အတွေးအမြင်

အသက်ငင်နေတဲ့ စစ်ကောင်စီအတွက် ရွေးကောက်ပွဲက ထွက်ပေါက်ဖြစ်မလား

အိုက်နီ(ဖြူး) | အတွေးအမြင်

■ အသက်ငင်နေတဲ့ စစ်ကောင်စီအတွက် ရွေးကောက်ပွဲက ထွက်ပေါက်ဖြစ်မလား

အိုက်နီ(ဖြူး) | အတွေးအမြင်

ရွေးကောက်ပွဲများကို သမိုင်းတွင် အစောဆုံးအဖြစ် ရှေးခေတ်ဂရိ၊ ရှေးခေတ်ရောမ နှင့် အလယ်ခေတ်ကာလ တစ်လျှောက်လုံးတွင် ရောမဧကရာဇ် နှင့် ပုပ်ရဟန်းမင်းကြီး ကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင်များအဖြစ်ရွေးချယ်ရန် အသုံးပြုခဲ့ပါတယ်။ ရွေးကောက်ပွဲများကို ရှေးခေတ်အိန္ဒိယ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ၊ အွတ်မန် နှင့် အလီ၊ အလယ်ခေတ် ရာရှီဒွန်ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်မှု တွေမှာ ဂါန များက ရာဇာများ ရွေးချယ်ရာနှင့် အလယ်ခေတ်အစောပိုင်း ဘင်ဂေါ တွင် ပါလဘုရင် ဂိုပါလ တို့ကို ရွေးချယ် ရာတို့တွင် ကျင့်သုံးခဲ့ကြပါတယ်။

အစိုးရလုပ်ငန်းတာဝန်တွေအတွက် လူထုရွေးကောက်ပွဲ ကို မြောက်အမေရိက နှင့် ဥရောပတွင် ကိုယ်စားပြုဒီမိုကရေအစိုးရများအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၁၇ ရာစုနှစ် အစောပိုင်းအထိ မပေါ်ပေါက်ခဲ့သေးပါဘူး။ အမျိုးသမီးများမဲပေးခွင့်ကို ကမ္ဘာ့အစောဆုံးအနေနဲ့ ၁၈ရာစုနှစ်လယ်လောက်မှာ နယူးဇီလန်နိုင်ငံမှာ မဲပေးခွင့်ရရှိပြီး ဥရောပနဲ့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ၁၉ရာစုရောက်မှသာ မဲပေးခွင့်ရခဲ့ကြပါတယ်။

ရွေးကောက်ပွဲစနစ်ဟာ ဒီမိုကရေစီမရှိဘဲ လူထုတရပ်လုံးထောက်ခံပါဝင်မှုမရှိဘဲ ကျင်းပလို့မရပါဘူး။ ကျနော်တို့ဗမာပြည် လူ့အဖွဲ့အစည်းမှာဆိုရင် ရှေးကျပြီး ခေတ်နောက်ကျလွန်းတဲ့တိုင်းပြည်အဖြစ် ထီးပြိုင်နန်းပြိုင် ဘုရင့်နိုင်ငံအဖြစ်သာ နှစ်ကာလအတော်ကြာဖြတ်သန်းခဲ့ကြရပါတယ်။

ကုန်းဘောင်မင်းဆက်ကာလမှာ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးပြီး ဒီမိုကရေစီခေတ်ဉီးအဖြစ် လွှတ်တော်ပေါ်ပေါက်ရေး အားထုတ်ခဲ့ကြပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ၁၈၈၅ခုနှစ်မှာ ဗြိတိသျှအရင်းရှင်တွေရဲ့ ၃ကြိမ် ဖြစ်ပွားခဲ့တဲ့ ကျူးကျော်စစ်အပြီးမှာ ဗမာတပြည်လုံး အင်္ဂလိပ်လက်အောက်ကျဆုံးခဲ့ရတယ်။ နယ်ချဲ့အင်္ဂလိပ်လက်အောက်ကျဆုံးခဲ့မှသာ ပဒေသရာဇ်စနစ်ဟာ နိဂုံးချုပ်ခဲ့ရပါတယ်။ ကမ္ဘာ့သမိုင်း စာမျက်နှာတွေမှာ ဒီမိုကရေစီခေတ်ဦးရောက်ရှိရေးအတွက် အသက်သွေးချွေးပေးဆပ်ပြီး ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီစနစ်ကျင့်သုံးရေးတိုက်ပွဲတွေကို လူထုတိုက်ပွဲအဖြစ် တိုက်ပွဲဝင်ခဲ့ကြရပါတယ်။

