ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံတစ်ခု၏အသည်းနှလုံးဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည် ငြိမ်အေးချမ်းသောနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းကျောင်းပေးသော ပဲ့ကိုင်လည်းဖြစ်ပါသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကောင်းဆိုသည်မှာ ယင်းနိုင်ငံရှိပြည်သူများ ကောင်းစွာသဘောပေါက်နားလည်ပြီး လက်ခံ လိုက်နာနိုင်သော ဥပဒေဖြစ်ဖို့လိုအပ်ပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကောင်းရှိပြီးသားနိုင်ငံတွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ၊ ပြည်သူများလက်ခံပြီး ကောင်းမွန်သောဥပဒေရှိပြီးဖြစ်၍ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ရေး၊ လူမှုရေး၊ ကျန်းမာရေးများကို ဥပဒေပါနည်းစနစ်များနှင့် အရှိန်အဟုန်ပြင်းစွာဆောင်ရွက်နိုင်ပါသည်။ ကောင်းမွန် ပြီး ပြည်သူများလေးစားလက်ခံနိုင်သော ဥပဒေမရှိသောနိုင်ငံတွင် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ၊ နိုင်ငံ အတွက်အလုပ်လုပ်ပေးရာတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရတတ်ပါသည်။
အမေရိကန်နှင့်ဥရောပနိုင်ငံများတွင် ကောင်းမွန်သောဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိပြီးသားဖြစ်၍ မည် သည့်အစိုးရတက်သည်ဖြစ်စေ၊ အခြေခံဥပဒေပါအတိုင်းနင်းလျှောက်ပြီး တိုင်းပြည်အဖက်ဖက်မှတိုးတက်အောင် ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်အစောဆုံးသောအခြေခံဥပဒေသည် ၁၉၄၇ခုနှစ်တွင် ရေးဆွဲခဲ့ကြပါသည်။ ယင်းဥပဒေ၏အကြမ်းဖျင်းအခြေခံမူအား ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်(လန်ဒန်)မှ အပြန်လေယာဉ်ပေါ်တွင် ရေးဆွဲခဲ့ သည်ဟုလည်း ဖတ်ရှုကြားသိခဲ့ရပါသည်။ သို့သော်လေယာဉ်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့သော အခြေခံ ဥပဒေအကြမ်းအားဖြင့် တိုင်းရင်းသားများနှင့်အတူတကွအမြဲယှဉ်တွဲနေထိုင်နိုင်မည့် ပင်လုံစာချုပ်အခြေခံမူများ ဖြစ်ပေ သည်။ သို့သော်ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက် အသေးစိတ်အခြေခံဥပဒေရေးဆွဲသောအခါ ဗိုလ်ချုပ်ရည်မှန်းခဲ့သော ပင်လုံအခြေခံ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်ပါ အနှစ်သာရများ ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိတော့ချေ။ ပင်လုံစာချုပ် မချုပ်မီ ကချင်၊ ချင်း၊ ကယားစသည်တို့သည် ဗမာတွေကို လုံးဝယုံကြည်မှုမရှိကြ။ ကချင်ခေါင်းဆောင်က ငါတို့ အင်္ဂလိပ်ကျွန်ဖြစ်ပြီး ဗမာကျွန်တော့ မဖြစ်ချင်တော့ဘူးဟုဆိုကာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ ဗိုလ်ချုပ်က ကျွန်တော့်ကိုယုံပါ၊ ကျွန်တော်ကပြောသလိုလုပ်တတ်ပါတယ်၊ အခုစာချုပ်ပါအတိုင်းဖြစ်ဖို့၊ ဗမာကျွန်မဖြစ် ဖို့ ကျွန်တော်တာဝန်ယူပါသည်ဟု ကတိပေးမှ ဗိုလ်ချုပ်ကိုယုံ၍ အားလုံးလက်မှတ်ရေးထိုးကြသည်။
