွင့်ဆိုချက်များကို လေ့လာပါ။ ဤကား – စကားချပ်)

▄ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားရေးဝါဒဟာ ဘယ်လိုအမျိုးသားရေးဝါဒမျိုးဖြစ်ခဲ့ပါ သလဲ။ ဗမာအမျိုးသားရေးဝါဒဟာ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒ အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ နယ်ချဲ့ ကိုဆန့်ကျင်ဖို့အတွက် လူမျိုးရေးအရ ပိုင်းခြား၊ ခွဲခြားပြီး အမျိုးသားရေးဝါဒကို ထူထောင်တာတွေ့ရပါတယ်။ ကုလားဖြူနဲ့ ကုလားမည်းသာ ကွာတယ်။ ကုလားဟာ အတူတူပဲဆိုပြီး လူမျိုးရေးအရ ပိုင်းခြားမှု လုပ်တာတွေ့ ရပါတယ်။ အင်္ဂလိပ်ဟာ အိန္ဒိယကို ကိုလိုနီလုပ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာထက် အိန္ဒိက ကိုလိုနီအပြုခံရမှုမှာ ပိုစောပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ကို သိမ်းပိုက်ချိန်မှာ၊ အင်္ဂလိပ်ဟာ အိန္ဒိယ ပုလိပ်တပ်ကို သုံးပြီး နှိမ်နင်းပါ တယ်။ ဒါ့ကြောင့် အင်္ဂလိပ်နဲ့ တွဲပြီး ကုလားကိုပါ မြန်မာက မုန်းပါတယ်။

လူမျိုးရေးအရ မုန်းတီးစိတ်ဟာ ကိုလိုနီ ခေတ်ကာလမှာ၊ ကုလားကို ကြားခံထားပြီး နှိမ်နင်းတာမျိုးလုပ်လို့ မြန်မာက မကျေမနပ်ဖြစ်ပါတယ်။ နောက်ပိုင်း မှာကျမှ၊ မြန်မာထဲက ပညာတတ်ကို မွေးပြီး အင်္ဂလိပ်က သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားအတွက် ကြားခံထည့်သုံး ပါတယ်။

▄ ဒီနေရာမှာ မြန်မာတွေရဲ့ အမျိုးသားရေးဇာတိမာန်ကို အကျယ်ပြန့်ဆုံး လှုပ်နိုးနိုင်ခဲ့တဲ့ ကဗျာစာဆို ဇာတိမာ န်ကဗျာဆရာ သခင်ကိုယ်တော်မှိုင်းရဲ့ ဋီကာတချို့ကို လေ့လာဖို့ လိုပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ မြန်မာ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ မြန်မာလူထုရဲ့ ဆန္ဒအင်အားကို စာပေအားဖြင့်၊ ကဗျာဋီကာတွေ အားဖြင့် ဆွဲစုပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဝံသာနုစိတ် မြှင့်တင်ရေးအတွက်ဦးတည်တဲ့ ဋီကာတွေဟာ မြန်မာ့လူထုထဲမှာ ဩဇာကြီးမားခဲ့ပါတယ်။ ဋီကာတွေ ရေးပြီး အမျိုးသားရေးဇာတိမာန်ကို နိုးကြွစေခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ တော်လှန်သောဋီကာ အချို့နဲ့ပတ်သက်ပြီး သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက စာတမ်းရေးသားပါတယ်။ မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထား အထွေထွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖြစ်ပါတယ်။ စာတမ်းပါ တင်ပြချက်တွေထဲက ဒေါက်တာသန်းထွန်းရဲ့ အမြင်တချို့ကို ကြည့်ပါ။

