အတွေးအမြင်

စာရင်းပိတ်အချိုးကျစနစ်(Closed-List PR) အသုံးပြုမည့် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ မအောင်မြင်ဖို့ တော်လှန်အုပ်စုများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်

 ဆလိုင်း ကျဲအိုဘိခ်ထောင်း

စာရင်းပိတ်အချိုးကျစနစ်(Closed-List PR) အသုံးပြုမည့် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ မအောင်မြင်ဖို့ တော်လှန်အုပ်စုများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်

  •  ဆလိုင်း ကျဲအိုဘိခ်ထောင်း

မင်းအောင်လှိုင်က ဇန်နဝါရီလ ၃၁ ရက်နေ့ ကာလုံအစည်းအဝေးမှာ နိုင်သူအကုန်ယူ(FPTP)စနစ် အပါအဝင် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed-Party PR- သူ၏သုံးနှုန်းမှုအရ)ကိုလည်း အသုံးပြုမည်ဟု ပြောဆိုထားပါသည်။ မည်သည့်လွှတ်တော်တွင် မည်ကဲ့သို့ ကျင့်သုံးမည်ဟု အတိအကျ မဖော်ပြခဲ့သော်လည်း ယင်းသို့ Closed List PR  စနစ်ကျင်းပရန် ပြောဆိုမှုသည် တော်လှန်ရေးအုပ်စုများ၏ ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှု ဗျူဟာကို သက်ရောက်မှုရှိစေမည်ဟု ယုံကြည်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲသည် စကစ၏ ခြေ-ဥ ပုဒ်မ ၁၆၁ အရ မြို့နယ်တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဉီးစီဟု အတိအလင်းဖော်ပြသည့်အတွက် PR စနစ်ဖြင့် ကျင်းပရန် မည်သို့မျှမဖြစ်နိုင်ဟု ဆိုရမည်။ သို့သော် ပြည်နယ်နှင့်တိုင်းအဆင့်ရွေးကောက်ပွဲကို မင်းအောင်လှိုင်အတွက် အရေးမကြီးသည့်အတွက် ခေါက်ထားလို့ရမည်။ ပြည်သူ့လွှတ်တော်ကိုကြည့်လျှင် ပုဒ်မ ၁၀၉မှာ “မြို့နယ်ကိုအခြေခံ၍လည်းကောင်း”ဟု ပြဋ္ဌာန်း၍ PR ဖြင့်ကျင်းပရန် မဖြစ်နိုင်ဟု ဆိုရနိုင်ပါမည်။ အမျိုးသားလွှတ်‌တော်ကိုမူ ပုဒ်မ ၁၄၁ အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ထက် မကျယ်ပြန့်သည့် မဲဆန္ဒနယ်မြေသတ်မှတ်မှုဖြင့် PR ကျင့်သုံးလို့ရသည် (ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ၏ ခွဲတမ်းကို ခြွင်းချက်ထားပြီး)။ သို့သော် မအလသည် ၂၀၀၈ ခြေ-ဉကို အကြိမ်ကြိမ် ချိုးဖောက်ပြီးသားမို့ ဤတစ်ကြိမ်လည်း ထင်ရာစိုင်း လုပ်နိုင်ပါသည်။

အမှန်က မအလပြောသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်ဆိုသည်မှာ Party List Proportional Representation)စနစ်ထဲက စာရင်းပိတ်(Closed List)အမျိုးအစား ဖြစ်ပါသည်။ အလွယ်ကူဆုံးနည်းဖြင့် ရှင်းပြရလျှင် မဲဆန္ဒရှင်များက အမတ်လောင်းကို (တိုက်ရိုက်)မဲပေးမှာ မဟုတ်ပေ။ ပါတီအလိုက်ဖြင့် ဝင်ပြိုင်ရမှာဖြစ်ပြီး ပါတီအသီးသီးက ရရှိထားသည့် မဲအချိုးနှုန်းအတိုင်း အမတ်ထိုင်ခုံကို အသီးသီးခွဲဝေရမှာဖြစ်သည်။ ပါတီ(A)က အမတ် ၅၀ ခွဲတမ်းရလျှင် သူ၏ အမတ်လောင်း အမည်စာရင်း(list)ထဲက ထိပ်စည်း (၅၀)ဉီးသည် အလိုအလျောက်ဖြင့် အမတ်ဖြစ်ကြပါမည်။ ဆန့်ကျင်ဖက်အားဖြင့် စာရင်းဖွင့်(Open List)စနစ်တွင် မဲဆန္ဒရှင်များသည် ပါတီကိုရွေးချယ်သည့်အပြင် ထိုပါတီ၏ အမတ်လောင်းစာရင်းထဲက နှစ်သက်သည့်ဉီးစားပေးများကိုလည်း ထပ်မံရွေးချယ်ရမည်။