ပင်လုံစာချုပ်တွင်လည်း တိုင်းရင်းသားတို့ရဲ့ လိုလားချက်ဖြစ်တဲ့ အချုပ်အခြာအာဏာ (၃)ရပ်ကို ဖက်ဒရယ် ပြည်ထောင်စုပုံစံ တိကျပြတ်သားစွာ ထည့်သွင်းလျှက် ပြည်တွင်းပြည်ပအသိသက်သေများရှေ့မှောက်တွင် လက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့ကြပါသည်။ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက်ပိုင်းတွင် ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေနှင့် အသိပညာရှင်များ၊ ဥပဒေပညာရှင်များမှ ၁၉၄၇ခု အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ဦးကျော်ငြိမ်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားသူပီပီ “ဖက်ဒရယ်ပြည်ထောင်စုစနစ်” ဟာ တိုင်းရင်း သားတွေက ဗမာတွေကို ပြန်ချမဲ့စနစ်ပဲဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဦးဗဆွေကလည်း တိုင်းရင်းသားတွေက ရပိုင် ခွင့်တွေတောင်းဆိုရင် ဗမာတွေကလည်းတောင်းဆိုရမယ်၊ တိုင်းရင်းသားတွေကို တာဝန်မယူနိုင်တော့ဘူးဟု ပြောဆို ခဲ့ပါသည်။ ဒါကြောင့်ဒီလူတွေ အခြေခံဥပဒေရေးဆွဲပိုင်ခွင့်ရှိလာတဲ့အခါ ပင်လုံစာချုပ် အနှစ်သာရတွေဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပါမလာတော့သည့်အပြင် တိုင်းရင်းသားတွေအပေါ် ဗိုလ်ကျစိုးမိုးမှုတွေကြောင့် အထွေ ထွေမကျေနပ်မှု ဖြစ်လာရာမှ တိုင်းရင်းသားတွေဟာနောက်ဆုံးအဆင့် လက်နက်ဆွဲကိုင်တော်လှန်လာကြတာ အခုဆို ရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လက်နက်ကိုင်သူပုန်အများဆုံးနိုင်ငံဖြစ်လာခဲ့ရသည်။
နဝတ၊ နအဖ လက်ထက် ယခင် တိုင်းရင်းသားလူမျိုး(၈)မျိုးရှိခဲ့သည်ကို (၁၃၅)မျိုးအဖြစ်မြှောက်ပင့်မွေးမြူပြီး သွေးခွဲစနစ်ဖြင့် တိုင်းရင်းသားတွေကို ဖြိုခွဲလိုက်တယ်။ ဒါဟာဗမာတွေအတွက်ကောင်းပေမဲ့ နိုင်ငံအတွက်ကောင်းသာလက္ခဏာမဟုတ်ချေ။ ဦးနေဝင်းကို တပ်မှူးတစ်ယောက်က ဗိုလ်ချုပ်ကြီး ရှမ်းပြည်မှာ သူပုန်တွေတော်တော်သောင်းကျန်းနေတယ်၊ ကျွန်တော်တို့ အပြတ် ရှင်းမှ ရမယ်ပြောတော့ ဦးနေဝင်းက မင်းတော်တော်မိုက်တဲ့သူပဲ ဒီကောင်တွေကို အပြတ်ရှင်းလိုက်ရင် ငါတို့ဘာလုပ် တော့မှာလဲဟု ရီစရာလိုလို အတည်လိုလို ပြောခဲ့ဖူးပါသည်။ အခုဆို “ဝ” လူမျိုးလက်နက်ကိုင်အဖွဲ့ကို နှစ်(၃၀) လောက်မွေးမြူထားလိုက်တာ “ဝ” တွေဟာ ပြည်နယ်အဆင့်တောင်းဆိုနေတဲ့အပြင် နောင်ဆိုနိုင်ငံအဆင့် ဖြစ်လာ မည်။ အလွန်ဆုံးနောင် (၁၀)နှစ်အတွင်း အသိအမှတ်ပြုလာရတော့မည်။ ယခုတောင် နှစ်(၃၀)ပြည့် ငြိမ်းချမ်းရေး “ဝ” တပ်မတော် စစ်ရေးပြအခမ်းအနားကို နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ သွားရောက်ခြင်းသည် တရားဝင်အသိအမှတ်ပြုရာ ရောက်၏ဆိုလျှင် မမှားနိုင်ပေ။ ဒါကြောင့်တိုင်းရင်းသားတွေ တောင်းဆိုချက်ကို အတင်းအကြပ်ဖက်ချည်ထားလျှင် အတင်းအကြပ်ရုန်းထွက်ကြလိမ့်မည်။ ပေးသင့်ပေးထိုက်သည်ကိုပေး၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် ညီညွှတ်မျှတ စွာ ချီတက်ပါက နိုင်ငံရေရှည်တည်တံ့ခိုင်မြဲနိုင်ပေမည်။
