အပိုင်းလိုက်ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံ
မြတ်လင်း(DPNS) | အတွေးအမြင်
၂ဝ၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို တိုင်းပြည်အာဏာ မအပ်နှင်းဘဲ တိုင်းပြည်ကို စစ်အာဏာရှင်အုပ်ချုပ်မှုအောက် ပြန်ရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲ မသမာမှုလို့ အကြောင်းပြပြီး တိုင်းပြည်ကို အလုံးစုံနိမ့်ကျမှု ချောက်ကမ်းပါးထဲ တွန်းချလိုက်ပါတော့တယ်။
အဲဒီအချိန်က စတင်ပြီး တိုင်းပြည်အနှံ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို ဖက်ဆစ်စစ်တပ် ရင်ဆိုင်ရခဲ့ပါတယ်။ စစ်အာဏာရှင်ကို တိုင်းပြည်တဝန်းလုံးက ပြည်သူတွေဟာ အကြမ်းဖက်မှုမရှိဘဲ စုစည်းမှုရှိရှိ အုံကြွဆန့်ကျင်ခဲ့ ကြတယ်။ ဒီအုံကြွမှုကြီးကို ဖက်ဆစ်စစ်တပ်က စစ်အာဏာရှင်တွေရဲ့ ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့ နေဝင်း၊ စောမောင်၊ သန်းရွှေတို့ရဲ့ နည်းလမ်းဟောင်းအတိုင်း လူမဆန်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့ပါတယ်။
အဲဒီလုပ်ရပ်တွေကြောင့်ပဲ အာဏာသိမ်း ဖက်ဆစ်စစ်တပ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ သမိုင်းသစ်တွင်လောက်တဲ့ ဆန္ဒပြမှုကို ရင်ဆိုင်ရတော့တယ်။ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်တဲ့ နောက်ပိုင်းမှာ ဖက်ဆစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကို မခံရပ်နိုင်တဲ့ မျိုးဆက်အသီးသီးက၊ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက ဖက်ဆစ်စစ်တပ်ကို ရရာလက်နက် စွဲကိုင်ပြီး တိုင်းပြည်အနှံ့ ရင်ဆိုင်တွန်းလှန်နေခဲ့ကြတာကို ကမ္ဘာတဝန်းလုံး အသိပါပဲ။
ဗိုလ်မင်းအောင်လှိုင်ဟာ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်ပြလိုက်ရင် ပြည်သူတွေက အလိုလို ငြိမ်ကျသွားမယ်လို့ ထင်မှတ်ထားပုံရတယ်။ လူမျိုးပေါင်းစုံပြည်သူတွေက လူထုတိုက်ပွဲ အရှိန်မြှင့်တဲ့နည်းနဲ့ ဒီအမြင် မှားယွင်းကြောင်း သက်သေပြလိုက်ပါတယ်။ လူထုရဲ့ တခဲနက် ရင်ဆိုင်အန်တုမှုနဲ့ ကြုံတွေ့ရတဲ့ မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းတာဟာ ယာယီသာဖြစ်တယ်လို့ လူထုကိုသာမက နိုင်ငံတကာကိုပါ လိမ်လည် လှည့်ဖျားခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ လူထုအာဏာကို ပြန်လည် အပ်နှင်းခြင်းမရှိဘဲ အများအမြင် ကောင်းစေဖို့ ရည်ရွယ်ပြီး ရှေ့လုပ်ငန်း ၅ရပ် ခေါင်းစဉ်တပ်ကာ သူ့အစိုးရ သက်တမ်းတိုးဖို့အတွက် ၂၀၀၈ နာဂစ်ခြေဥကို ထပ်ခါထပ်ခါ အသုံးပြုခဲ့ပါတယ်။
ဗိုလ်မင်းအောင်လှိုင်ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆိုတာကို အမှတ်စဉ် ၁မှာ ထားပြီး ပြည်သူလူထုကိုရော၊ နိုင်ငံတကာကိုပါ လိမ်လည်လှည့်ဖျားဖို့ ကြိုးစားဆောင်ရွက်နေတာကို ခုချိန်ထိ မြင်တွေ့နေရပါတယ်။ ၁၉ နှစ်မြောက် တော်လှန်ရေးနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ရှေ့လုပ်ငန်း ၅ ရပ်ရဲ့ အရေးကြီးဆုံး နံပတ်စဉ် ၁ တပ်ထားတဲ့ ရွေးကောက်ပွဲကျင်းပရေးကို ထပ်ပြောလာပါတယ်။ ဒီတခါ သူပြောလာတာက ရွေးကောက်ပွဲတောင်မှ လက်ရှိကာလ မြန်မာပြည်သူတွေ နားကြားစိမ်းနေတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာသိ၊ ကမ္ဘာသိ ကြေညာလိုက်ပါတယ်။