အထင်ရှားဆုံးက ပြင်သစ်တော်လှန်ရေးပါ။ အရာရာ ဆင်းရဲငတ်မွတ်လာတဲ့ ပြည်သူလူထုကြီးက ရရာလက်နက်စွဲကိုင်ပြီး ပြင်သစ်ဧကရာဇ်ကို ဖြုတ်ချပြီး ဒီမိုကရေစီခေတ်ဦးကို သမိုင်းစာမျက်နှာအဖြစ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဗမာပြည်မှာတော့ ဗြိတိသျှကိုလိုနီလက်ထက်ရောက်မှာသာ ၉၁ဌာနအုပ်ချုပ်ရေးလို ဗြိတိသျှအုပ်ချုပ်ရေးအောက်ကနေ မဲပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၄၈ခုနှစ် ဇန္နဝါရီ၄ရက်နေ့ လွတ်လပ်ရေးနဲ့အတူ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဒီမိုကရေစီနည်းကျ မဲပေးရွေးကောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဗမာပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအနှစ်သာရဖြစ်တဲ့  မဲပေးရွေးကောက်ခြင်းစနစ်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အာဏာသိမ်းမှုကြောင့် ၁၉၆၂ခုနှစ်မှာ အဆုံးနိဂုံးချုပ်ခဲ့ပါတယ်။

၁၉၅၈ခုနှစ် စစ်အာဏာသိမ်းပွဲကဦးနုအစိုးရကနေ ပါလီမန်မှ တရားဝင် အာဏာလွှဲခဲ့တာပါ။ ၁၉၆၂ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး အစိုးရအဖွဲ့ရော လွှတ်တော်ကိုပါဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဗမာပြည်လူထုကြီးရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အရသာကို ငတ်မွတ်တောင်းတစွာ တိုက်ပွဲအလီလီကို ဖြတ်သန်းခဲ့ရပါတယ်။

အုပ်စိုးခံပြည်သူလူထုကလည်း ဆက်ပြီး သည်းခံနိုင်စွမ်းမရှိတော့တဲ့အခါ အုပ်စိုးသူ စစ်အုပ်စုကလည်း အုပ်စိုးနိုင်စွမ်းမရှိတော့တဲ့အခါ ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဉပဒေကို အတည်ပြုပြီး ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲစနစ်ကို ပြန်ကျင့်သုံးခဲ့ရပါတယ်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို အားလုံးသိရှိသားဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လုပ်ပိုင်ခွင့်အာဏာကို ခွစီးခွင့်ရတဲ့ အခင်းအကျင်းကို ပြင်ဆင်ပြီးမှ လူထုကို မဲပေးခွင့်ပေးခဲ့တာပါ။

ဒါကြောင့် ပြည့်ပြည့်ဝဝ ဒီမိုကရေစီအခွင့်အရေး မရှိဘူးဆိုသော်လည်း ဒီမိုကရေစီအစိုးရအဖြစ် ကမ္ဘာ့မျက်နှာစာမှာ လူရာဝင်ချင်တဲ့ စစ်အုပ်စုဟာ ဖြေလျော့မှုတွေလုပ်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို တည်ရှိခွင့်ပေးခဲ့ရသလို၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ လူထုအခြေပြု အသင်းအဖွဲ့တွေ့ ဖွဲ့စည်းခွင့်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးခဲ့ပါတယ်။

စစ်အုပ်စုက ၂၀၀၈ဖွဲ့စည်းပုံနဲ့ ဘယ်လို အကောင်းဟန်ပြခဲ့ပေမယ့် လူထုကြီးက စစ်တပ်ကို နိုင်ငံရေးက အပြီးထွက်သွားစေချင်ခဲ့တာပါ။ စစ်အုပ်စုက မျက်နှာဖုံးအသွယ်သွယ် ဘယ်လို ဖုံးဖိပေမယ့် ဖုံးမရ ဖိမရအဆုံး ၂၀၂၁ခုနှစ် ဇန္နဝါရီ၁ရက်နေ့မှာ ဘီလူးအစွယ်ကို ငေါငေါထွက်ပြီး စစ်အာဏာသိမ်းရတဲ့အထိပါပဲ။

 ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဟာ သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာ သိမ်းမှု ၃ကြိမ်ဖြစ်တဲ့ ၁၉၅၈ အာဏာ သိမ်းပွဲ၁၉၆၂အာဏာသိမ်းပွဲ၁၉၈၈အာဏာသိမ်းပွဲ တွေနဲ့ နှိုင်းယှဉ်ရင် ပရမ်းပတာအဖြစ်ဆုံး၊ ရုပ်ပျက် ဆင်းပျက်အဖြစ်ဆုံးပါ။ ၁၉၅၈ခုနှစ်နဲ့ ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းမှုကို ကမ္ဘာ့က စိတ်ဝင်စားမှုမရှိပါဘူး။ ကမ္ဘာကြီးက ကျူးဘားဒုံးပျံကိစ္စနဲ့ အလုပ်များနေပါတယ်။ ကမ္ဘာ့ရေစီးကြောင်း အရ ကွန်မြူနစ်ဆန့်ကျင်ရေးသမား ဗိုလ်နေဝင်း အာဏာသိမ်းတာကို အမေရိကန် ကလည်း သဘောတွေ့ခဲ့ ပါတယ်။