• …. ၁၉၁၃ မှ ၁၉၃၈ အထိ ၂၅ နှစ်ကာလအတွင်း၌ မြန်မာ့နိုင်ငံရေးနှင့်အတူ ဆရာကြီး၏ နိုင်ငံရေး သဘောထားများသည်လည်း “ငါ့ အမျိုးမှ ငါ့အမျိုး” ဆိုသည့် နယ်ကျဉ်းကျဉ်းကလေးမှ ကျယ်ပြန့်ကြီး ပွားလာလိုက်သည်မှာ နိုင်ငံတကာငြိမ်းချမ်းသာယာရေးအထိပင် ဖြစ်သည်….။

၁၉၁၃ ခုနှစ်၊ ဝံသာနုလှုပ်ရှားမှု အစကနဦးကာလတွေမှာ သခင်ကိုယ်တော်မှိုင်းရဲ့ အမျိုးသားရေးကဗျာဋီကာ တွေဟာ အမျိုးကို ဗဟိုပြုတဲ့ မျိုးချစ်စိတ်ကို ဗဟိုပြုပါတယ်။ အမျိုးချစ်စိတ်ကို ဗဟိုပြုပြီး တော်လှန်သောဋီကာ တွေရေးစပ်တဲ့အခါ လူမျိုးရေးခွဲခြားပြီး လူမျိုးရေးအမုန်းတရားကို ထည့်သွင်းရေးစပ်တာတွေ့ရပါတယ်။ ဗမာ့ အမျိုးသားရေးဝါဒအစဟာ လူမျိုးရေးမုန်းတီးမှုကနေ စတင်တယ်ဆိုတဲ့ သာဓကကို တွေ့နိုင်ပါတယ်။ လူမျိုးရေး မုန်းတီးမှု – လူမျိုးခြားမုန်းတီးရေးနဲ့ပတ်သက်ပြီး ဒေါက်တာသန်းထွန်းရဲ့ မှိုင်းဗေဒ အပေါ် ဆန်းစစ်ချက် မှတ်ချက်ကို ကြည့်ပါ။

• ဋီကာတွေထဲက ပထမဆုံးထင်ရှားလာတဲ့ နိုင်ငံရေးအယူအဆဟာ ဆန့်ကျင်ရေး သဘောတရားဖြစ် တယ်လို့ ပြောခဲ့ပြီးပါပြီ။ ဆန့်ကျင်ရေးဆိုတာမှာလည်း အဦးအစ ပွင့်လန်းလာတာက လူမျိုးခြားမုန်းတီး ရေးပဲ ဖြစ်ပါတယ်။ ဒီသဘောထားကို အမျိုးသားတစ်ဦးရဲ့ စွပ်စွဲချက်အနေနဲ့ တို့မြန်မာမိန်းမတွေဟာ ဝံသာနုရက္ခိတတရား မရှိပုံက မြန်မာလူမျိုးချင်းမှရယ်လို့ သဘောမထားဘူး။ ကုလားတွေ ယူ၊ တရုတ်တွေ ယူ၊ ဘိုတွေ ယူနှင့် သူတို့က စပြီး ဝံသာနုရက္ခိတတရားကို ဖျက်ပစ်တာကလားလို့ တင်ပြခဲ့ပါတယ်။

• တရုတ် ၊ ကုလားကို အဖေတော်ရတဲ့ကလေးဟာ ဘယ်နည်းနဲ့မှ မြန်မာမျိုးချစ်စိတ် ရင့်သန်နိုင်မယ် မဟုတ်ဘူးလို့ မြင်တဲ့အတွက် ဖြစ်ပါတယ်။ တိုင်းတစ်ပါးသား မုန်းတီးရေးမှာ တရုတ်၊ ကုလားနဲ့ စလိုက်ပါမှ အင်္ဂလိပ် မုန်းတီးရေးအထိ အများပရိသတ်ကို ခေါ်သွားဖို့ လွယ်မယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း
မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ စာတမ်း
၁၉၇၄ မတ်လ ၂၁၊ မန္တလေး ဓမ္မဗိမာန်မှာ ဖတ်ကြားသည့်စာတမ်း။