ဒီအခါမှာ အပိုင်းလိုက်ရွေးကောက်ပွဲဆိုတာ ဘာလဲ၊ မြန်မာပြည်မှာရော အဲ့လို ရွေးကောက်ပွဲ ကျင်းပဖူးလား ဆိုတဲ့ အကြောင်းအချက်တွေ ပြန်ရှာဖို့လိုလာပါတယ်။ အပိုင်းလိုက်ရွေးကောက်ပွဲကို မြန်မာပြည်မှာ ကျင်းပခဲ့ဖူးပါ တယ်လို့ ပဏာမအနေနဲ့ စကားဦးသမ်းထားပါရစေ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သမိုင်းကြောင်းအကျဉ်းနဲ့အတူ အပိုင်းလိုက်ရွေးကောက်ပွဲကို တင်ပြဖို့ ရည်ရွယ်ထားပါတယ်။
ပထမဆုံးရွေးကောက်ပွဲ (လွတ်လပ်ရေးမတိုင်မီ)
လွတ်လပ်ရေးမတိုင်မီခေတ် ၁၉၂၂ ခုနှစ်မှာ ဒိုင်အာခီရွေးကောက်ပွဲကို ကျင်းပပြီး ရွေးကောက်ပွဲကို မြန်မာနိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပထမဆုံးအကြိမ် ရွေးကောက်ပွဲဟာ အင်္ဂလိပ်အစိုးရက သူ့သဘောနဲ့သူ ကျင်းပပေးတာမဟုတ်ဘဲ ၁၉၂ဝ ပြည့် တက္ကသိုလ်ကျောင်းသားတွေရဲ့ အထွေထွေသပိတ် ကြီးကြောင့် တပြည်လုံးမှာ အမျိုးသားကျောင်းများပေါ်ပေါက်လာခဲ့ခြင်း၊ အမျိုးသားအုံကြွမှု ပိုမိုပြင်းထန်လာ ခဲ့ခြင်းကြောင့်သာ ကျင်းပခဲ့ရခြင်းဖြစ်ပါတယ်။
အုပ်ချုပ်စီမံခန့်ခွဲရေး တာဝန်တွေကို အစိုးရနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ခွဲဝေပြီး ပူးတွဲတာဝန်ယူကြရတဲ့ အုပ်ချုပ်ရေး ဖြစ်တဲ့အတွက် ဒိုင်အာခီ(Darchy Dyarchy)လို့ ခေါ်တာဖြစ်ပါတယ်။ အမည်အားဖြင့် တိုးတက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ပေမယ့် ပြည်သူ့ကိုယ်စားလှယ် (မင်းတိုင်ပင်အမတ်) တွေမှာ မည်သည့်အာဏာမျှမရှိဘဲ အယောင်ဆောင် ရုပ်ပြသာဖြစ်ပြီး ဘုရင်ခံက ထင်သလိုအုပ်ချုပ်တဲ့စနစ်သာ ဖြစ်တယ်။
၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်မှာ ပထမအကြိမ် ဒိုင်အာခီဥပဒေပြုကောင်ဆယ် အမတ်ရွေးပွဲ ပြုလုပ်ရာမှာ ဒိုင်အာခီကို သဘောကျလို့မဲပေးသူဟာ ၁ဝဝလျှင် ၇ဦးသာ ရှိခဲ့ပါတယ်။ ဒိုင်အာခီရွေးကောက်ပွဲတွေမှာ ၂၁ဦးပါတီ (အမျိုးသားပါတီ၊ ပြည်သူပြည်သားအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့လို့ အမည်များပြောင်းခဲ့)၊ ပရိုဂရက်စစ်ပါတီ (Progressive Party)ခေါ် ရွှေတောင်ကြားပါတီ (ပရိုဂရက်စစ် ပါတီဝင် လူများစုကြေးရေတတ်တွေက ရွှေတောင်ကြားလမ်းရပ်ကွက်ထဲမှာ နေထိုင်ကြလို့ ရွှေတောင်ကြားပါတီဟု အမည်တွင်) တို့သာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ ဒိုင်အာခီ ဒုတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပခဲ့ပြီးနောက် ဒိုင်အာခီစနစ်အုပ်ချုပ်ရေးပါ နိဂုံးချုပ်ခဲ့တယ်။ အဲဒီနောက် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်သို့ တိုင်ခဲ့ပါတယ်။
