တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 90, Nobember 8, 2024)

၁။ သံဖြူဇရပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
 November 8, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေထံကနေသိရပါတယ်။ တပ်အင်အား ၈၀ ကျော် ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက် လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။ နိုဝင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်နယ်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေဟာ နိုဝင်ဘာ ၇ ရက်နေ့မှာလည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီစစ် ကြောင်းဟာ ဇီးနှစ်ပင်ကျေးရွာထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် စခန်းကြီး၊ ဇီးနှစ်ပင်၊ရဲတံခွန်၊ ရွာသစ်၊ပယော်ဟဲကျေးရွာက ဒေသခံတွေရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအနီးဝန်းကျင်ဒေသဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းတွေဖြစ်တဲ့ ကျားဖြူ၊ နဂါးနီးစစ်ကြောင်းတွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီဘက်က မွန်ပြည်နယ် ကျိုက်ထို မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ Read in Full

၂။ မိုးမောက်ကို စစ်ကောင်စီတပ်က အပြင်းအထန်ပြန်လည်ထိုးစစ်ဆင်နေသဖြင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ
 November 7, 2024
မိုးမောက်မြို့ပြင်ရှိ ခ.မ.ရ (၄၃၇) တပ်စခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်မှာ နှစ်လ ကျော်ကြာမြင့်လာပြီဖြစ်ပြီး မိုးမောက် – ဗန်းမော် လမ်းပေါ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ဗန်းမော်မြို့မှ မကြာခဏစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဗန်းမော်နှင့်မိုးမောက်မြို့ကြားရှိ ၇ မိုင် ကျေးရွာ အထိ နေရာယူထား သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။“သူတို့(စစ်ကောင်စီ)ကတော့ ဗန်းမော်ဘက် ကနေတက် လာလို့ရှိရင်တော့ ကားလမ်းဘယ်ဘက်ခြမ်းဘက် ပိုပြီးတော့နေရာယူ ထားတာကိုတွေ့ရတယ်။ လောလောဆယ်က တော့သူတို့ စခန်းချတာတွေ၊ ထိုင်တာတွေတော့ မရှိဘူး။ သူတို့ကစစ်ဆင်ရေးပုံစံနဲ့ ရောက်တဲ့နေရာမှာနေရာယူထားပြီးမှ တစ်ဆင့်ပြန်ထိုးတာ။ အဲဒီလိုမျိုးပုံစံနဲ့ တက်လာတာဖြစ်ပါတယ်” ဟုဆိုသည်။ ခ.မ.ရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က အဆိုပါလမ်းပေါ်ရှိ ၅ မိုင် (စီအင်)ကျေးရွာအထိ သိမ်းပိုက်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ကုန် ပိုင်းခန့်တွင် ၇ မိုင်ကျေးရွာအနီးအထိ ပြန်လည်တပ်ဆုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ကလည်း အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ကာ တင့်ကားပါဝင်သည့် ခြေလျင်စစ်ကြောင်းထိုး လာသဖြင့် နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိ သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။“သူတို့ကိုလမ်းမှာဖြတ်တိုက်ပြီး အထိနာအောင်တော့ ကျွန်တော်တို့လုပ်နိုင်တယ်။ နေ့တိုင်းပဲထိတွေ့မှုတော့ ရှိတယ်။ တိုက်ပွဲကတော့ပြင်းထန်တယ်လို့ ပြောလို့တော့ရတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ထိုးစစ်ဆင် တာမရှိဘူး” ဟုပြောသည်။ လက်ရှိ အဆိုပါလမ်းတွင် စစ်ကောင်စီတပ်က ယာယီစခန်းတည်ဆောက်ထားခြင်း ရှိ၊ မရှိ ကို မသိနိုင်ကြောင်း သူကပြောသည်။ ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့ကို လုံခြုံရေးယူပေးထားသော ခ.မ.ရ (၄၃၇)ကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စခန်းမှာ စစ်ကောင်စီအတွက်အရေးပါသောဗျူဟာမြောက်စခန်းဖြစ်သည့်အတွက် လေကြောင်း၊ တင့်ကား၊ ဒရုန်းနှင့် လက်နက် ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံနေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

၃။ မွန်ပြည်နယ်မှာ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀ ဦး သေဆုံး
 November 7, 2024
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ် သား ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေရှင်းက နိုဝင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရထိခိုက်သေဆုံးရတဲ့သူတွေဟာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ် ဖြတ်ခံရတာ၊ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့်လို့ ဆိုပါတယ်။ အောက်တိုဘာလအတွင်း မြန်မာပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်တိုက်မြင့်နေသလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ် ရာ ကို ထွက်ပြေးတိမ်းရှောင်နေတာပါ။ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မွန်ပြည်နယ်မှာ သေဆုံးသူ ၁၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၅ ဦး၊ ကရင်ပြည်နယ်မှာ သေဆုံးသူ ၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂ ဦးရှိပြီး တနင်္သာရီ တိုင်းမှာ သေဆုံးသူ ၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ဦးရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ စုစုပေါင်း လေသောင်းခွဲကျော်အထိရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း အကြိမ် ၁၀၀ ကျော် ကျူးလွန်ခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အရပ်သားပြစ်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ ထိခိုက်ဒဏ်ရာရအောင် လုပ်တာ၊ အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာ၊ အိုးအိမ်ဖျက်ဆီးခံရတာ၊ အတင်းအဓမ္မ ငွေ ကြေးကောက်ခံတာ၊ မြေမြုပ်မိုင်းပေါက် ကွဲတာ၊ အသက်မွေးဝမ်ကျောင်းနဲ့ လွတ်လပ်စွာ သွားလာမှုတွေကို ကန့်သတ်တာစတဲ့ အချက်တွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာပြည်တောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦး ရှိတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထား ပါတယ်။ Read in Full

၄။ တောင်ခမ်း ၉၀၂ တပ်နှင့် ဂန့်ကော်ရွာတွင် တိုက်ပွဲများ ပြင်းထန်နေ
 November 7, 2024
နောင်ချိုမြို့နယ်၊ တောင်ခမ်းနဲ့ ဂန့်ကော်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ လနဲ့ချီပြီးတိုက်နေရတဲ့ နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာက မစခ ၉၀၂ တပ်၊ အမတ ၃၅ တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အခြေချဖို့ ကြိုးစားနေတဲ့ ဂန့်ကောကျေးရွာ တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြာင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အများအပြား ရယူကာကွယ်ပေးနေတယ်လို့ TNLA သတင်းနှင့်ပန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။“ဂန့်ကော်ရွာဘက်မှာ တော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တောင်ခမ်းဘက်မှာဆိုရင်တော့ ဒီတရက် နှစ်ရက်အတွင်း ၉၀၂ တပ်နဲ့ တိုက်ပွဲတွေ ဆက် ဖြစ်နေပါတယ်။” နောင်ချိုမြို့နယ်က စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ကုလားရွာကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင်ကာ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ သတင်တွေ ထွက်ပေါ်ပေနေမဲ့ အဲ့ဒီနေရာက သတင်းအခြေအနေတွေက တော့ သတင်းတက်လာတာမျိုး မရှိသေးဘူးလို့ လွေးယေဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ တောင်ခမ်းက အမြှောက်တပ်စခန်း ၄ ခုအနက် ၂ ခုကို လက်လွှတ်ထားရပြီး ကျန်တပ် စခန်း ၂ မကျစေရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေရကာ လက်နက်ခဲယမ်းရိက္ခာတွေကိုလည်း လေ ကြောင်းက ဖြည့်တင်းပေးနေရတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှာ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရပါတယ်။ Read in Full