ကွန်မြူနစ်ဝါဒဆန့်ကျင်မယ်ဆို အာဏာသိမ်းပွဲတွေကို အားပေးခဲ့တဲ့ သမိုင်းရှိပါတယ်။ ချီလီစစ်အာဏာသိမ်းမှုနဲ့ အင်ဒိုနီးရှားစစ်အာဏာသိမ်းမှုတွေက ထင်ရှားတဲ့ ဉပမာတွေပါ။ ဒီနိုင်ငံတွေရဲ့ အာဏာသိမ်းပွဲတွေကို အားပေးတဲ့အလုပ်ကိုပါ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ လုပ်ခဲ့တာပါ။

၁၉၈၈ခုနှစ် စစ်အာဏာသိမ်းမှုမှာတော့ ကမ္ဘာ့ကြီးက ဗမာပြည်အရေးနဲ့ ပက်သက်ပြီး စိတ်ဝင်စားမှုရှိလာပြီး ဒီမိုကရေစီရေး လူထုတိုက်ပွဲထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးခဲ့ပါဘူး။ အကြမ်းမဖက်လမ်းစဉ်ကို လိုင်းတင်ခဲ့တဲ့ ကာလဖြစ်ပါတယ်။

၈၈အရေးတော်ပုံအပြီး နယ်စပ်ရောက်လာတဲ့ ကျောင်းသား၊ နိုင်ငံရေးသမားတွေကို ဂျင်းချပ်ရဲ့ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်ကို အကျယ်တဝင့် ဝါဒဖြန့်ဖြူးခဲ့ပါတယ်။ ၂၀၂၁ခုနှစ် မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းပွဲက ပရမ်းပတာအဖြစ်ဆုံး၊ရုပ်ပျက်ဆင်းပျက်အဖြစ်ဆုံး ဖြစ်သလို လူထုကရော၊ နိုင်ငံတကာကပါ လုံးဝ လက်သင့်မခံပါဘူး။ ဒီအာဏါသိမ်းမှုကို စစ်အုပ်စုခေါင်းဆောင် ဟောင်းတချို့တောင် မနှစ်မြို့ခဲ့ပါဘူး။ အာဏာရှင်စနစ်တွေရဲ့ နေဝင်ချိန်ရောက်လာလေလေ ပရမ်းပတာ ပိုဖြစ်လာလေလေပါပဲ။

ဒီကာလဟာ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးခရီး လမ်းဆုံးတခုဖြစ်ပါလိမ့်မယ်။ ဗမာပြည်သမိုင်းမှာ စစ်အာဏာသိမ်းမှုအပြီး ရက်ပိုင်းအတွင်း မရေမတွက်နိုင်တဲ့ လူထုလူတန်းစား အားလုံးပါဝင်တဲ့ လူထုတော်လှန်ရေးမျိုးကို နွေဉီးတော်လှန်ရေးမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဗမာပြည်မှာ အထင်ရှားဆုံးဖြစ်တဲ့ ၈လေးလုံး လူထုတော်လှန်ရေးတောင် ဒီကနေ့ ရရှိထားတဲ့ တောရောမြို့ပါမကျန် ပါဝင်တဲ့ ထောက်ခံပူးပေါင်းပါဝင်မှုမရှိခဲ့ပါဘူး။

စစ်အာဏာသိမ်းမှုကို အောင်အောင်မြင်မြင်နဲ့ ထိမ်းသိမ်းနိုင်လိမ့်မယ်လို့ မင်းအောင်လှိုင် စစ်အုပ်စုထင်ခဲ့ မိမှာပါ။ လက်တွေ့မှာ စိတ်ကူးနဲ့မတူတာ နဖူးတွေ့ ဒူးတွေ့ အခြေအနေပဲဖြစ်ပါတယ်။ ဗမာပြည်မှာ လက်နက်ကိုင်တော်လှန်ရေးကို အားမပေးခဲ့တာ ကြာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်ကို တလျှောက်လုံးကိုင်စွဲခဲ့တာပါ။