၉၁ ဌာနအုပ်ချုပ်ရေးအသစ်မှာ ဘုရင်ခံဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကို အချိန်မရွေး ရုပ်သိမ်းနိုင်တယ်။ အမတ်တွေကို တာဝန်ခံရတဲ့ ဝန်ကြီးအဖွဲ့ (ကက်ဘိနက်)ကို ဖြုတ်နိုင်တယ်။ ဘုရင်ခံလက်ထဲမှာ ဗီတိုအာဏာကို ကိုင်ထားပါတယ်။
၁၉၃၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ ၉၁ ဌာနအုပ်ချုပ်ရေးအတွက် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ မြန်မာတနိုင်ငံလုံးမှာ ကျင်းပခဲ့ပါတယ်။ ၉၁ ဌာနအုပ်ချုပ်ရေးမှာ ဒေါက်တာဘမော် ပထမဆုံးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၁၉၃၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၉၁ ဌာနအုပ်ချုပ်ရေးခေတ် ၅ နှစ်တာ ကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး အဲဒီညွှန့်ပေါင်းအစိုးရတွေဟာလည်း မကြာခဏ ဖြုတ်ချတာ ခံခဲ့ရတယ်။ ၅ နှစ်အတွင်းမှာ အစိုးရ ၄ ကြိမ် ပြောင်းခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးခေတ် ရွေးကောက်ပွဲများ
ပထမအကြိမ် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ သို့မဟုတ် အပိုင်းလိုက်ရွေးကောက်ပွဲ လွတ်လပ်ရေးရပြီးခေတ်မှာ လူတိုင်းမဲပေးနိုင်တဲ့ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့ တိုင်ခဲ့ပါတယ်။ အောင်ဆန်း-အက်တလီစာချုပ်မှာ သဘောတူခဲ့တဲ့အတိုင်း တိုင်းပြည်ပြုလွှတ်တော်အတွက် အထွေထွေ ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အမတ်ပေါင်း 99 | ယောက် ဝင်ရောက် အရွေးချယ်ခံခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ဖဆပလက တနှစ်အတွင်း လွတ်လပ်ရေး ရရမည် ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရွေးကောက်ပွဲမှာ အောင်ဆန်း-အက်တလီစာချုပ်ကို ရှုတ်ချခဲ့တယ်။ အဆုံးသတ် အာဏာသိမ်းပွဲအတွက် ဖဆပလ ကွန်မြူနစ် ညီညွတ်ကြ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။
သခင်စိုးရဲ့ အလံနီပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ရုံသာမက အကြမ်းဖက်တားဆီးရန်၊ မဲရုံတွေကို မီးရှို့ရန်ကိုပါ ဆုံးဖြတ်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဖဆပလက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ပြည်မအတွက် အမတ်နေရာ ၁၈၂နေရာမှာ ဖဆပလက ၁၇၁ နေရာ ရပြီး ကွန်မြူနစ်တွေက ၇နေရာ ရခဲ့တယ်။ ကျန်နေရာတွေမှာ တသီးပုဂ္ဂလတွေ ရခဲ့ပါတယ်။ တိုင်းပြည်ပြု လွှတ်တော်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်သာဖြစ်ပြီး ပါလီမန်လွှတ်တော်မျိုး မဟုတ်ပါဘူး။