၅။ သရက်ချောင်းမှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲခံရလို့ သုံးဦးသေဆုံး
 November 7, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြားမှာ စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီကျော်ခန့်က သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ကို မြေသယ်ယာဉ်နှစ်စီးနဲ့ အင်အား ၅၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းလေးလုံးဆွဲပြီး တိုက် ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီး ထိမှန်ထိုးရပ်သွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြု လုပ်ခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ကောင်စီတပ်သားသုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ စစ်ကောင်စီတပ်တွင်း သတင်းပေးတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ ကျည်ဆံဟာ မိုင်းဆွဲခံရတဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်အကွာ ကားလမ်းဘေး ထန်းရည်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၀ အရွယ် ဒေါ်မဝေရဲ့ပေါင်မှာ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျည် ထိသွားတဲ့ အမျိုးသမီးကိုတော့ ဒေသခံတွေက ထားဝယ်ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ ဆောင်ပေးခဲ့ရပြီး ဆေးကုသမှုခံယူနေရ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူရွာထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် က ရွာသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

၆။ ဖလမ်းမြို့ပေါ်က ပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ
 November 11, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ (၉၀) ရာခိုင်နှုန်းခန့်မှာ မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာ ကို တိမ်းရှောင်နေကြသည်ဟု သိရသည်။ ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမ တစ်ဦးသေဆုံးခဲ့သည်။ ယခုလက်ရှိ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက် လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသ ခံတစ်ဦးကပြောသည်။

“ မြို့ထဲမှာ တော်တော်လေးနည်းသွားပြီးမရှိသလောက်ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်း တော့ထွက်သွားပြီ ၊အခြေအနေ တွေက ဘာမှ ခန့်မှန်းလို့မရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အတွင်းအပြင်စိုးရိမ်နေရတယ်၊ အတွင်းက  စစ်တပ်ဖက်က ကြိုက် တဲ့နေရာမှာ ကြိုက်တဲ့လူ ပစ်ခတ်တဲ့အခါကျတော့မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရ တယ်လေ၊ မြို့ထဲ မှာက ညအိပ်ရင်တောင်  နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘူးလေ။  စစ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူမှ မသိဘူးလေ စိုးရမ်နေရတာ။”ဟု ဖလမ်းမြို့မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြော သည်။ လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင် ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင်  စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ ဖလမ်းမြို့မှာ ပြည်သူအနည်းစုမှာ နေအိမ်ကြည့်ရှုရန် အတွက်သာ ကျန်ခဲ့ကြသူများ  ဖြစ်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင် ၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် Mission Jerusalem(MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေပြီဟု သိရသည်။ Read in Full

၇။ အမ်း အမှတ်(၇၅၇) တပ်နှင့် တိုက်စည်းကျောင်းကို AA သိမ်းပိုက်၊ Q1 ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံး
 November 7, 2024
အမ်းမြို့နယ်ရှိ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းကို အာရက္ခတပ်တော် (AA) က ရရှိထား ပြီး စစ်ကောင်စီတပ်ဖွဲ့၏  စစ်ထောက်ဌာန (ဦးစီးအရာရှိ ပထမတန်း- Q1) ဒုဗိုလ်မှူးကြီးတဦးလည်း တိုက်ပွဲတွင်း သေဆုံးသွား ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အမ်းမြို့အောက်ရွာရှိ ဟင်းရွက်ဆည်ဘေးကပ်လျက် အမှတ်(၇၅၇) အလုပ်ရုံ တပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် တပ်ဆုပ်သွားပြီးနောက် အာရက္ခတပ်တော်ဘက်က သိမ်းပိုက်လိုက်ခြင်းဟု ဆိုသည်။ “(၃၇၁) ထဲဝင်ပြေးကြတော့ အဲ့ဒီတပ်တွေ ရသွားပြီလို့ ဆိုရတာပေါ့။ (၃၇၁) မှာ မနေ့ကညနေအထိ တိုက်ပွဲပြင်းထန်နေတယ်။ နောက်ပြီး ဒိုင်ကြီးရွာ တိုက်ပွဲမှာလည်း Q1 တယောက် စနိုက်ဘာထိပြီး ချက်ချင်းသေသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ထောက်ဌာန (ဦးစီးအရာရှိ ပထမတန်း- Q1) ဒုဗိုလ်မှူး ကြီးသည် အမ်း-စစ်တွေကားလမ်းပေါ်က ဂေါက်ကွင်းအနီး ဒိုင်ကြီးကျေးရွာတိုက်ပွဲကို ကွပ်ကဲနေစဉ် နိုဝင်ဘာလ ၅ ရက်နေ့ တရက်တည်းမှာပင် သေဆုံးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းမှ ခွာစစ်ဆင်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မော်ဆီဆိုင် ကုန်းအနီးရှိ ခမရ (၃၇၁) တပ်ရင်းထဲမှ ခုခံနေကြပြီး အနီးကပ်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သည့် ခမရ(၃၇၂) တပ်ရင်းမှူးနှင့် စစ်ဦးစီး(စစ်ဆင်ရေးပထမတန်း- G1) တဦးတို့သည် အ.ထ.က(၂)စာသင်ကျောင်းတွင် ဆေးကုသမှုခံယူနေရာမှ ယခုရက်ပိုင်းတွင် ရဟတ်ယာဥ်ဖြင့် မကွေးမြို့သို့ ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တရပ်က ပြောသည်။ ထို့အပြင် အမ်းလေဆိပ်အနီး ကမ်းဒိတ် တောင်မှ စစ်ကောင်စီတပ်သားအချို့သည် ယခင်ရက်များက တိုက်ပွဲပြင်းထန်ခဲ့သည့် အမ်း-ပဒါန်းကားလမ်း ပဲပဒုံစစ်ဆေးရေး ဂိတ်အနီး စစ်မြေပြင်အင်ဂျင်နီယာတပ်(BE) တပ် ဗဟိုကင်းသို့ ဆုတ်ခွာပြီး ခံစစ်ပြင်ထားကြောင်းလည်း အမ်းမြို့ခံများက ပြော သည်။ အပြင်စည်းအဖြစ် သတ်မှတ်ကာ နပခကို ကာရံထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို  အာရက္ခတပ်တော် (AA) က သိမ်း ပိုက်ထားပြီး နပခဌာနချုပ်အနီးရှိ လက်ကျန်တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင်နေသည်။ Read in Full

၈။ တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်နေတဲ့ ပင်လောင်းရောက် ကရင်နီစစ်ရှောင်တွေ အကူအညီလိုအပ်နေ
 November 7, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက သွားရောက်တိမ်းရှောင်ကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ လတ်တလော တိုက်ပွဲဖြစ်ပွားမှုကြောင့် ထပ်မံတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆန်ရိက္ခာ အပြင် နေထိုင်ဖို့အတွက် အမိုးအကာ လိုအပ်နေပြီး ကူညီလှူဒါန်းတဲ့အဖွဲ့အစည်း မရှိသေး တာကြောင့် အခက်ကြုံနေကြပါတယ်။“စားဖို့သောက်ဖို့က စားစရာအဆင်မပြေဘူးဗျ။ အလုပ်ကလည်း မရှိတော့ တော်တော် ခက်ခဲနေကြတယ်။ အလှူရှင် မရှိတာကြာပြီး ၂၀၂၄ ကစပြီး အခုအချိန်ထိပဲပေါ့နော်။ အသိတွေဆီက အရင်ချေးယူ စားသောက် နေကြရတယ်။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။ အဆိုပါစစ်ရှောင်တွေဟာ တစ်လေးလုံး စစ်ဆင်ရေးမတိုင်ခင် နဲ့ နောက်ပိုင်းမှာ လွိုင်ကော်၊ မိုးဗြဲ နဲ့ ဖယ်ခုံဘက်ကနေ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေဖြစ်ပြီး လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိနေ ကာ တိုက်ပွဲတွေကြောင့် နေရပ်ပြန်လို့ မရသေးဘူးလို့ ဆိုပါတယ်။