ဒီကနေ့နွေဉီးတော်လှန်ရေး ကာလမှာ GZလို့ ခေါ်တဲ့ ခေတ်မှီနည်းပညာအသုံးပြုနေတဲ့လူငယ်တွေရဲ့ တီထွင်စမ်းသပ်မှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအထိ သယ်ဆောင်လာခဲ့နိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်အများစုပါဝင်တဲ့ CRPH ကပါ ထောက်ခံပူးပေါင်းပါဝင်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဗမာပြည်လူထုကြီးက စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ နည်းသဏ္ဍာန်မျိုးစုံဖြင့် ကြိုးစားဖူးတဲ့ သက်ရှိသမိုင်းလူသားတွေပါ။ ဒီကနေ့ လူငယ်တွေရဲ့ လက်နက်ကိုင် လမ်းစဉ်ကို အားပေးထောက်ခံဝန်းရံနေကြပါတယ်။ ကူညီထောက်ပံ့မှုတွေက အံ့မခန်းပဲ ဖြစ်ပါတယ်။ ဒီကနေ့ အဆင့်သစ်တွေကို ရောက်ရှိလာတဲ့ စစ်ရေးအဆင့်တိုင်းဆီမှာ ဘယ်အင်အားကြီး တိုင်းပြည်ရဲ့ စစ်ရေးအကူအညီမရခဲ့ပါဘူး။ ပြည်သူလူထုရဲ့ ပံ့ပိုးကူညီမှုနဲ့သာ ဖြစ်ထွန်းလာတာပါ။

စစ်ကောင်စီဟာ အရာရာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုင်းရင်းသားအင်အားစုကို ဖက်ဒရယ်စကားလုံးတွေနဲ့ ချော့မြှူပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတရပ်လုံးက အယုံအကြည်မရှိတော့ဘဲ နွေဉီးတော်လှန်ရေးကြီးနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ပါဝင်နေတာပဲဖြစ်ပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုလာနေတာကို သိရှိရပါတယ်။ စကစ က သူ့ထွက်ပေါက်ကို နည်းမျိုးစုံနဲ့ ကြိုးပမ်းနေရတာပါ။ ပင်ပင်ပန်းပန်းကြိုးပမ်းနေရတာပါ။

ဒါက သူ့ရဲ့ နေဝင်ချိန်ရောက်နေပြီဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလေသံဟာ ပြည်တွင်းက လူထုကို အသံပေးတဲ့ လေသံမဟုတ်ပါဘူး။ နိုင်ငံတကာအစိုးရတွေကို ပေးတဲ့ လေသံပါ။ ကမ္ဘာ့ရေစီးကြောင်းအရ လက်နက်ကိုင်တော်လှန်ရေး နဲ့ လူထုတော်လှန်ရေးအောင်မြင်မှုမျိုးကို အမေရိကန်နဲ့ အနောက်အုပ်စုရောမကြိုက်သလို တရုတ်နိုင်ငံလည်း မဖြစ်စေလိုပါဘူး။ စစ်ကောင်စီရဲ့ လေသံက အမေရိကန်နဲ့ တရုတ်အစိုးရတွေကို ပေးတဲ့ မက်လုံးပါ။ စစ်ကောင်စီရဲ့ ကျဆုံးခန်းမှာ စစ်ကောင်စီအနေနဲ့ အရပ်ကူပါ၊ လူဝိုင်းပါ ဘဝကို ဆိုက်ကိန်းရောက်နေပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်လာစရာမရှိသလို၊ နိုင်ငံတကာကြားဝင်ပြီး စကစ သက်ဆိုးရှည်စေမှုမျိုးကို လူမျိုးပေါင်းစုံပြည်သူလူထုကြီးက လက်သင့်ခံမှာမဟုတ်ပါဘူး။ သမိုင်းရဲ့ဖန်တီးရှင်ဟာ ပြည်သူလူထုပဲဖြစ်ပါတယ်။ တိတိကျကျပြောရရင် ပြည်တွင်းက ပြည်သူလူထုဖြစ်ပါတယ်။  တော်လှန်ရေးရဲ့ ဗဟိုချက်မဟာ ပြည်တွင်းမှာပဲရှိပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သရေတမြှားမြှားနဲ့ မျှော်လင့်နေကြတဲ့ နိုင်ငံရေးပါတီအချို့ကတော့ သူတို့ရဲ့ လည်မျိုစွပ်တဲ့ ကြိုးကွင်းတခုထက်မပိုပါဘူး။ လူထုကို ကျောခိုင်းတဲ့ နိုင်ငံရေးပါတီတွေဟာ ဗမာ့သမိုင်းစာမျက်နှာသစ်ကနေ ပယ်ဖျက်ခံရမယ့် လူပုဂ္ဂိုလ်နဲ့ နိုင်ငံရေးပါတီတွေပဲဖြစ်ပါတယ်။ စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအနှစ်သာရကင်းမဲ့ပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်ဆိုတာကို  သုံးသပ်တင်ပြလိုက်ရပါတယ်။

အိုက်နီ(ဖြူး)

Related Articles

Back to top button