ပထမအကြိမ် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းဖို့အတွက် ဆာဘဦး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ ကြီးကြပ်စီမံရေးအဖွဲ့ကို ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့က ပထမအကြိမ်အစီရင်ခံစာကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြည်ပြုလွှတ် တော် အစည်းအဝေးမှာ တင်ပြပါတယ်။ ဒီအစီရင်ခံစာအရ ဆူပူသောင်းကျန်းမှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးတဲ့အတွက် အခြေခံဥပဒေနဲ့ညီညွတ်စေရန် အခြေခံဥပဒေပုဒ်မ ၂၃၃ မှာ ပါတဲ့ အကူးအပြောင်း ကာလသတ်မှတ်ချက်ကို ၁၈ လလို့ ပြင်ဆင်သတ်မှတ်ခဲ့တယ်။ ဒုတိယအစီရင်ခံစာကို ၁၉၅ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တယ်။ ဒီအစီရင်ခံစာမှာလည်း နိုင်ငံတော်ရဲ့အခြေအနေဟာ လွတ်လပ်ပြီး တရားမူတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်သည် အထိ ကောင်းမွန်မှု မရှိသေးကြောင်း တင်ပြပြန်တယ်။
ဒါကြောင့် အကူးအပြောင်းကာလ သတ်မှတ်ချက်ကို ပေါင်း ၊ ၄၀ လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ တတိယအကြိမ် အစီရင်ခံစာမှာ ရွေးကောက်ပွဲတွေကို တတိုင်းပြည်လုံးအတွက် ၃ သုတ်ခွဲ ကျင်းပပေးမယ်လို့ပါရှိပါတယ်။ အဲဒီလိုကျင်းပပေးဖို့အတွက် အကူး အပြောင်းကာလ သတ်မှတ်ချက်ကို နောက်ထပ် ၈ လတိုးပြီး ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ပါတယ်။
ဒါကြောင့် ၁၉၅၁ ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံ (အခြေခံဥပဒေအရ ပထမအပတ် ရွေးကောက်ပွဲဆိုင်ရာ) အကူးအပြောင်းကာလပြဌာန်းချက် အမိန့်ကို အတည်ပြုရန် ၁၉၅၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တယ်။ ဒီအဆိုကို တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃မှာ ပါရှိတဲ့ အကူးအပြောင်းကာလ သတ်မှတ်ချက်ကို ၄၈ လလို့ ပြင်ဆင်ခဲ့ကြပြန်တယ်။
ရွေးကောက်ပွဲအကူးအပြောင်းကာလကို ၁၈ လမှ ၂၈ လ၊ လ ၄၀၊ ၄၈ လ လို့ သုံးကြိမ်တိုင် ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ပထမအကြိမ်ရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်အတွင်း ကျင်းပရန် ဖြစ်ပါတယ်။
တဖန် ဒေသလိုက်ရွေးကောက်ပွဲတွေ ပြုလုပ်မှာဖြစ်လို့ အခြေခံဥပဒေပုဒ်မ ၈၄ (၁) ကို ခေတ္တပြင်ဆင်ရန် ထုတ်ပြန်မယ့် သမ္မတအမိန့်ကို လွှတ်တော်က အတည်ပြုရန်လည်း အဆိုတင်သွင်းခဲ့ပါတယ်။ အတိုက်အခံအမတ်တွေက ဝေဖန်ကန့်ကွက်ကြပေမယ့် ဖဆပလအဖွဲ့က အမတ်အင်အား များတာကြောင့် ဒီအဆိုကို အတည်ပြုခဲ့တယ်။ ရွေးကောက်ပွဲကို ၃ သုတ်ခွဲ ကျင်းပမှုဖြစ်ပြီး ပထမအသုတ် ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့မှာ စတင်ကျင်းပတယ်။ ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့က ကျင်းပနိုင်ပြီလို့ သတ်မှတ်ထားတဲ့နယ်တွေမှာသာ တစ်နယ်ပြီး တစ်နယ် ကျင်းပခဲ့ပါတယ်။