“အခုချိန် အခြေနေက ဆိုးတာထက် ဆိုးလာတယ်။ အလှူရှင်က နည်းလွန်းတော့ ရှေ့လျှောက်မှာက ငတ်လာဖို့ပဲရှိနေ တယ်။”လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း- ဖယ်ခုံနယ်စပ်က ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊ လွယ်ဖွီး၊ ယာစပ်၊ နားမွန်း၊ နမ့်ဖာမူ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တွေအပြင် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အသုံး အဆောင်ပစ္စည်းတွေကို ကူညီလှူဒါန်းသူတွေ နည်းပါးလာတာကြောင့် အခက်အခဲရှိနေတဲ့အပြင် လတ်တလောမှာလည်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ ထပ်ဆင့် ပြန့်ကျဲတိမ်းရှောင်နေကြရပါတယ်။ Read in Full

၉။ ကျိုက်ထိုတိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံး
 November 7, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး တော် လှန်ရေးအဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ၅ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲကိုတပ်အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း PDF ရဲဘော်တစ်ဦး ကျဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပိန်းန္နဲကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံး လက်နက်ကြီးကြောင့် ထိမှန်ပျက်စီးခဲ့သလို ကျောက်ပုံကျေးရွာက KNLA/PDF စစ်ဆေးရေးဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ကျောက်ပုံ၊ မဲရုံးလေး၊ မဲရုံးကြီး၊ မိုးဘောနတ်စင်၊ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်းစတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထွက်သွားတဲ့အတွက် ဒေသခံအများစု နေရပ်ပြန် လာကြပြီလို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ Read in Full

 
၁၀။  မင်းတပ်မြို့နယ် စကစလေကြောင်းတိုက်ခိုက်မှု  စိတ်ဝမ်းကွဲအောင်ရည်ရွယ်ခြင်းဟုဆို
 November 7, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့် တော် လှန်ရေးတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲပြားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်တာဝန်ရှိသူက ပြော ဆိုလိုက်သည်။“ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေကို စိတ်ဝမ်းကွဲစေဖို့၊ ပြည်သူတွေကို ဒုက္ခများအောင်လုပ်ခြင်းအားဖြင့် တော် လှန်ရေးကို မထောက်ခံအောင် ငြိုငြင်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့မြင်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က ပြောသည်။ စာသင်ကျောင်း၊ လူနေအိမ်၊ဘုရားကျောင်း များအပါအဝင် အရပ်သားပစ်မှတ်များ ကို တိုက်ခိုက်နေခြင်းသည် လက်ဦးမှုရယူပြီး ချိုးနှိမ်ရန် ကြိုးစားနေသည့် သဘောဖြစ်ကြောင်း ၎င်းကဆိုသည်။ မင်းတပ်မြို့ အနီး တနေရာကို နိုဝင်ဘာလ ၅ ရက်နေ့က နေပြည်တော် အေလာလေတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ပြီး ဗုံးလေးလုံး ကြဲချသွားသည့်အပြင် ပွိုင့်ဖိုက် စက်သေနတ်ဖြင့်လည်း ရမ်းသန်းပစ်ခတ်သွားကြောင်း ဒေသခံထံက သိရသည်။ အလားတူ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၃) အတွင်း (နိုဝင်ဘာလ ၆ရက်)  နံနက် ၂ နာရီ ၁၁ မိနစ်နှင့် ၂ နာရီ ၁၇ မိနစ်တို့တွင် ပေါင် ၅၀၀ ဗုံး ဖြင့်ကြဲချခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ် ခုနစ်လုံးနှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း နှစ်ကျောင်းပျက်စီးသွားခဲ့သည်ဟု ဒေသခံကထုတ်ဖော်ထားသည်။“ကာကွယ်ရေးအဖွဲ့တွေရှိလို့ စစ်ဘေးရှောင်အဖွဲ့တွေလာလို့ အတိုက်ခိုက်ခံရတာလို့ ပြည်သူ တွေက ယုံကြည်ကြောက်ရွံ့လာပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ လူထုအကြား စိတ်ဝမ်းကွဲဘို့ ရည်ရွယ်လုပ် ဆောင်နေတာလို့ မြင်ပါ တယ်”ဟု Mindat Township IDPs Camp Management Committee တာဝန်ခံ ကိုလောရင့်စ် က ပြောသည်။ မင်းတပ်မြို့နယ် ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီးနောက်ပိုင်း မြေပြင်မှလာရောက်နိုင်ခြင်းမရှိတော့ဘဲ လေ ကြောင်းမှ တိုက်ခိုက်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ အရပ်သားပစ်မှတ်များဖြစ်သော ရပ်ရွာလူထုအစည်းအဝေး၊ ကားအများစု ရပ်ထားသောနေရာများ၊ စာသင်ကျောင်း၊ ဘုရားကျောင်းများကို အဓိကထား၍ လေ ကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ကိုလော့ရင့်စ်က ဆက်ပြောသည်။ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း နှင့် စစ်ရေးအခြေအနေများကို အသေးစိတ်မသိရသော်လည်း ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲတာဝန်ရှိသူက ဆိုသည်။ Read in Full

၁၁။ စစ်​ကောင်စီ ငြိမ်းချမ်း​ရေး​ဆွေး​နွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ​ပြော
 November 7, 2024
အာဏာသိမ်း​ခေါင်း​ဆောင်က ညီ​​နောင်မဟာမိတ်သုံးဖွဲ့အား ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်သည့် စိတ်ရင်းအမှန် ရှိရန် လိုအပ်သည်ဟု​ပြောဆိုပြီး​နောက် စစ်​ကောင်စီအ​နေဖြင့် ငြိမ်းချမ်းရေးရလိုပါက လိုက်နာရမည့်အချက်နှစ်ချက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့် နိုဝင်ဘာ ၆ ရက်တွင် တွေ့ဆုံစဥ် မြောက်ပိုင်းညီနောင်သုံးဖွဲ့(MNDAA၊ TNLA၊ AA)အနေဖြင့်  ငြိမ်းချမ်းရေး အမှန်တကယ်လိုလားပါက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိ ကြောင်း ပြောကြားခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့အပစ်အခတ်ရပ်စဲရေးကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တုန့်ပြန်တိုက်ခိုက်ခဲ့သည်ဟုလည်း တရုတ်ဝန်ကြီးချုပ်အား ​ဆိုခဲ့သည်။ တရုတ်ဝန် ကြီးချုပ်အား စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြော ဆိုမှုအပေါ် TNLA ပြောရေးဆိုခွင့်ရှိသူက “ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပြော တာကတော့ ငြိမ်းချမ်းရေးသည် ပြောမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ သို့ပေမယ့် ငြိမ်းချမ်း ရေးဆိုတဲ့နေရာမှာ၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာအားလုံးပါဝင်ပြီးတော့ ငြိမ်းချမ်းရေးကိုဆောင်ရွက်တဲ့သူဟာငြိမ်းချမ်း ရေးကို အမှန်တကယ်လိုအပ်တဲ့ အမှန်တကယ်ရချင်နေတဲ့ စိတ်ရင်းအမှန်ရှိဖို့လိုပါတယ်”ဟု ပြောသည်။

