၂၀၂၅ ခုနှစ်မှာ “ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကို မြန်မာပြည်သူတွေ မြင်နိုင်မလား
ဟန်နရီမင်း | အတွေးအမြင်
နိဒါန်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဖျက်သိမ်းကြောင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ကြေညာခဲ့ပါသည်။ ဒါပေမဲ့ တော်လှန်ရေးကာလက (၄)နှစ်ပြည့်ပါတော့မယ်၊ အစားထိုးထားတဲ့ ယာယီမူကြမ်းတောင် သေချာထုတ်ပြတာ မတွေ့ရဘူး။ စနစ်ဟောင်းကို ဖျက်လိုက်ပြီဆိုရင် စနစ်သစ်က အမြဲတမ်း အစားထိုးရပါတယ်။ မဟုတ်ရင် တခြားမမှန်ကန်တဲ့အရာတွေက အစားထိုးသွားပါမယ်။
အဖွဲ့အစည်းတိုင်းက သူတို့ထင်တယ်လို့ ယူဆတဲ့အရာတိုင်းကို လုပ်ဆောင်ကြပြီးတော့ မင်းမဲ့စရိုက်တွေ ပိုဆန်သွားနိုင်ပါတယ်။ ဆက်လက်မေးစရာ မေးခွန်းက NUG အနေနဲ့ လွတ်မြောက်နယ်မြေတချို့ကို ဘယ်ဖွဲ့စည်းပုံအခြေခံနဲ့ အုပ်ချုပ်ပါသလဲ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေးပြဿနာတတ်နေတာ ခုချိန်အထိပါပဲ။ ဒီလို နိုင်ငံရေးပြဿနာ အဆုံးမသတ်နိုင်တာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပါတယ်ဆိုတာကို အသိအမှတ်ပြုရပါမယ်။ အနှစ်သာရကို သွားကြည့်ရင် လူမျိုးစုတွေ ရှိနေတာကို အသိအမှတ်မပြုတာ၊ ရပိုင်ခွင့်တွေ နိုင်ငံရေးအရ တကယ်မရရှိခဲ့ကြတာကြောင့်ပဲ ဖြစ်ပါတယ်။
မြန်မာတွေဟာ တခြားနိုင်ငံရဲ့ လက်အောက်မှာ မနေချင်သလို၊ မြန်မာပြည်က ပြည်သူတွေဟာ မိမိတို့ တာဝန်မပေးထားတဲ့ အာဏာရှင်တွေရဲ့ လက်အောက်မှာ မနေချင်ကြပါဘူး။ တိုင်းရင်းသားတွေဆိုလည်း မိမိတို့အပေါ် တခြားလူမျိုးတစ်ဦးတစ်ယောက်က လာပြီး “မင်းတို့ ဒီလိုနေ၊ ဒီလိုလုပ်၊ ဒီလိုစား” ဆိုပြီး လာပြောတာမျိုး မလိုချင်ကြပါဘူး။ ဒါကြောင့် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ် အခြေပြုတည်ဆောက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်(the United Federal States of Myanmar)ကို မြန်မာပြည်သူတိုင်း မြင်ချင်ကြပါတယ်။
ဒီလိုမြင်တွေ့နိုင်ဖို့အတွက် ပြည်ထောင်စုနှင့် နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းတွေကို ပြည်သူ လူထုထံချပြဖို့ လိုအပ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းက “ပြည်နယ်တစ်ခုချင်းကို အခြေခံတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ”တွေကို အရင်ရေးဆွဲသင့်သလား? သို့မဟုတ် ဖက်ဒရယ်အခြေခံထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံဥပဒေ”ကို အရင်ရေးဆွဲသင့်သလား? ကြက်ဥက ပထမဖြစ်တာလား? ကြမက အရင်ဖြစ်တာလားဆိုတဲ့ သဘောဖြစ်ပါတယ်။ သို့မဟုတ် အမေရိကန်မော်ဒယ်ကို ယူမလား? အိန္ဒိယမော်ဒယ်(American model? Or Indian model?)ကို အတု ယူမလားပေါ့။