ဖဆပလဟာ ၁၉၅၁ ခုနှစ်၊ ဇွန်လမှာ စတင်ကျင်းပတဲ့ ရွေးကောက်ပွဲအဆင့်ဆင့်မှာ မိမိတို့ အာဏာ ဆက်လက်တည်တံ့ရေးအတွက် နည်းအမျိုးမျိုးကို သုံးစွဲခဲ့တယ်။ အတိုက်အခံ နိုင်ငံရေးသမား အချို့ကို ၁၉၄၇ ခုနှစ် ပြည်သူငြိမ်ဝပ်ပိပြားရေး(ထိန်းသိမ်းစောင့်ရှောက်မှု) အက်ဥပဒေ ပုဒ်မ ၅ နဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတိုက်အခံ အမတ်လောင်းတချို့နဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေကို သတ်ဖြတ်ခြင်း၊ ဖဆပလ ဆိုရှယ်လစ်တွေရဲ့ ခါးပိုက်ဆောင် လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ယူအမ်ပီ (Union Military Police ) ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့တွေ၊ ပြောက်ကျားတွေ၊ ကာကွယ်ရေးတွေက ရွေးကောက်ပွဲမှာ ဖဆပလ အနိုင်ရရေးအတွက် ခြိမ်းခြောက်ခြင်း စတဲ့ မတရားအနိုင်ကျင့်မှုတွေကို ကျူးလွန်ကြတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရေတွက်တဲ့အခါမှာလည်း အာဏာရ ဖဆပလအာဏာပိုင်တွေက မဲပုံးတွေကို ချက်ချင်းမဖွင့်ဘဲ မဲပုံးတွေဖောက်၊ မဲတွေခိုးပြီးမှသာ မဲရေတွက်ပြီး ဖဆပလအမတ်လောင်း အနိုင်ရရှိဖို့ ဆောင်ရွက်တာတွေ ရှိခဲ့တယ်။ ၁၉၅၁ ခုနှစ်၊ ရွေးကောက်ပွဲမှာ ဖဆပလက မဲခိုးတယ်လို့ ယုံကြည်ကြောင်း ထိုစဉ်က တရားဝန်ကြီး ဦးမောင်က နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘူးလို့ အတိုက်အခံ နိုင်ငံရေးပါတီတွေက စွပ်စွဲခဲ့ကြပါတယ်။ နယ်တွေမှာ အတိုက်အခံအမတ်တွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေ အသတ်ခံကြရတယ်လို့ဆိုတယ်။ အတိုက် အခံ လက်ဝဲ၊ လက်ျာ နိုင်ငံရေးပါတီတွေဟာ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁ ရက်က ၄ ရက်နေ့အထိ ပြည်လုံးကျွတ် မတရားရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ကွန်ဖရင့်ကို ဒေါက်တာဘမော်၊ ဦးအောင်သန်း၊ သခင်ချစ်မောင်၊ သခင်လွင်၊ ဦးဘငြိမ်း စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်ကျင်းပခဲ့ပြီး အချက်၃ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ ဥပဒေအလွဲသုံးစားလုပ်မှုများ စစ်ဆေးရေး လက်နက်အလွဲသုံးစားမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုများ စစ်ဆေးရေး၊ အာဏာနဲ့ အခွင့်အရေးများ အလွဲသုံးစားမှုများ စစ်ဆေးရေး၊ ဒီမိုကရေစီအခွင့်အရေးများ အလွဲသုံးစားမှုများ စစ်ဆေးရေး၊ မြူနီစီပယ် မတရားရွေးကောက်ပွဲများ စစ်ဆေးရေး၊ ဒီမိုကရေစီကျဆုံးမှုများ စီစစ်ရေး ဆိုပြီး အပိုင်း ခြောက်ပိုင်းခွဲ အစီရင်ခံ တင်ပြထားတယ်။
ဒါပေမဲ့ အာဏာလက်ရှိ အင်အားအကြီးဆုံး ဖဆပလအဖွဲ့ချုပ်ကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ပါ။ အာဏာရ ဖဆပလ ဆိုရှယ်လစ်အစိုးရက ငွေ၊ လက်နက်၊ အာဏာတို့နဲ့ မဲခိုးတာကအစ လူသတ်တာအဆုံး မတရားပြုကျင့်ခဲ့တယ်။ ၁၉၅၂ ခုနှစ်၊ မတ်လမှာ ပြည်သူ့လွှတ်တော် ပထမဆုံးညီလာခံကို စတင်နိုင်ခဲ့တယ်။ ထိုနှစ် မတ်လ ၁၂ ရက်နေ့မှာ ပထမဆုံးသော နိုင်ငံတော်သမ္မတအဖြစ် ဒေါက်တာဘဦး ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲအကြိုကာလမှာ လူဖမ်းပွဲကြီးတွေ၊ လူသတ်ပွဲကြီးတွေ၊ ပြန်ပေးဆွဲမှုတွေ၊ မီးရှို့မှုကြီးတွေကို ခါးပိုက်ဆောင်တပ်တွေက လုပ်ခဲ့ကြတယ်။ နယ်ချဲ့ခေတ် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေး ကာလတွေက