 “နံပတ် ၁ အချက်က ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နံပတ် ၂ အချက်က စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့မှ နိုင်ငံရေးကနေ ထွက်ခွာ မယ်ဆိုရင် ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိပါတယ်” ဟု လွေးယေဦးက ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ တပ်က မြေပြင်စစ်ပွဲများ၌ ညီနောင်သုံးဖွဲ့ကို အလူးအလဲရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်အစိုးရက ညီနောင်သုံးဖွဲ့အပေါ် ဖိအားပေးရန် တောင်းဆိုခဲ့သည်။“စစ်ကောင်စီဖြစ်ဖြစ်၊ စစ်ကောင်စီကိုယ်စား လှယ်ဖြစ်ဖြစ် တကယ်လို့ တရုတ်အစိုးရနဲ့ သွား ရောက်တွေ့ဆုံတာမျိုးဆိုရင် အမြဲတမ်းသူတို့ဘက်က ပြောဆိုတာမျိုးတွေရှိပါတယ်။ အထူးသဖြင့်မြောက်ပိုင်းသုံးဖွဲ့ကို ကန့်သတ် ပေးဖို့၊ ပိတ်ပင်ပေးဖို့ ဒါကတော့ အမျိုးမျိုး သူတို့ ပြောနေကြတာတွေ ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ Read in Full

၁၂။   ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်တဲ့ စာသင်ကျောင်း ၉ ကျောင်းအတွက် လိုအပ်ချက်များပြား
 November 7, 2024
ပြီးခဲ့နှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပိတ်ထားခဲ့ရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းက စာသင်ကျောင်း ၉ကျောင်းဟာ လက်ရှိအချိန်မှာ ကျောင်းတွေဖွင့်လှစ်နေပေမယ့် အခက်အခဲတွေရှိနေပြီး လိုအပ်ချက်များပြားနေဆဲ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရဲ့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။ စာသင် ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာရေးကိရိယာတွေ လိုအပ်မှုတွေ များတယ်လို့လည်း ဆိုထားပါတယ်။“Project လုံးဝ မဝင်သေးတဲ့ကျောင်းကတော့ မင်ရည်၊ သင်ထောက်ကူတွေ ကျောင်းသုံးဆောင် ပစ္စည်းတွေတကယ်ကိုလိုအပ်နေတယ်။”လို့ မြို့နယ်ပညာရေးမှူးကပြောပါတယ်။ လိုအပ်ချက်ရှိနေတဲ့ စာသင်ကျောင်း တွေကတော့ ဒေါတမကြီးအုပ်စုမှာ ၃ ကျောင်းနဲ့ ထီးဖိုးကလိုးအုပ်စု မှာ ၆ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရေကြီးရေလျှံမှုတွေကြောင့် ပွန်ချောင်းဘေးက စစ်ဘေးရှောင်စခန်းရဲ့ စာသင်ကျောင်း ၂ ကျောင်း ကလည်း တစ်လနီးပါ ပိတ်ထားခဲ့ရပါသေးတယ်။ ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းမှာလည်း စာသင်ကျောင်းဆောင်တွေ ပျက်စီးသွားတာကြောင့် ပြန်လည်ဆောက်လုပ် ပြင်ဆင်ဖို့ လိုအပ်သလို အမိုး အကာအတွက်လည်း အကူ အညီတွေလိုအပ်နေပါတယ်။ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စာသင်ကျောင်းပေါင်း (၂၇)ကျောင်းရှိပြီး အများစုဟာ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတာပါ။ ကျောင်းသူ၊ ကျောင်းသား ဦးရေ သုံးထောင်ကျော်ရှိနေပြီး သင်ကြားပေးနေတဲ့ ဆရာ၊ မ ဦးရေ သုံးရာကျော်ရှိတယ်လို့ သိရပါတယ်။ Read in Full

၁၃။ စစ်ကောင်စီဆုတ်ခွာသွားသည့်နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု KNU ပြော
 November 7, 2024
စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည့် နယ်မြေများအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။ နိုဝင်ဘာ လ ၅ ရက်နေ့က အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)တို့ ပူးတွဲပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။“ကျွန်တော်တို့ဟာ သက်ဆိုင် ရာ နယ်မြေတွေမှာ စစ်တပ်ရဲ့ ဆုတ်ခွာမှုတွေကနေ လစ်ဟာသွားတဲ့ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်း ရေးကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်တပ်ကို တိုက်ခိုက်နေ ခြင်းဟာ လည်း စစ်တပ်ရဲ့ လူထုကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ ဗုံးကြဲမှု၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့် ခွာထွက် ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် နယ်မြေအတွင်းက ပြည်သူလူထုအတွက် အုပ်ချုပ်ရေးနဲ့ အခြေခံ ပြည်သူ့ဝန် ဆောင်မှုလုပ် ငန်းတွေကို ပေးအပ်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ဒေသတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် ဒေသတွင်းနေထိုင်သည့် ပြည်သူလူထုများကို အုပ်ချုပ်ရေးလုပ် ငန်း၊ ဆေးဝါးကုသမှု အပါအဝင် အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို KNU က ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။  ၎င်းတို့ အနေဖြင့် ဒေသတွင်း အုပ်ချုပ်ရေးများ စတင်ဆောင်ရွက်နေခြင်းဖြင့် အောက်ခြေမှ အခြေခံပြီးတည်ဆောက်သည့် Bottom Up Federalism နည်းလမ်းကို ချဉ်းကပ်ကာ ထိုမှတဆင့် ဒေသတွင်း ကိုယ်ပိုင်အုပ် ချုပ်ရေးကို ထောက်ခံအားပေးသည့် ပြည်ထောင်စု တခုကို တည်ဆောက်နေကြောင်းလည်း ဆိုသည်။ လက်ရှိတွင် KNU အနေဖြင့် ဒေသတွင်းသို့ ရန်သူအသွင်ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ပြတ်ပြတ်သားသားတိုက်ခိုက်နေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် ပူးပေါင်း လုပ် ဆောင်မှုများရှိနေကြောင်း ဆိုသည်။ KNU နယ်မြေများဖြစ်သည့် ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ် သထုံခရိုင်၊ ကရင်- မွန် အစပ် သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပိုင်း၊ ဖာပွန်ခရိုင်တို့တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီအနေဖြင့် ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက် မှုများကြောင့်  KNU နယ်မြေများအတွင်း အထိုင်ချထားသည့် တပ်စခန်းများကို တခုပြီးတခု စွန့်ခွာသွားလျက်ရှိသည်။ https://b ur.mizzima.com/2024/11/07/38154