ပြည်ထောင်စု ဖွဲ့စည်းပုံကို အရင်ရေးဆွဲသင့်သလား? ပြည်နယ်ဖွဲ့စည်းပုံကို အရင်ရေးဆွဲသင့် သလားဆိုတာတော့ ဖြေဖို့ ခက်ခဲပါမယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ဖက်ဒရယ်ကို အခြေခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုခုကို မတွေ့ရဘူးဆိုရင် နိုင်ငံရေးအပေါ် အားပေးမှု ကျဆင်းသွားမလား? ဆိုတာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုအခြေခံဥပဒေဖြစ်စေ၊ ပြည်နယ်အခြေခံဥပဒေဖြစ်စေ ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ ထွက်ကို ထွက်ပေါ်လာသင့်ပါတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားစနစ်တစ်ခုကို ဖျက်သိမ်းပြီး၊ ၎င်းစနစ်ကို အစားထိုးဖို့အတွက် အစိုးရ အုပ်ချုပ်ရေး ယန္တရားစနစ်သစ်တစ်ခုကို ဖန်တီးရပါမယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ အများသဘောတူညီထားတဲ့ ပဋိညာဥ်စာတမ်းက စာအုပ်အဖြစ် အရင်ရှိနေရမှာပါ။ ဒါမရှိဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စု ဆိုတာက စိတ်ကူးယဉ်တစ်ခုသာ ဖြစ်နေပါလိမ့်မယ်။
၁။ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအား အရင်ဆုံးရေးဆွဲခြင်းဖြင့် ချဉ်းကပ်နည်းစနစ်။
အိန္ဒိယမော်ဒယ်(Indian model?)အရ ဆိုရင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခြံ ဥပဒေက အရင်ဆုံး ရေးဆွဲသင့်ပါတယ်။ ဥပမာ-မီဇိုရမ်ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အာသံပြည်နယ် (Assam)ကနေ ခွဲထွက်ပြီးနောက် ၁၉၈၇ ခုနှစ်လောက်မှသာ ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ ယခင် UNFC အဖွဲ့ဝင်တွေ ရေးဆွဲခဲ့ကြတဲ့ အချက်တွေက တချို့ကို လေ့လာသုံးသပ်ပြီး ဒီတစ်ကြိမ်မှာ မြန်မာ့တော်လှန်ရေး အဖွဲ့အစည်း တစ်ခုလုံးပါဝင်ပြီး ရေးဆွဲထားတဲ့ ပိုမို ခိုင်မာ၊ ကျစ်လျစ်ပြီး၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားတဲ့ အခြေခံဥပဒေ တစ်ရပ်က တော်လှန်ရေးခရီးစဉ်အတွက် အရေးပါတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီလိုရေးဆွဲခြင်းဖြင့် ထိန်းချုပ်နယ်မြေတချို့မှာ လက်တွေ့အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။
နောင်တချိန် ပြည်နယ်ဖွဲ့စည်းပုံတွေကို ရေးဆွဲတဲ့အခါ ဘယ်အချက်တွေကို လိုက်နာသင့်သလဲ? သို့မဟုတ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခြံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံတို့က ဘယ်လိုကိုက်ညီနိုင်မလဲ? ဘယ်အချက်တွေကို အလျှော့အတင်းလုပ်ရမလဲဆိုတာကို လေ့လာသိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုဆိုသည်မှာ လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ပြည်နယ်အသီးသီးနဲ့ ဖွဲ့စည်းထားတဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကြီးတစ်ခုဖြစ်တဲ့အတွက် ၎င်းရဲ့ပြည်နယ် အစိတ်အပိုင်းတွေက အရေးပါတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။
ဒါကြောင့် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခြံဥပဒေသည် ပြည်နယ်အသီးသီးအတွက် အညှာဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံးကတော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေသစ်က ပြည်သူတွေက မြင်တွေ့ရတဲ့အချိန်မှာ ဘယ်လောက်အထိ ကြိုဆိုကြ မလဲဆိုတာ သံသယဝင်စရာ မလိုဘူးထင်ပါတယ်။
၂။ ပြည်နယ်ဖွဲ့စည်းပုံများကို ပထမဦးဆုံးရေးဆွဲခြင်းဖြင့် ချဉ်းကပ်နည်း။