ပင်လုံစာချုပ်အပေါ်ရိုးသားပြီး တိုင်းပြည်အပေါ် သစ္စာရှိ၊ စေတနာရှိ၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေ သဘောတူရေး ဆွဲထားခဲ့တဲ့စာချုပ်ဖြစ်ပါသည်။ ယင်းစာချုပ်ပါအချက်အလက်တွေကို လျစ်လျူရှုပြီး အခြေခံဥပဒေကို ရေးဆွဲလျှင် ပင်လုံခေါင်းဆောင်တွေအပေါ် သစ္စာဖောက်ရာရောက်ကာ ပင်လုံကျိန်စာသင့်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ၁၉၄၇ခုနှစ်၊ ၁၉၇၄ခုနှစ်၊ ၂၀၀၈ခုနှစ်များတွင် (၃)ကြိမ်ရေးဆွဲပြဋ္ဌာန်း အုပ်ချုပ်ခဲ့ပြီးဖြစ်ပါသည်။ ယင်း(၃)ကြိမ် ရေးဆွဲပြဋ္ဌာန်းခဲ့သောဥပဒေများတွင် တိုင်းရင်းသားပြည်သူများ လိုလားချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေပြုခွင့်၊ တရားစီရင်ခွင့်တို့ လုံးဝပါမလာခဲ့သည့်အတွက် ယနေ့တိုင် တိုင်းပြည်မငြိမ်းချမ်းနိုင်သေးဘဲ ဖြစ်နေရ သည်။
ကမ္ဘာမှာရောဒေသအတွင်းမှာပါ အလွန်နောက်ကျကျန်ခဲ့ပြီးဖြစ်ပါသည်။ သိလျှက်နှင့်မိုက်တွင်းနက်နေကြ သည်။ တစ်ဦးနှင့်တစ်ဦး အထူးသဖြင့် ဗမာနှင့်တိုင်းရင်းသားများ ယုံကြည်မှုကင်းမဲ့နေကြသည်။ ယခင်ကပင် ဗမာတွေ အပေါ် အယုံအကြည်မရှိသောတိုင်းရင်းသားများသညှ်ဗမာအများစုကြီးစိုးထားရာ တပ်မတော်မှ ဗိုလ်ကျကြီးစိုး ချယ်လှယ်မှုကြောင့် ရရာလက်နက်ဖြင့် တော်လှန်ပုန်ကန်လျှက်ရှိနေကြသည်။ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို တောင်း ဆိုနေကြခြင်းလည်းဖြစ်သည်။ ယနေ့ခေတ်လိုအခါမျိုးတွင် တိုင်းရင်းသားတို့ ခွဲထွက်မည်ကို အကြောင်းပြ၍ မိမိတို့ အခန်းကဏ္ဍကို မရှိမဖြစ်ပုံစံ ဖော်ဆောင်နေရင် တိုင်းပြည်အလွန်နစ်နာမည်ဖြစ်ပါသည်။ ထွက်ပြေးမှာကြောက်လို့ လည်ပင်းတအားညှစ်ထားရင်တော့ တအားရုန်းထွက်မည်ဖြစ်ပါသည်။ ထို့ကြောင့်နှစ်ကာလ ကြာမြင့်စွာ မိမိတို့ လိုလားချက်များကို လက်နက်ဆွဲကိုင်တောင်းဆိုနေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားများ ခွဲ ထွက်မှာ စိုးရိမ်လွန်ကာ တောင်းဆိုချက်များအား နည်းမျိုးစုံဖြင့် အင်အားသုံးပယ်ချနေသော တပ်မတော်တို့အား ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ရန် သမ္မတဟောင်းဦးသိန်းစိန် လက်ထက်မှစတင်ကာ ဒေါ်အောင်ဆန်းစု ကြည်လက်ထက်ထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၅ အောက်တိုဘာ (၁၅)ရက်နေ့မှ စတင်၍ ယနေ့ထိ တစ်ဖက်နှင့်တစ်ဖက် စိတ်ရှည်သည်းခံစွာ ဆွေးနွေးမှုကြောင့် သဘောတူညီချက်များ ရရှိနေပြီးဖြစ် ပါသည်။ တပ်ချုပ်ကြီးမှလည်း ၂၀၂၀တွင် အပြီးသတ်ငြိမ်းချမ်းရေးရစေရမည်ဟု ကတိပြုထားသော်လည်း ဆောက်ဖြစ်မှ ကျောင်းဒကာအဖြစ် ခံယူရမည်ဖြစ်သည်။ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတွင် သူ့ဖက်ကိုယ့်ဖက် လိုရာများ ဆွေးနွေးညှိနှိုင်းပြီးစီးပါက ယင်းညှိနှိုင်းဆွေးနွေးမှု ရလာဒ်သည်ပင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ် ဖြစ်ပေါ်လာနိုင်၍ ၂၀၀၈ အခြေခံဥပဒေအား အင်တိုက်အားတိုက်ပွတ်တိုက်ကာ ပြင်ဆင်ရန်မလိုအပ်ဟုထင်ပါသည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းရေးကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပုံဖော်ထည့်သွင်း၍ မရ နိုင်။ သို့ပါ၍မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာရေး တိုင်းရင်းသားများ၏ဆန္ဒပြည့်ရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ လွှတ်တော်၊ ပါတီများအားလုံး စေတနာမှန်ဖြင့် စိတ်ရှည်စွာ PEACE & NCA တွင် ဝိုင်းဝန်းအဖြေရှာသင့်ပေသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ဥပဒေကန့်သတ်ချက်များရှိ၍ နိုင်ငံတော်နှင့်တိုင်းရင်း သားများအတွက် ပြင်ဆင်ဖြည့်စွက်ထည့်သွင်းရန် မဖြစ်နိုင်ချေ။