၁၄။ ပင်လောင်း-ဖယ်ခုံအစပ်က ကျေးရွာများတွင် စစ်တပ်က စပါးခင်းများကိုရိတ်ပြီး မီးရှို့
 November 7, 2024
တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံအစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စပါးတွေ ဝင်ရိတ်ပြီး မီးတင် ရှို့နေတဲ့အတွက် ကျေးရွာ ၉ ရွာလောက်က ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။  ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်-ဖယ်ခုံအစပ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ (PNO) ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကရင်နီတော်လှန်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တိုက်ပွဲတွေဖြစ်နေတဲ့ ဗန်းမောက်ရွာ၊ ကုန်းပေါရွာ၊ လွယ်ထွယ်ရွာနဲ့ ဆောင်လန်ရွာအပါ ၀င် ရွာ ၉ ရွာလောက်က ဒေသခံတွေဟာ နေ့ရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။ အဲ့ဒီလို ရွာတွေကို စွန့်ပြီး ထွက်ပြေးနေရတဲ့အချိန် စစ်ကောင်စီတပ်တွေက ရွာတွေ၀င်ပြီး ဒေသခံတွေရဲ့ စိုက်ကွင်းထဲကစပါးတွေကို စပါးရိတ်စက်တွေနဲ့ ရိတ်နေတယ်လို့ ထွက်ပြေး လာရတဲ့ စစ်ရှောင်တွေက ပြောပါတယ်။ စစ်ရှောင်နေရတဲ့ဒေသခံတွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ရွာတွေမှာ ကျန်ခဲ့တဲ့ ဆန်စပါးတွေကို ပြန်ယူတဲ့အချိန် စစ်ကောင်စီတပ်တွေက ရွာတွေကိုမီးရှို့ပြီး ပြန်လာတဲ့သူတွေကို ဖမ်းဆီးနေတဲ့ အတွက်ကြောင့် ဒီရက်ပိုင်းအတွင်း စစ်ရှောင်တွေကို ရွာတွေမပြန်ဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တယောက်က “ဗန်းမောက်တို့၊ ကုန်းပေါတို့၊ ဒီဆောင်လန်ဘက်က စပါးခင်းတွေ အများကြီးရှိတယ်လေနော်။ အဲ့ဒါ ဖယ်ခုံဘက်ကတပ်တွေ စပါးရိတ်စက်နဲ့ဆင်းလာပြီးတော့ ပြည်သူတွေရဲ့ ဆန်စပါးတွေကို လာပြီးတော့ ရိတ်သိမ်း သွားတာ ပေါ့နော်၊ အဲ့လိုတွေတော့ မြင်ရတယ်ပေါ့နော်။ တချို့ရွာတွေ ပြန်ပြီး စားစရာလေးတွေ ပြန်ယူဖို့ရာအတွက် သူတို့လုပ်နေတဲ့ အခါမှာ ဖမ်းမိတာတွေ၊ သတ်တာတွေ မြင်နေရတာပေါ့နော်။ အဲ့လိုတွေမပြန်ဖို့၊ အဲ့လိုတွေမလုပ်ဖို့ သေသေချာချာ သတင်းတွေ ပေးတာပေါ့နော်”လို့ ပြောပါတယ်။“ပြောရရင် ရန်သူ့ဘက်ကသူ တို့ပစ်ခတ်နေရင်းနဲ့ ကြားကနေသူပဲ ထိသွားတာ အများကြီး မြင်ရတာပေါ့။ ဘာမှလုပ်ပေးလို့မရဘူးပေါ့နော် သေသွားတာ။ ဘာလို့လဲဆို အဲ့နေရာမှာက ကုသခံယူမှု ဆေး၀ါး၊ ဆေးခန်းမရှိတဲ့ အခါကျတော့ သွေးလွန်နေရင်းနဲ့ အသက်ထွက်သွားတာတို့ အချိန်မှီကုပေးတာ ဘယ်သူမှမကူညီနိုင်တဲ့အဆင့် ဖြစ်သွားတာတွေ ကြုံနေရတာပေါ့။ ဘာလို့လဲဆို ရဲဘော်တွေလည်း လာကူညီလို့မရဘူး၊ ဆေးရုံဆေးခန်း ကျမတို့လည်း ပြေးလို့မရဘူး။ စက်လှေ နဲ့သွားပြန်ရင်လည်း စက်လှေကိုဒ ရုန်းနဲ့လိုက်ပစ်ဆိုတော့ နောက်ဆုံးတော့ လူ့အသက်မြောက်မြားစွာပေါ့နော် အသက် ရှင်နိုင်တဲ့ အခွင့်အရေးရှိရင်တောင်မှ ဆုံးရှုံးတာတွေ အများကြီး ကျမတို့မှာကြုံခဲ့ရတာ” လို့ စစ်ဘေးရှောင်က ပြောပါတယ်။ လက်ရှိ တိုက်ပွဲ တွေကြောင့်အပါအဝင် စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာ နို၀င်ဘာ ၂ ရက်နေ့ကတည်း ရွာတွေထဲ ၀င်ရောက်မီးရှို့ နေတာကြောင့်  ပင်လောင်း-ဖယ်ခုံအစပ်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ Read in Full

၁၅။ ဒေါနတောင်ပေါ်လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန်နေ
 November 8, 2024
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက ရန်ကုတ်ကျေးရွာဘက်ကို စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒေါနတောင်ပေါ်လမ်းဟောင်းနားရှိ ရန်ကုတ်ကျေးရွာအုပ်စုထဲကို နိုဝင်ဘာ ၄ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်က တပ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့တာပါ။ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ တစ်ရက်လုံးနီးပါး ဖြစ်ပွားခဲ့ပြီး နို ဝင်ဘာ ၆ ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရဆဲဖြစ်ကာ တိုက်ပွဲအတွင်း ရန်ကုတ်၊ ကြောင်ရှာကုန်းစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာမှာ နေ ထိုင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါ တယ်။ ရန်ကုတ်ကျေးရွာဟာ ကော့ကရိတ်မြို့အနီး မြောက်ဘက်ခြမ်း ဒေါနတောင်ပေါ်လမ်းဟောင်းနားမှာ ရှိတာဖြစ်ပြီး နှစ်ဖက် တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ထဲ ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့လည်း ကော့ကရိတ်ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေထဲကို လက်နက် ကြီးနဲ့ လှမ်းပစ်ခတ် တာတွေ မကြာခဏလုပ်ဆောင်နေလျက်ရှိတဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေလည်းရှိ နေတယ် လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ ကော့ကရိတ်မြို့ နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ဟာ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ အာရှလမ်းမကြီး၊ ဒေါနတောင်ပေါ်လမ်းဟောင်းတို့နဲ့ ကော့ကရိတ်မြောက်ပိုင်းဂွင်၊ ကျုံဒိုးဒေသ အတွင်း မှာ အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကာ မြဝတီသင်္ဃန်းညီနောင်တို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ လအတန်အကြာ ကြိုးစားလုပ်ဆောင်လုပ်နေခဲ့တာပါ။ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ အာရှလမ်းမကြီးတွေမှာ ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းတွေထံ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လတွေအတွင်း စစ်သင်တန်းဆင်း တပ်သားသစ် တွေအပါအဝင် တပ်အင်အားတွေကို ပိုမိုတိုးချဲ့ပို့ဆောင်နေတာပါ။ Read in Full

၁၆။ လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီးပြီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း
 November 8, 2024
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့်အနီးတဝိုက်တွင် စစ်ကောင်စီကဆေးသမားများကို ဖမ်းဆီးပြီးမြို့အဝင်၊ အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှစပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။ အဆိုပါ တပ်သားသစ်များ သည် လွိုင်မြို့ အဝင်၊ အထွက်တွင် ဆေးသမားများက လက်နက်ကိုင်ဆောင်ကာ ဂိတ်စောင့်နေကြသည်။ “စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာက လူမရှိတော့ ဘူး။ ဆေးသုံးတဲ့သူတွေကို အကုန်လိုက်ဖမ်းတယ်။ တပ်သားလုပ်ခိုင်းတယ်။ အခုဆိုမြို့ အဝင်ထွက် ဂိတ်တွေမှာ အရင်က တွေ့ဖူး နေတဲ့ ဆေးသမားတွေက လက်နက်ကိုင်ပြီး ဂိတ်စောင့်နေတာ။” ဟု လွိုင်လင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ နောက် ဆက်တွဲအနေဖြင့် အဆိုပါ ဆေးသမားများက လက်နက်ကိုင်ပြီး ဂိတ်ကြေးများပိုမိုတောင်းခံလာမည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုး သားက ထပ်လောင်းပြောသည်။