အမေရိကန်မော်ဒယ်(American model?)အရဆိုရင် ပြည်နယ်ဖွဲ့စည်းပုံကို အရင်ရေးဆွဲသင့်ပါတယ်။ ဒါက ပိုပြီးလက်တွေ့လည်း ကျနိုင်ပါတယ်။ အမေရိကန်မော်ဒယ်ကို အတုယူမယ် ဆိုရင် ရေးဆွဲနိုင်ခြေရှိတဲ့ ပြည်နယ်တွေနှင့် ၎င်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေကို အရင်ဆုံး ရေးဆွဲသင့်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး သမိုင်ကြောင်းကိုကြည့်ရင် ၁၇၇၆ ခုနှစ်က အရေးပါဆုံး ဖြစ်နေတယ်။ ဒီနှစ်မှစပြီး ပထမဦးဆုံး (၁၃)ပြည်နယ်က ၎င်းတို့ဖွဲ့စည်းပုံကို အသီးသီးရေးဆွဲခဲ့ကြပြီးတော့ ၁၇၈၀ ခုနှစ်မှာ အဆုံးသတ်သွားတာ တွေ့ရပါတယ်။ သူတို့ပြည်နယ်အသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက နောင်တချိန် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(၁၇၈၇)ကို များစွာလွှမ်းမိုးထားနိုင်တယ်လို့ ဖတ်ရှုရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာလည်း တကယ်လို့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထား နိုင်ခဲ့မယ်ဆိုရင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဥပမာ- Chinland Council ရဲ့ Constitution က မဆိုးဘူးလို့ မြင်မိပါတယ်။ အနည်းဆုံး မူကြမ်းပေါ့။ ဒီလို မူကြမ်းအဆင့်ရဖို့တောင် ပြည်နယ်တစ်ခုချင်းစီမှာ ပါဝင်သင့်ပါဝင်ထုတ်တဲ့သူတွေ အကုန်ပါဝင်စေပြီး၊ debate လုပ်တာ၊ အဓိကအခြေခံရမယ့်မူဝါဒတွေနှင့် အခရာကျတဲ့ တန်ဖိုးတွေပေါ် အပြန်အလှန် အစွမ်းကုန်ဆွေးနွေး(extensive discussion on shared core values & principles)တာတွေ လုပ်ဆောင်ကြရပါမယ်။ ဥပမာ- လူမျိုးပေါင်းစုံပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေများတဲ့ ရှမ်းပြည်နယ်လိုမျိုးတွေ အရမ်းခက်ခဲနိုင်ပါတယ်။
ဒါကြောင့် ဒီအဆင့် ပထမဆုံး ရရှိနိုင်ဖို့အတွက် နိုင်ငံရေးဦးဆောင်အဖွဲ့တွေအနေနဲ့ မိမိတို့ ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဘယ်လောက်အရေးပါသလဲဆိုတာရယ်၊ အဖွဲ့အစည်းအသီးသီးရဲ့ ၎င်းဖွဲ့ စည်းပုံမှာ ဘယ်လိုအတိုင်းအတာနဲ့ ဘယ်လောက်ပါဝင်နိုင်မလဲ ဆိုတာတွေ၊ ၎င်းဖွဲ့စည်းပုံအောက်မှတဆင့် အဖွဲ့အစည်းအသီးသီး (အချင်းချင်းကြားမှာ ပြဿနာမဖြစ်ဘဲ) ဘယ်လိုရှင်သန်ရပ်တည်သွားနိုင်မလဲဆိုတာတွေကို မိမိတို့အဖွဲ့အစည်းအသီးသီးက လိုချင်၊ ဖြစ်စေချင်တဲ့ ဆန္ဒသဘောထားတွေကို အများပြည်သူရဲ့ ဆန္ဒကိုရှေ့ရှုပြီး စာဖြင့်ရေးသားထားတဲ့ သဘောထားတွေကို စုပေါင်းပြီးတော့မှ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရပါမယ်။ ဖွဲ့စည်းပုံကို ဘယ်လောက်ကြာအောင် ရေးဆွဲသင့်သလဲဆိုတာထက် ဘယ်အချက်တွေ ပါဝင်သင့်သလဲ? ဘယ်လိုအချက်တွေက မိမိတို့ ပြည်နယ်နဲ့ ကိုက်ညီမလဲဆိုတာတွေကို အထူးထည့်သွင်း စဉ်းစားကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်အလိုက် ကွဲပြား ပါလိမ့်မယ်။ ဒီလို ဖွဲ့စည်းပုံထွက်ပေါ်လာဖို့အတွက် ၎င်းပြည်နယ်တစ်ခုအတွင်းရှိ အလွှာပေါင်းစုံရဲ့ ပါဝင်နိုင်မှုက အရေးကြီးပါတယ်။
၃။ နယ်မြေသတ်မှတ်ချက်များအတွက် အငြင်းပွားမှုထပ်မံဖြစ်ပွားနိုင်ခြင်း။