အကယ်၍တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ အရည် အချင်းနှင့် တပ်မတော်၏ အခန်းကဏ္ဍများကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ (၇၅%) ကျော်က ပြင်ဆင်ရန်သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ မဲဆန္ဒပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော်ရရှိမှသာ ပြင်ဆင်လိုသောဥပဒေကို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ လွှတ်တော်တွင်တိုင်းရင်းသားရေးအတွက် တပ်မ တော်၏ ခွင့်ပြုချက်မရဘဲပြင်ဆင်ရန်မဖြစ်နိုင်၊ တပ်မတော်မှလည်း တိုင်းရင်းသားတို့အပေါ်လုံးဝ အယုံအကြည်မရှိ၊ တိုင်းရင်းသားတို့နှင့် တန်းညှိမခံပေ၊ ယခင်တပ်မတော်အစိုးရလက်ထက်က တိုင်းရင်းသားတို့၏ယဉ်ကျေးမှုနှင့် ဘာသာ၊ သာသနာများ ညိုးမှိန်ပျောက်ကွယ်ခဲ့ရသည်။ ဒါကြောင့် တပ်မတော်လွှမ်းမိုးထားရာလွှတ်တော်တွင် အခြေခံ ဥပဒေပြင်ဆင်ရေးမှ တိုင်းရင်းသားတို့အတွက် မည်သည့်ရလာဒ်ကောင်းမှ ပေါ်ထွက်လာစရာအကြောင်းမမြင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မလိုအပ်သောတပ်မတော်၏အခန်းကဏ္ဍကို ပယ်ဖျက်ပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဟု ဖွဲ့စည်းပြီး ရွေးကောက်ခံအစိုးရ၏လက်အောက်တွင် ထားရှိသော ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်မှသာ လျှင် တိုင်းရင်းသားနှင့်ပြည်သူတို့အားလုံး မျှော်လင့်တောင့်တချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ် သည်။ သို့သော်၎င်းကိုပြင်ဆင်ရန် တပ်မတော်က သဘောမတူက လုံးဝပြင်ဆင်၍မရနိုင်အောင် ဥပဒေများဖြင့် ကန့်သတ်ထားရှိပါသည်။ နောက်ဆုံးတပ်မတော်မှ သဘောတူအဆိုတင်သွင်းထားခဲ့သော ပြည်နယ်များတွင် ဝန်ကြီး ရာထူးအား အနိုင်ရပါတီမှ ရယူပိုင်ခွင့်သည်ပင်လျှင် အဆံမရှိသောအမြှောက် ပမာ ရာထူးသာဖြစ်သည်။ ပြည်နယ်ဝန် ကြီးချုပ်များအား ပြည်ထောင်စုအဆင့်ဝန်ကြီးထက် နှိမ့်ထားခြင်းသည် ပြည်နယ်များအား အယုံအကြည်မရှိ၍ လုပ်ပိုင် ခွင့်ပေးမထားခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှာဖွေမယ့်အစား အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညီလာခံတွင် အင်တိုက်အား တိုက်ပါဝင်ပြီး မိမိတို့လိုချင်သော ရပိုင်ခွင့်များကို အကျေအလည်ဆွေးနွေးညှိနှိုင်းအဖြေရှာသင့်ပါသည်။
NCAတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီကိုယ်စားလှယ်များ၊ အရပ်ဖက်လူ့အဖွဲ့ အစည်းများပါဝင်ပြီး တပ်မတော်အား အသားပေးထားမှုမရှိသလို ဥပဒေနှင့်ကန့်သတ်ထားခြင်းလည်းမရှိချေ။ အများ ရှေ့တွင်ညှိနှိုင်း၍ သဘောတူညီချက်များအား တပ်မတော်မှဆန့်ကျင်နေပါက တပ်မတော်၏ ပုံရိပ်ဆိုးဆိုးဝါးဝါး ပျက်စီးသွားနိုင်သည်။ သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ၂၀၁၅ခု၊ အောက်တိုဘာ (၁၅)ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြင့် သမိုင်းဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပါ သည်။ ယင်းစာချုပ်အရ နိုင်ငံရေးဆွေးနွေးမှု၊ ညီလာခံကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ယင်းငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအမည်ပြောင်းလဲကာ ဥက္ကဋ္ဌ တာဝန်ယူလျှက် ၂၀၁၆ခုနှစ်၊ သြဂုတ် လ (၃၁)ရက်နေ့မှ စက်တင်ဘာလ(၃)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပါသည်။ ယင်းညီလာခံသည် တိုင်းရင်းသားပါတီများ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် မိမိတို့နိုင်ငံရေး လိုလားချက်များကို တရားဝင် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်သော ရှာဖွေရကောင်းသော တရားဝင်ညီလာခံကြီးဖြစ်ပေသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးငြိမ်းချမ်းရေးညီလာခံတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်များနှင့်အညီ တည်ဆောက်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသော ဆုံး ဖြတ်ချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အားဖြည့်ထားသည့် တိုင်းရင်းသားများ အစဉ်တစိုက် တောင်းတခဲ့သည့်တန်းတူညီမျှမှုကို အာမခံသည့်ဖွဲ့စည်းပုံအခြေ ခံဥပဒေကို အတည်ပြုရေးဆွဲရန်ဖြစ်သည်။ ထို့ကြောင့်မြန်မာနိုင်ငံသားအားလုံးနှင့် တိုင်းရင်းသားများအပါအဝင် ဆန္ဒများ ပြည့်ဝစေရန် တစ်ခုတည်းသောလမ်းကြောင်းမှာ NCA သာဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မြန်မာ ပြည်သူပြည်သားများနှင့် တိုင်းရင်းသားများအတွက် အကျိုးရှိမည့် ဥပဒေများ ပြင်ဆင်ရမည်ဆိုလျှင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေး” တို့ကို အစဉ်တစိုက်ဦးတည်သည်ဆိုသည့် အခန်း(၁)ပုဒ်မ-၆(စ)ပြင်ဆင်ရမည်။ အမျိုးသားနိုင်ငံရေးဖြစ်စေ၊ ပါတီနိုင်ငံရေးဖြစ် စေ၊ နိုင်ငံရေးရာနိုင်ငံရေးပဲ ဖြစ်သည်။ နိုင်ငံရေးတွင်လက်နက်နိုင်ငံရေးလုပ်နေပါက လက်နက်မကိုင်သောနိုင်ငံရေး လုပ်သူများနှင့် ပဋိပက္ခဖြစ်နိုင်ပါသည်။ လက်နက်မကိုင်သူနိုင်ငံရေးသမားများအတွက်လည်း လုံခြုံမှု မရှိနိုင်။ ၄င်းအပြင် အခန်း(၄) ပုဒ်မ-၁၀၉(ခ)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင် သွင်းသည့် ၁၁၀ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပုဒ်မ-၁၄၁(ခ) သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများအပါအဝင် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုစီတွင် ကိုယ်စားလှယ် (၄)ဦးကျစီဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ် (၅၆)ဦး စသည်တို့သည် အခန်း(၉) ပုဒ်မ-၃၉၁(ခ)တွင် ပြဋ္ဌာန်းထားသော လူတစ်ဦးသည် မဲဆန္ဒနယ်တစ်ခုတွင် ဆန္ဒမဲ (၁)မဲ သာ ပေးပိုင်ခွင့်ရှိသည်ဟူသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း မကိုက်ညီသလို ရွေးကောက်ခံ ဒီမိုကရေစီ စနစ်နှင့်လည်း ကိုက်ညီမှုမရှိချေ။