စစ်ကောင်စီမှ ကျေးရွာအုပ်စုအလိုက် တပ်သားသစ်များ စုဆောင်းမှုလုပ်ဆောင်ခဲ့ပြီး ယခုတစ်သုတ်တွင် ကျေးရွာခေါင်း ဆောင်များက စုဆောင်းမပေးနိုင်ကြောင်း ပြောဆိုသောကြောင့် စစ်တပ်က ရသည့်နည်းဖြင့် တပ်သားခေါ်ယူနိုင်ကြောင်း သိရ သည်။“ကိုယ်တွေရွာမှာကကုန်ပြီလေ။ လူငယ်တွေလည်းမကျန်တော့ဘူး။ ဒါကြောင့်မို့ နောက်ထပ်လာခေါ်ရင် မပေးတော့ဘူး။ အရင်က ပါသွားတဲ့ ဒေသခံတွေကို ဟိုးအဝေး တနင်္သာရီဘက်ပို့တယ်။ မသိတဲ့ နေရာဆီကို ပို့တယ်။ သေသလားရှင် သလား တောင်မသိရဘူး။”ဟု ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးကပြောသည်။ ပြည်သူများအနေ ဖြင့်အသွားလာဂရုစိုက်ကြဖို့နှင့် အန္တရာယ် များ ကြိုရှောင်ထားရန်လိုအပ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက အသိ ပေးပြောဆိုထားသည်။ လက်ရှိလွိုင်လင်မြို့တွင် မူးယစ် ဆေးသုံးစွဲသူ ပိုမိုများပြားလာပြီး ခိုးဆိုးလုယက် မှုများလည်း မကြာခဏ ကြုံတွေ့လာရကြောင်း သိရသည်။ Read in Full

၁၇။ လောင်းလုံးမြို့နယ် အပေါ်ပိုင်းနှင့်အောက်ဘက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ
 November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ အောက်ကျောက်ဝပ်၊ ညောပြင်ရွာများနှင့် အပေါ်ဘက်ပိုင်းရှိ မောင်းမကန်၊ နဘူးလည်ရွာများဘက်သို့ ယခုနိုဝင်ဘာလပထမပတ်အတွင်း အင်အားဖြည့် စစ် ကြောင်းထိုးနေ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ လောင်းလုံးမြို့နယ်အောက်ပိုင်းရှိ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီ နှင့်ပျူစောထီးတပ်စခန်းကို အင်အား ၁၀၀ ကျော်ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်က နိုဝင်ဘာလ(၄)ရက်နေ့တွင် ကျောက်နီ မော်မှ ညောပြင်ရွာဘက်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆို သည်။ လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက “လောင်းလုံး ကျောက်နီမော်ရွာမှာ ရှိတဲ့စခန်းပေါ့။ အဲဒီကို အင်အားထပ်ဖြည့်ပြီး ညောပြင်ဘက်ကို စစ်ကြောင်းဆင်းတယ်လို့ ကြားတယ်။ ကျောက်နီ မော်နဲ့ညောပြင်ကကပ်နေတော့ စစ်ကြောင်းထိုးတယ်လို့ပြောရတာလည်းခက်တယ်” ဟု ထိုဒေသခံက ပြောသည်။

ထို့အပြင် ယမန်နေ့က ထားဝယ်မြို့မှဆင်းလာသော စစ်ကောင်စီတပ်များနှင့် လောင်း လုံးမြို့ပေါ်ရှိတပ်များ ပူးပေါင်း ထားသည့် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အပေါ်ဘက်ပိုင်းရှိ မောင်းမကန်နှင့်နဘူးလည်ရွာဘက်သို့ စစ်ကြောင်းထိုးနေသ ဖြင့် ဒေသခံများနီးစပ်ရာတွင် တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။“မောင်းမကန်ဘက်ကို ဆင်းသွားတာ အင်အား၂၀၀ လောက်ရှိတယ်။ တခါမှအဲ့ဒီလောက် အများကြီး မထိုးဖူးဘူး။ အခုလောလောဆယ် ပဒင်အင်းရွာဘုန်းကြီးကျောင်းမှာ ရှောင်နေ တဲ့ ပြည်သူတချို့ကို ဖမ်းထားတယ်လို့ကြားတယ်။ တချို့အိမ်တွေမှာမွှေနေတာလည်းရှိတယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ လောင်းလုံးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလ ဒုတိယအပတ်က စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ပြီးနောက် ပြည်သူလူထု သေဆုံးမှုနှင့် ဖမ်းဆီးခံရသူအများအပြား ရှိခဲ့သဖြင့် ယခုတစ်ကြိမ် တွင်လည်း အလားတူဖြစ်ပွားလာမည့်အရေး ဒေသခံများစိုးရိမ်မှုရှိနေကြောင်း သိရသည်။ Read in Full

၁၈။ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ အလုပ်သမားရှာမရတဲ့အထိ ဖြစ်လာ
 November 7, 2024
ပြည်ပရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ ကြောင့် ကဏ္ဍပေါင်းစုံ အလုပ်သမားရှာမရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ တပ်အင်အားပြုန်းတီးမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက်သွင်းခဲ့ တဲ့ စစ်မှုထမ်းဥပဒေ ၉ လနီးပါးအကြာ မွန်ပြည်နယ်ရဲ့ ကဏ္ဍပေါင်းစုံမှာ လုပ်သားရှားပါးတဲ့ ပြဿနာကို အကြီးအကျယ်ရင်ဆိုင် နေရပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာသွားတာ၊ စစ်မှုထမ်း ဆင့်ခေါ်ခံရတာ၊ အတင်းအဓမ္မ ဖမ်းဆီးခံရမှုတွေကြောင့် တိမ်း ရှောင်သွားတဲ့အတွက် လုပ်သားရှားပါးမှု ပြဿနာနဲ့ကြုံလာရတာပါ။ ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးက စစ်မှုထမ်းဥပဒေကြောင့် ဒီနှစ်ရော်ဘာရာသီအစမှာပဲ လုပ်သားဌားရမ်းလို့ မရတော့တဲ့ အတွက် ရော်ဘာခြံအများစု လုပ်ငန်းရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရပြီလို့ ပြောပါတယ်။“လုပ်သားပြဿနာက အရင်က ငှားလို့မရတာ တစ်ခါမှမရှိဘူး။ ဒီတစ်ခါတော့ ငှားလို့ကို မရတော့ဘူး။ အလုပ်သမားမရလို့ အစေးမခြစ်ရတဲ့ ခြံတွေလည်းရှိလာ ပြီ။ ကျွန်မတို့မှာဆိုရင် မနှစ်ကအ လုပ်သမား ၁၆ ယောက်ရှိတာ။ ဒီနှစ် ၉ ယောက်ပဲ ကျန်တော့တယ်။ ထပ်ခေါ်လို့လည်း မရဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာကျွမ်းကျင်လုပ်သားတွေကို အရင်နှစ်ကထက် အခကြေးငွေတိုးမြှင့်ပေးပြီး ခေါ်ဆောင်ပေမယ့် ဒေသ တွင်းက လုပ်သားတွေအပြင် တခြားဒေသတွေကလုပ်သားတွေပါ လာရောက် လုပ်ကိုင်တာ မရှိကြတော့ဘူးလို့ သူကဆက်ပြော ပါတယ်။ ဆားတောင်သူတစ်ဦးကလည်း စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတဲ့အတွက်လုပ်ငန်းလည်ပတ်လို့ မရတော့ တဲ့အတွက် ဆားထုတ်လုပ်ဖို့ပင် အခက်အခဲရှိတယ်လို့ ပြောပါတယ်။“အလုပ်သမားက ရှားပါးဆိုတော့ ဆားတောင်သူတွေ ဘယ်လိုမှလှည့်ပတ်လို့ မရဖြစ်နေတယ်။ ဆိုတော့ ဆားတောင်သူတွေက အလုပ်သမားတွေ အားကိုးတယ်။ အလုပ်လုပ်ရတာ အခုဆားဈေးနှုန်းကလည်း မတက်ဘူး။ ကျွန်တော်တို့ ဆားတောင်သူတွေအနေနဲ့ နည်းနည်းအခက်အခဲမဟုတ်ဘူး။ အများကြီးအခက်အခဲဖြစ်သွားတာပေါ့”လို့ဆိုပါတယ်။ အလုပ်သမားအရေး ကူညီ နေသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကြောင့် လက်ရှိမှာလည်း လူငယ်တွေအနေနဲ့ ကြောက်လန့်ပြီး ပြည်ပထွက်ဖို့ ကြိုးစားနေကြသလို တဖက်မှာလည်း ပြည်ပက ဖမ်းဆီးခံရပြီး ပြန်ရောက်လာတဲ့သူတွေကို စစ်မှုထမ်းခိုင်းနေတာကြောင့် လုပ်သားရှား ပါးရတာဖြစ်တယ်လို့ ပြောပါတယ်။“လူငယ်တွေကလည်း ရှင်းရှင်းပြောရင် ကြောက် လန့်ပြီးတော့ အပြင်ထွက်ဖို့လောက်ပဲ ပြည်ပထွက်ဖို့လောက်ပဲ ကြိုးစားနေ တယ်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံကို ထွက်လိုက်တယ်။ ထွက်ပြီး အလုပ်လုပ်တော့ ဟိုဘက်ကနေပြီးတော့ အဖမ်းအဆီးခံလို့ ပြန်ပြီးတော့မှ ဒီဘက်ကို ကော့သောင်းဘက်ကို ပြန်လွတ်ရင်တောင်မှပဲ။ ဒီဘက်ကနေ ဖမ်းပြီးတော့ စစ်ဥပဒေကိုထမ်းဖို့ ဆိုပြီးတော့ ခေါ်နေတာတွေ ရှိတယ်”လို့ ဆိုပါတယ်။ Read in Full