ဤနေရာတွင် တော်လှန်ရေးအုပ်စုဘက်က သိသင့်သည့်အချက် နှစ်ခုရှိပါမည်။ မဲဆန္ဒရှင်များက ပါတီကိုသာ မဲပေးပြီး အမတ်လောင်းကို ရွေးချယ်ခွင့်မရှိသည့်အတွက် ရွေးကောက်ပွဲမပြီးမချင်း အမတ်လောင်း မည်သူမည်ဝါ ဖြစ်သည်ကို ကြိုသိရှိချင်မှသိရှိရမည်။ ပါတီများက သူတို့၏ အမတ်လောင်းအမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမှာဖြစ်ပြီး အများပြည်သူဆီမှာ ချပြချင်မှ ချပြမည်။ (အထူးသဖြင့် လုံခြုံရေးအရ)။ ထို့ကြောင့် အမတ်လောင်းများကို ပြစ်မှတ်(target)ထားရန် ခက်ခဲနိုင်သည်။

ဒုတိယအချက်သည် မဲဆန္ဒနယ်မြေကိစ္စ ဖြစ်ပါသည်။ FPTP စနစ်မှာ ကိုယ်စားလှယ်တစ်ဦးအတွက် မဲဆန္ဒနယ်မြေ တစ်ခုတည်းသတ်မှတ်ရပါသည်။ PR စနစ်မှာမူ တစ်ခုထက်များပါမည်။ ဤစနစ်မှာ မဲဆန္ဒနယ်မြေတစ်ခုအတွက် ကိန်းကဏန်း သတ်မှတ်ချက် မရှိသော်လည်း စစ်ကောင်စီသည် တစ်ပြည်လုံးမှာ ထိန်းချုပ်နယ်မြေ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည့်အတွက် ပြည်သူ့လွှတ်တော်လိုဟာမျိုးဆိုလျှင် တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်မြေ တစ်ခုတည်းဖြင့် သတ်မှတ်ကောင်းသတ်မှတ်နိုင်သည်။ ဆိုလိုရင်းမှာ မဲဆန္ဒနယ်မြေကို ကျယ်ပြန့်စွာပြုလုပ်ခြင်းဖြင့် လုံခြုံရေးအရ လှုပ်ရှားသွားလာလို့မရသည့် နယ်မြေဒေသကို သူတို့က ရှောင်ရှားခြင်း သို့မဟုတ် လွှတ်ထားခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်မြေကိစ္စသည် ဤမျှဖြင့် ရပ်လိုက်ပါမည်။ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ရှောင်ကွင်းနိုင်ဖို့ ပီအာရ်စနစ် ကျင့်သုံးလျှင် မိမိတို့ဘက်က မည်ကဲ့သို့ တန်ပြန်လှုပ်ရှားမည်နည်းဆိုသည်ကို ဗျူဟာပြန်လည် သုံးသပ်စဉ်းစားနိုင်ဖို့ အနည်းအကျဉ်းမျှ ရှင်းပြခြင်းမျှသာ ဖြစ်ပါသည်။  

ဤဆောင်းပါးအနေဖြင့် အဓိကထောက်ပြလိုသည်မှာ စစ်ကောင်စီ၏ လမ်းပြမြေပုံ ပဉ္စမမြောက်နှင့် နောက်ဆုံးအဆင့်ဖြစ်သော ရွေးကောက်ပွဲကျင်းပရေးအစီစဉ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်သော အဖွဲ့များက မည်ကဲ့သို့ ဗျူဟာကျကျ ပူးပေါင်းတားဆီးသွားမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ ဤအတွက် တစ်ဖွဲ့ချင်း၏ ပြင်ဆင်ဆောင်ရွက်မှုများ ရှိကြနေလင့်ကစား ပါဝင်ပတ်သက်သည့်အဖွဲ့များအကြား မဟာဗျူဟာကျကျ ပူးပေါင်း‌ညှိနှိုင်းပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြောပလောက်စရာ မမြင်တွေ့ရသေးသည့်အတွက် ဖြစ်သည်။

စစ်ကောင်စီက ရွေးကောက်ပွဲ ဘယ်အချိန်ကျင်းပမည် အတိအကျ မသိသေးချေ။ မဲဆန္ဒရှင်စာရင်း အတွက် ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၁ တွင် အသက် ၁၈ နှစ်ပြည့်မည့်သူများကို စာရင်းကောက်ခံကြောင်း လဝကနှင့် ပြည်သူ့အင်အားဝန်ကြီးက ထုတ်ပြောသည့်အတွက် ၂၀၂၆ ခုနှစ်မှာများ ကျင်းပရန် ပြင်ဆင်လေသလောဟု မေးခွန်းထုတ်သည်များရှိသည်။ သို့သော်မင်းအောင်လှိုင်ကိုယ်တိုင်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှာ တရုတ်ပြည် သွားတုန်းက ‘၂၀၂၅ခုနှစ်အတွင်း ကျင်းပမည်’ဟု ပြောဆိုသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပရန် အရိပ်အမြက် ပြောဆိုခဲ့မှုများကို ထောက်လျှင် ဤနှစ်အတွင်း ကျင်းပရန် ဖြစ်နိုင်ခြေ ပိုများပါသည်။