မဲခိုးမှုတွေထက် ကြီးကျယ်တဲ့ မဲခိုးမှုတွေ လုပ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကို အရစ်ကျ (သို့) အပိုင်းလိုက် ကျင်းပခဲ့တာဖြစ်လို့ တနေရာမှာရှုံးရင် အခြားတနေရာမှာ ထပ်မံဝင်ရောက် အရွေးချယ် ခံတာတွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကစပြီး အာဏာရ ဖဆပလဆိုရှယ်လစ်အစိုးရဟာ မဲခိုးသည်မှအစ လူသတ်သည်အဆုံး မသမာမှုတွေ၊ မတရားမှု တွေ ပြုကျင့်လို့ အနိုင်ယူခဲ့ပါတယ်။
အထက်ပါ အကြောင်းအရာတွေကတော့ အာဏာသိမ်း ဖက်ဆစ်တပ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ပြောနေတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကို မြန်မာနိုင်ငံမှာကျင်းပခဲ့ဖူးတဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲဆိုရာမှာ ညစ်နည်းမျိုးစုံ သုံးခဲ့တာကို သမိုင်းမှတ်တမ်းမှာ မြင်တွေ့ နိုင်ပါတယ်။ စစ်ကောင်စီရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲ ဆိုတာတာကလည်း လက်ရှိအခြေအနေနဲ့ဆိုရင် ဘယ်လိုမှမဖြစ်နိုင်တဲ့ အနေအထားပါ။ လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက မြို့ပေါင်း ၆၀ နီးပါးကို သိမ်းယူထားနိုင်သလို မြို့တွေနဲ့ အလှမ်းအနည်းငယ်သာ ကွာဝေးတဲ့ နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေက ထင်သလိုလုပ်နိုင်တဲ့ အခြေအနေမျိုးအောက်မှာ ရှိမနေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲဆိုတာကို ကျင်းပဖို့ ဘာကြောင့် ကြိုးစားနေတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ မြေပြင်မှာ စစ်ကောင်စီ အခြေအနေ မလှတာကတော့ တကမ္ဘာလုံးအသိ ဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဆိုတဲ့ နည်းလမ်းကလွဲရင် အခြားထွက်ပေါက် မရှိတော့တာကို မြင်နေရပါတယ်။
စစ်ကောင်စီကို နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ ရပ်ခံကူညီလာတဲ့ တရုတ်နိုင်ငံကလည်း လူထုရဲ့ နွေဦးတော်လှန်ရေး အရှိန်မြင့်လာတဲ့နောက်ပိုင်းကာလတွေမှာ စစ်ကောင်စီကို အားမလိုအားမရ ဖြစ်လာတာ တွေကို မြင်နေရပါတယ်။ အာဆီယံကပါ စစ်ကောင်စီကို ထွက်ပေါက်ပေးနိုင်ဖို့ မူ ၅ ချက် ဆိုတာကို တင်လာပါတယ်။ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံကြီးတွေကပါ စစ်ကောင်စီကို ထွက်ပေါက်ရနိုင်ဖို့ နည်းမျိုးစုံနဲ့ ကူညီနေပေမယ့် လူထုရဲ့ တော်လှန်ခုခံအားဟာ အံ့မခန်းဖြစ်နေတော့ စစ်ကောင်စီရဲ့ တခုတည်းသော ထွက်ပေါက်ဟာ ရွေးကောက်ပွဲမှတပါး အခြားမရှိတော့ဘူးဆိုတာကို အဆိုပါနိုင်ငံတွေကပါ သိမြင်နေပြီ။ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ဖြတ်ကျော်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မြတ်လင်း(DPNS)
ကိုးကား ။ ။ ခင်ကျော်ဟန် ၏ ၁၉၉၀ပြည့်နှစ် မေလ(၂၇) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း စာအုပ်(၂၀၀၆ ခုနှစ်၊ မေလ(၂၀)ထုတ်) ပါ အချက်အလက်များကို ကိုးကားရေးသားပါသည်။