၁၉။ လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို
 November 7, 2024
ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုပိုမြင့်တက်လာတဲ့ အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက် ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည် မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရ တယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။ “လက်နက် ကိုင်တွေအားလုံး ဘယ်သူမဆို အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေနေထိုင်တာမျိုးတွေ မလုပ်ဘဲအများ ပြည်သူနဲ့ မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာနေတာမျိုးတွေက ပိုကောင်း မယ်။ စစ်ရေး လုံခြုံရေးကတော့ သူတို့ပိုသိတယ်လေ။ ဒါပေမဲ့ ပြည်သူနဲ့နီးကပ်စွာ နေထိုင်တာမျိုးတွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ် တစ်ဦးကပြောပါတယ်။ စစ်တပ်ရဲ့လေ ကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ ထင်ရှားကျော်ကြားတဲ့ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်၊ အောက်တို ဘာလ ၂၇ ရက်နေ့ သိန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ လားရှိုးမြို့ပြင် အီနိုင်း ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ လားရှိုးမြို့ထဲက တရုတ်မျိုးနွယ်စုတွေရဲ့ အထွဋ် အမြတ်ထားရာ ကွမ်ရင်စန်ဘုံကျောင်းတွေဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်တွေဘက်က ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဘာသာရေး ကျောင်းနဲ့အနီး တစ်ဝိုက်တော်လှန်ရေးတပ်ဖွဲ့ နေရာယူလှုပ်ရှားတာတွေရှိတာကြောင့် ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံတွေ ယူဆ နေကြပါတယ်။“ဖြစ်နိုင်ရင် လက်နက်ကိုင်တွေက ပြည်သူတွေနဲ့ ရောရောနှောနှော မနေတာက ပိုကောင်းမယ်။သူတို့ဘာသာ သူတို့သီးသန့် နေတာက ပိုကောင်းမယ်။ အခု ဘယ်နေရာကိုမဆိုလေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ၊ ဘာသာရေးအဆောက် အအုံတွေ ဗုံးကြဲခံနေရတာတွေကို ကြည့်ရင် လက်နက်ကိုင်တွေဘက်က အဲဒီအထဲမှာ ဝင်နေနေတာတွေ၊ အဲဒီအနီးအနားမှာ တပ်ချတာတွေလုပ်တာကြောင့် ဖြစ်တယ်။ အခု ကျမတို့ ကွတ်ခိုင်မှာတော့ TNLA တွေ မြို့ပြင်ဘက်မှာ နေကြတယ်။ ပြည်သူနဲ့ ရောရောနှောနှော နေနေတာမျိုးတွေတော့ သိပ်မတွေ့ရတော့ဘူး”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဘုရားကျောင်းက ကုန်းမြင့်ပေါ်တွေမှာဆောက်ထားတာတွေလည်းရှိတယ်လေ။ စစ်တပ်ကတော့အရင်ကတည်းက ကျနော်တို့ ဒေသဘက်မှာ စစ်ကြောင်းထိုး လာတိုင်း ဘုရားကျောင်းကုန်မြင့်တွေမှာသူတို့က ကတုတ်ကျင်းတွေတူးပြီး တပ်ချလိုက်တာတွေ၊ နေရာယူလိုက်တာတွေပြုလုပ်လျက်ရှိတော့ ကျနော်တို့ရွာသားတွေ အသင်းသားတွေက ကိုယ့်ဘုရားကျောင်း ဝင်းဖြစ်နေရင် တောင် မသွားရဲတော့ဘူး။ကြောက်စိတ်တွေများစွာဖြစ်ခဲ့တာတွေ အများကြီးကြုံခဲ့ရဖူးပြီ”လို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ် ရှားသူ လူငယ်ကဆက်ပြောပါတယ်။ Read in Full

၂၀။ စစ်တွေတွင် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုခွင့် ကန့်သတ်ခံနေရ
 November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ပတ်သက်၍ စစ်ကောင်စီက ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အောက်တိုဘာ လဆန်းပိုင်းမှစ၍ ဘုရားကျောင်းတက်ကာဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်းနှင့်အတူ ရဲစခန်းထောက်ခံစာ(သို့မဟုတ်) ရပ်ကွက်ထောက်ခံစာများ ပါရှိမှ ဝတ်ပြု ခွင့်ရကြသည်။“သူတို့မှာက ပုံမှန် တနင်္ဂနွေနေ့ဆိုရင် ဘုရားဝတ်ပြုကြတယ်။ အဲဒီမှာ အပတ်တိုင်းသွားပြီးတော့ တက်ရောက် မယ့် လူဦးရေစာရင်းနဲ့ တက်ရောက်မယ့် အချိန်ကို ရဲစခန်းသို့သွားပြီး သတင်းပေးရတယ်။ သူတို့ခွင့်ပြုမှ သွားခွင့်ရတယ်” ဟု ခရစ်ယာန်ဘာသာဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ခရစ်ယာန်အသင်းတော် ကျောင်းရှိ ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်ကို ရဲတပ်ဖွဲ့ဝင်များက ဖြိုချရန် လုပ်ဆောင်ခဲ့ပြီးနောက် ခရစ်ယာန်ဘာသာဝင်များက တောင်းဆိုခဲ့သဖြင့် ဖြိုချမှု မလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်တွင် ခရစ်ယာန်ဘာသာဝင် ၇,၀၀၀ ခန့်ရှိသည်။ စစ်ကောင်စီက လွတ်လပ်စွာ ကိုး ကွယ်ခွင့်ကို ကန့်သတ်မှု၊ ဘာသာရေးဖိနှိပ်မှုများအပေါ် ခရစ်ယာန်ဘာသာဝင်များက ကန့်ကွက်ရှုတ်ချကြသည်။ “စစ်ရေးကို အကြောင်းပြပြီး ဘာသာရေးဖိနှိပ်မှုတွေ လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေကို စော်ကားတာလို့ ပြောလို့ရတယ်” ဟု ရခိုင်ဒေသနေ ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အသိုင်း အဝိုင်းများကို ပစ်ခတ်ထားတိုက်ခိုက်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေကြရသည်။ မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာနေပြီး ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားစနေဆဲဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော် မရှင် (USCIRF) က ထုတ်ပြန်ထားသည်။ Read in Full