ထို့ကြောင့် ၄င်းဥပဒေပုဒ်မများအား ပြင်ဆင်ခွင့်ရရှိပါမှ မျှော်လင့်ချက်များ အဆင်ပြေ မည်ဖြစ်ပါသည်။ တိုင်းနှင့်ပြည်နယ်များတွင် ရွေးကောက်ခံအနိုင်ရပါတီမှ အစိုးရဖွဲ့ပိုင်ခွင့်ဝန်ကြီးချုပ်ကို ရွေးချယ်ပိုင် ခွင့်ဥပဒေကိုလည်းကောင်း၊ ဝန်ကြီးချုပ်သည်ပြည်နယ်လွှတ်တော်၊ တရားသူကြီးချုပ်ကို ခန့်ပိုင်ခွင့်ဥပဒေကိုလည်း ကောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့အား ပြည်နယ်တိုင်းဝန်ကြီးချုပ်၏ ပိုင်ခွင့်အောက်တွင်ထားရှိသော ဥပဒေကိုလည်းကောင်း၊ ပြည်နယ်တိုင်းဒေသကြီးများမှ သဘာဝသယံဇာတများနှင့် အခြားဝင်ငွေများကို ပြည်နယ်ဝန် ကြီးချုပ်ကိုယ်တိုင် သိရှိပြီး ပြည်ထောင်စုအစိုးရနှင့် အချိုးကျခွဲဝေသည့် ဥပဒေကိုလည်းကောင်း ထည့်သွင်းပြင်ဆင် နိုင်မှသာလျှင် အထိုက်အလျောက်အားဖြင့် တိုင်းရင်းသားများသည် လူ့အဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာဖြင့် နေနိုင် မည်ဖြစ်ပါသည်။ သို့ရာတွင် ဖော်ပြပါလိုအပ်သောနိုင်ငံတည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေသော ဥပဒေများကို ပယ်ဖျက်၍ ပြင်ဆင်ဖြည့်စွပ်ရန် လိုအပ်သောဥပဒေများကို ထည့်သွင်းနိုင်မှသာ နိုင်ငံတော်နှင့်တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသားများအတွက် ရာနှုန်းပြည့်လိုအပ်ချက်များကို “PEACE AND NATIONWIDE CEASE FIRE” ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ငြိမ်းချမ်းရေးညီလာခံတွင် မိသားစုပ မာ ရင်းနှီးချစ်ကြည်စွာ အတူတကွ ညှိနှိုင်းအဖြေရှာနိုင်မှသာလျှင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် များအပါအဝင် ပြည်ထောင်စုနေတိုင်းရင်းသားအားလုံးသည် အားလုံးနိုင် (WIN. WIN) ရွှေပြည်သစ်ကြီးဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ တပ်မတော်အနေနှင့်လည်း အမျိုးသားနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် ပါဝင်နေစရာမလိုတော့၍ မူလလုပ်ငန်းတာဝန်ကိုသာ သီးသန့်လွတ်လပ်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်၍ ခေတ်မှီပြီး ပြည်သူလေးစားချစ်ခင်တန်ဖိုးထားသော တပ်မတော်ကြီးအဇြစ် မလွဲဧကန်ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
သို့ရာတွင် NLDနှင့်တပ်မတော်တို့သည် ပြဒါးနှင့်သံလို တစ်လမ်းစီဖြစ်နေသမျှ “ရွှေပြည်သစ်”ဆီသို့ အလှမ်းဝေးနေဦးပေမည်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဥပဒေတစ်ခုပြင်ဆင်ရေးအတွက် သဘောတူသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သဘောမတူပါက အတည်မဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အသာစီး ရရှိထားသည်ကို သတိပြုရမည်ဖြစ်ပါသည်။ တပ်မတော်မှလည်း NLD အလိုကျ ထောက်ခံပေးမည့်ပုံမပေါ်သည့်အပြင် လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကော်မရှင်ဖွဲ့သည်ကို တပ်မတော်မှ အသည်းအသန်ကန့်ကွက်နေ သည်ကို ကြည့်ခြင်းအားဖြင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာရန်အကြောင်းမရှိပါ။ ထို့ကြောင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်၏ အနှစ်သာရများ ပျောက်ဆုံးနေသမျှ မြန်မာနိုင်ငံသည် “ပင်လုံကျိန်စာ”သင့်နေဦးမှာ ဖြစ်သလို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမူလည်း ဗမာနှင့်တိုင်းရင်းသားများအတွက်ပါ အားရကျေနပ်လောက်ဖွယ်ရာအဖြစ် အဖြေများ ထွက်ပေါ်လာစေရန်အကြောင်း မရှိပါကြောင်း။
အာကာထက် (ကျောက်ဖြူ)