▄ ဗမာအမျိုးသားရေးဝါဒ ပုံစံဟာ အစွန်းရောက်အမျိုးသားရေးဝါဒပုံစံလည်း ထွက်ခဲ့ပါတယ်။ ဒါကတော့ အစွန်း ရောက်တတ်တဲ့ ဗမာနိုင်ငံရေးဓလေ့နဲ့ ဆက်နွှယ်နိုင်ပါတယ်။ ဗမာ့နိုင်ငံရေးဓလေ့မှာ အစွန်းရောက်ဓလေ့အပြင် စစ်စရိုက်ဆန်တဲ့ အပြုအမူမျိုးတွေပါ တွေ့ရပါတယ်။ ဒါ့ကြောင့် မျိုးချစ်စိတ်အခံမှာ ပညာအားဖြင့်၊ ဆင်ခြင်တုံ တရားအားဖြင့် မယှဉ်တွဲနိုင်ရင် အမျိုးသားရေးဝါဒဟာ အစွန်းရောက်သွားတတ်တာ ထုံးစံပါပဲ။

နယ်ချဲ့အင်္ဂလိပ်ကို မုန်းပြီး နယ်ချဲ့အမျိုးသားရေးဝါဒ ဖြစ်ထွန်းခဲ့တဲ့အထဲမှာ လူငယ်ပညာတတ်မျိုးချစ်တွေလည်း ပါခဲ့ပါတယ်။ ကိုလိုနီခေတ် ဗမာလူငယ်မျိုးချစ်ပညာတတ်တွေထဲမှာတော့ တစ်စုံတရာ လစ်ဘရယ်စိတ်အခံနဲ့ နီးစပ်တဲ့ လူငယ်ပညာတတ်မျိုးချစ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လစ်ဘရယ်အမျိုးသားရေးဝါဒဟာ နေရာပေး ဆက်ဆံခြင်း သိပ်မခံရပါဘူး။ မြန်မာ့လူမှုဓလေ့မှာ သဘောတရားတွေ၊ အဘိဓမ္မာတွေ သိပ်ကြိုက်နှစ်သက် တတ်တဲ့ သဘောရှိတာကြောင့် လက်ဝဲဝါဒပဲ အားကြီးနေခဲ့ပါတယ်။ လက်ဝဲအဘိဓမ္မာကပဲ လူ့အဖွဲ့အစည်းထဲ မှာ ပြန့်နှံ့တည်ရှိနေပါတယ်။ လစ်ဘရယ်သဘောတရားဟာ အရင်းရှင်နဲ့ နှီးနွှယ်တဲ့ဝါဒဖြစ်တယ်လို့ ယူဆတာ လည်း ပါကောင်းပါပါလိမ့်မယ်။ ဒါ့ကြောင့် မျိုးချစ်စိတ်ရှိပေမယ့် လစ်ဘရယ်စိတ်အခံနဲ့ ယှဉ်တွဲခွင့်ရတဲ့ လူဟာ အနည်းငယ်သာဖြစ်ခဲ့ပါတယ်။

▄ မြန်မာပြည်မှာ လစ်ဘရယ်အမျိုးသားရေးဝါဒ ဖြစ်ထွန်းခဲ့မှုဟာ များများစားစား မရှိခဲ့ဘူး။ လစ်ဘရယ်အမျိုးသားရေးဝါဒီတွေက တက်ခနိုကရက် အလွှာလောက်မှာပဲဖြစ်ထွန်းခဲ့တာကြောင့် လူထုဆီကို ပြန့်ပြန့်နှံ့နှံ့ဖြစ်ဖို့ မလွယ်ကူခဲ့ဘူး။ ဒါ့ကြောင့် မြန်မာပြည်မှာ လစ်ဘရယ်အမျိုးသားရေးဝါဒီတွေ များ များစားစား မရှိခဲ့ဘူးလို့ ကောက်ချက်ချလို့ရတယ်။

မင်းသေ့ (ဆောင်းပါး) 

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

Related Articles

Back to top button