စစ်ကောင်စီလက်‌အောက်ခံ ယူအီးစီက ၎င်းကော်မရှင်မှာ မှတ်ပုံပြန်မတင်လို့ဆိုပြီး NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း ပါတီသစ် ၁၈ ခု အပါအဝင် ပါတီပေါင်း ၆၈ ပါတီက သူ့ဆီမှာ မှတ်ပုံတင်လျှောက်ထားပြီး လတ်တလောတွင် ပါတီ ၅၃ ခုကို ရပ်တည်ခွင့်ပေးသည်ဟု ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီလက်အောက် တည်ဆဲပါတီစာရင်းထဲက ၂၄ပါတီခန့်သည် တိုင်းရင်းသားအခြေပြုပါတီများ ဖြစ်ကြရာ ၎င်းတို့ထဲက မွန်ညီညွှတ်ရေးပါတီနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီတို့သာ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်‌တော်အမတ် ရရှိကြပါသည်။ သူတို့သည်လည်း ပါတီများပေါင်းစည်းရေးအောင်မြင်ခဲ့ကြသည့်အတွက် ပြည်သူက လက်ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ကျန်ပါတီများသည် သက်ဆိုင်ရာတိုင်းရင်းသား ပြည်သူများ၏ ထောက်ခံမှု မရရှိကြပေ။

သို့ဆိုလျှင် လပိုင်းသာလိုတော့သည်ဟု ယူဆရသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲထွက်ပေါက်ကို တားဆီးဖို့ တော်လှန်ရေးအဖွဲ့ဘက်မှ မည်ကဲ့သို့ ပြင်ဆင်ကြသနည်း။ NUG နှင့် NUCC ပူးပေါင်း၍ Anti-Shame Election Committee ကို ပြီးခဲ့သည့်နှစ်ကတည်းက ဖွဲ့စည်းခဲ့သော်လည်း ကြေညာချက်တစ်ကြိမ် ထုတ်ပြန်ခဲ့သည်မှလွဲ၍ ပြင်ဆင်ဆောင်ရွက်မှု မည်မည်ရရ မတွေ့ရပေ။ မကြာသေးခင်မှာ NUG ဒုတိယဝန်ကြီးတစ်ပါးက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မပြုလုပ်နိုင်အောင် ဆန့်ကျင်တားဆီးရန် မစ်ရှင်များ ချမှတ်ထားသည်ဟု ထုတ်ဖော်ပြောသွားသော်လည်း အသေးစိတ်မသိရှိရသေးပေ။ NUG နှင့်သူ၏ လက်တွဲဖော်များဖြစ်သော K2C, NUCC, CRPH,  NLD နှင့် CB စသည်တို့က ပူးတွဲကြေညာချက်များ ထုတ်ပြန်ရာတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုကို ကန့်ကွက်ကြောင်း အချက်တစ်ချက်အနေဖြင့် ဖော်ပြထားကို တွေ့ရသည်။

သို့သော် ဆိုခဲ့ပြီးသည့်အတိုင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်နေမှုကို ဆန့်ကျင်တားဆီးရန် တော်လှန်ရေးအင်အားစု (stakeholders) များအကြား ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဗျူဟာ ရေးဆွဲချမှတ်ခြင်းများ ယနေ့အချိန်အထိ မတွေ့ရှိရသေးသည်မှာ ဝမ်းနည်းစရာဖြစ်ပါသည်။ ဤကဲ့သို့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလမှာ စစ်ကောင်စီက စီစဉ်ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ယူမှုကတည်းက ရှိခဲ့သင့်သည်။

ခြုံပြောရလျှင် စစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်မှုသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ပံ့ပိုးဆောင်ရွက်ရမှာဖြစ်ပြီး တော်လှန်ရေးတွင် အမေရိကန်နှင့် အနောက်နိုင်ငံ၏ ပံ့ပိုးမှုလျော့နည်းနိုင်ခြေရှိသည့် ဤနှစ်မှာ တော်လှန်ရေးအုပ်စုများအနေဖြင့် စိန်ခေါ်မှု ကြီးမားပါသည်။ ထို့ကြောင့် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် K2C နှင့်၊ နိုင်ငံရေးပါတီများ မဟာမိတ်ဖြစ်သည့် PRCF စသည်တို့ အပါအဝင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ အလွှာစုံဖြင့် ညှိနှိုင်းတိုင်ပင်ပြီး စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအစီအစဉ် မဖြစ်မြောက်ရေးအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

ဆလိုင်း ကျဲအိုဘိခ်ထောင်း

Related Articles

Back to top button