ပြည်နယ်ဖွဲ့စည်းပုံကို ရေးဆွဲတဲ့အခါ အတားအဆီးပြဿနာတရပ်ကတော့ နယ်မြေတိုင်းတာ သတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေဟာ တခြားပြည်နယ်တွေထက် ပိုရှုပ်ထွေးပါလိမ့်မယ်။ ယခင်ကတည်းကနေ နယ်မြေနယ်နိမိတ်ပြဿနာတွေက ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တချို့ပြည်နယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေလည်း အများကြီးထပ်မံ ပေါ်ပေါက်လာနိုင်ခြေရှိပါတယ်။ ဥပမာ- မကွေးတိုင်းဒေသကြီးမှာဆိုရင် “အရှိုချင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်” လိုမျိုးပေါ်ထွက်လာနိုင်သလို၊ စစ်ကိုင်းတိုင်းဒေကြီးနဲ့ မကွေးတိုင်း ဒေသကြီးက နယ်မြေတချို့ကို ချင်းပြည်နယ်ထဲသို့ ထဲသွင်းသင့်သလား? ဗမာပြည်နယ် သီးသန့်လိုအပ်မှာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးတွေ(ကျွန်တော့်အထင် တနင်္သာရီတိုင်းဒေကြီးမှ လွဲပြီး)ကို ဖျက်သိမ်းပြီး အမျိုးသားများပြည်နယ်ထဲသို့ တချို့ထည့်သွင်းပြီး၊ တချို့(သို့)အများစုကို ဗမာအမျိုးသားပြည်နယ်ထဲသို့ ထည့်သွင်းခြင်း များလည်း ရှိလာပါလိမ့်မယ်။
ဒီလိုအငြင်းပွားမှုတွေက အခုချိန်ဖြေရှင်းတာထက် နောင်တစ်ချိန်ဖြေရှင်းသင့်သလားဆိုတာ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေက ဆွေးနွေးဆုံးဖြတ်သင့်သလို၊ ပြည်သူတွေရဲ့ စကားသံ ကိုလည်း နားထောင်ကြရပါလိမ့်မယ်။
နိဂုံး
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာက အခက်ခဲဆုံးဖြစ်နိုင်ပေမဲ့ ဒါက အနာဂတ်မှာ မြန်မာ နိုင်ငံတော်ကို ဘယ်လိုအုပ်ချုပ်သင့်တယ်ဆိုတာကို ရုပ်လုံးဖော်ကြည့်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါ အားလုံးရဲ့ စိတ်ကူးထဲက ရည်မှန်းချက်ပုံရိပ်ကိုလည်း အကြမ်းထုတ်ပေးနိုင်ဖို့ လိုအပ်ပါမယ်။ နောင်တချိန်မှာ နယ်မြေဒေသ တချို့ပြန်လည် ခွဲဝေပြီး၊ နယ်နိမိတ်များ ပြန်လည်သတ်မှတ်ခြင်းတို့မှ လွဲပြီး အများကြီးထပ်မံဆွေးနွေးစရာ မလိုအပ်တော့ဘဲ၊ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်နယ်များနှင့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေ ခံဥပဒေတွေကို မူကြမ်းထုတ်ပြခြင်း ပါပဲ။ ဒီလို ထုတ်ပြခြင်းဖြင့် အများပြည်သူတွေနှင့် နိုင်ငံရေး သမားတွေ၊ ပညာရှင်တွေ၊ အလွှာပေါင်းစုံမှ လူပုဂ္ဂိုလ်တွေအနေနဲ့ ထင်မြင်ချက်၊ တုန့်ပြန်ချက်နှင့် အကြံပြုချက်တွေကို ရရှိစေပြီး နောင်တချိန်မှာ အများပြည်သူရဲ့ သဘောထား ရယူခြင်း (referendum) ပြုလုပ်တဲ့အခါ ပိုမိုလွယ်ကူစေမှာ ဖြစ်သလို၊ ဖြုတ်သင့်တဲ့အချက်တွေကို ပြန်လည်ဖြုတ်ချတာ၊ လိုအပ်တာတွေကို ထပ်မံဖြည့်စွက်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အပြင် တကယ်လို့ စကစနဲ့ ညှိနှိုင်းဖို့ အခြေအနေတွေ ဖြစ်လာခဲ့ရင်တောင် ဒီမူဘောင်တွေကို စွဲကိုင်ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၅ ခုနှစ်အတွင်းမှာ NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ပြည်ထောင်စုနှင့် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ထွက်ပေါ်လာ တာကို ပြည်သူတွေက စောင့်မျှော်နေကြမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ လက်တွေ့မဟုတ်သည့်တိုင် စာအရတော့ အနာဂတ် မြန်မာနိုင်ငံတော်ကို အုပ်ချုပ်မယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကို မြည်းစမ်းခွင့် ရှိသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။