၂၁။ ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက်
 November 8, 2024
မြို့ခံများ၊ ခရီးသွားများ၏ ဝေဖန်ကန့်ကွက်မှုကို ရင်ဆိုင်ရပြီးနောက် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်များ က ဘားအံ-မြဝတီ လမ်းအသုံးပြုခကို  နိုဝင်ဘာ ပထမသီတင်းပတ်မှစတင်ပြီး လျှော့ချကောက်ခံနေသည်ဟု ခရီး သွားများထံက သိရသည်။ မိုင် ၈၀ ကျော်ရှည်လျားသည့် ထိုလမ်းတလျှောက် လမ်းပေါ်တွင် ဝါးလုံးတားပြီး ကားများထံမှငွေတောင်းသဖြင့် ‘ဝါးတားဂိတ်’ ဟု အမည်တွင်သည့်  စစ်ဆေးရေးဂိတ်များ ၅၀ ကျော်ရှိသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။ မော်တော်ယာဉ်တစ်စီးကို ကျပ်ထောင်ဂဏန်းမှ ကျပ်ရှစ်သောင်းအထိ ကောက်ခံကြရာ ထိုလမ်း အသွားအပြန်ခရီးအတွက် ယာဉ် တစ်စီးလျှင် သုံးသိန်းခွဲမှ လေးသိန်းအထိပေးခဲ့ရသည်။ ယခုအခါအသွားအပြန်ခရီးအတွက်ပေးရသည့် လမ်းကြေးခေါ်ဆက်ကြေး မှာ ကျပ်တစ်သိန်းအောက် ဖြစ်သွားသည်ဟုလည်း ယာဉ်မောင်းများက ဆိုသည်။ အများဆုံးတောင်းခံသည့်ဂိတ်သည် မြဝတီ နှင့်ကော့ကရိတ်အကြား ဒေါနတောင်အတက်တွင်ဖြစ်ပြီး စစ်ကောင်စီကိုဆန့်ကျင်သည့်  ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်  စစ်ကောင်စီကို ထောက်ခံသည့် ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်များအတူတကွ တပ်စွဲထားကြောင်း လမ်းအသုံးပြုသူအချို့ကဆိုသည်။ ယခင်က ရှစ်သောင်းပေးရသော်လည်း ယခု သုံးသောင်းအထိ စျေးချပေးခဲ့သည်ဟု ဆိုသည်။ 

ကရင်ပြည်နယ်မြို့တော်ဘားအံနှင့် ထိုင်းနယ်စပ်မြဝတီအကြား ကုန်သွယ်ရေးလမ်းကြောင်းကို လမ်းပိုင်းအလိုက် ထိန်း ချုပ်ထားသည့်  လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့ထက်မနည်းရှိသည်။ ၎င်းတို့အနက် BGF သည် စစ်ကောင်စီ၏ မဟာမိတ်ဖြစ်သည်။ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)PC တိုက်ပွဲမရှိဘဲ စစ်ကောင်စီဖိတ်ခေါ်သည့် နေပြည်တော်ဆွေးနွေးပွဲသို့ ရံဖန်ရံခါ သွားရောက်တတ်သည်။ KNU ၏ တပ်မဟာ(၇) မှ ခွဲထွက်သွားသူတချို့က ယင်းအဖွဲ့ကို ၂၀၀၇ တွင် ဖွဲ့ထားခြင်း ဖြစ်ပြီး  အာဏာ သိမ်းစစ်ကောင်စီနှင့်လည်း ဆက်ဆံရေးကောင်းရှိသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) တို့သည် စစ်ကောင်စီကို တိုက်ခိုက်နေကြသည့် တပ်ဖွဲ့များဖြစ်သည်။ မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဘားအံ သွား ရန် အာရှလမ်းသစ်၊ လမ်းဟောင်း၊ ထိုးကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း နှင့် ၁၀၁၈ လမ်း စသည့် လမ်းကြောင်းငါးခုရှိသည်။ ထိုလမ်းများထဲမှ BGF  ၁၀၁၈ လမ်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီက ထိုးကော်ကိုးလမ်း၊  အခြား လက်နက်ကိုင်အဖွဲ့အများ အပြား က  ကြက်ဥတောင်လမ်းကို ထိန်းချုပ်သည်ဟု ဒေသခံများကဆိုသည်။ လမ်းကြောင်းငါးခုအနက် အာရှလမ်းသစ်သာ ကတ္တရာ ခင်းထားသော လမ်းဖြစ်ပြီး တိုက်ပွဲများရှိနေသည်။ လက်နက်ကိုင်များတောင်းသည့် ငွေကြေးပမာဏ လျော့သွားသော် လည်း ခရီးသည်များအတွက် ဘားအံ-မြဝတီကားခမှာ ဈေးမကျသေးဟု ဒေသခံတို့ကဆိုသည်။ “ကြားထဲမှာ ပွဲစားတွေက ပြန်စိုးမိုး နေတယ်။ မြဝတီမှာလည်း ဒီတိုင်းပဲ။ သောင်ရင်းဆီဆိုင်ရှေ့မှာ ဆိုရင် ပွဲစားမတွေရှိတယ်။ ပြောလိုက်ရင် သူတို့က ဂိတ်နဲ့ အလုပ် လုပ်တယ်ဆိုတာပဲ။ သူတို့က ခရီးသည်ဆီက တစ်သိန်းခွဲယူတယ်။ ယူပြီးရင်သူတို့က ကားသမားကို တစ်သိန်းတစ် သောင်း ပေး တယ်။ သူတို့က လေးသောင်းစားတယ်” ဟု မြဝတီမြို့ဒေသခံ ယာဉ်မောင်းအမျိုးသားက ဆိုသည်။ Read in Full

 
၂၂။ အမ်းမြို့​​​​မှ ဌာနဆိုင်ရာအရာရှိများ စစ်ရဟတ်ယာဥ်ဖြင့် မကွေးမြို့သို့ တိမ်း​ရှောင်
 November 7, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး ခရိုင်နှင့်မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အရာရှိများသည် စစ်ရဟတ်ယာဥ်ဖြင့်ထွက်ပြေးတ်ိမ်းရှောင်သွား​ကြောင်း ​ဒေသခံများနှင့်တပ်တွင်းနီးစပ်သူတဦးထံကသိရသည်။ အမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအပါအဝင် အရာရှိ ၁၀ ဦးဝန်းကျင်သည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ရဟတ် ယာဉ်ကွင်းအတွင်း နိုဝင်ဘာလ ၄ ရက်က ဆင်းသက်သည့် ရဟတ်ယာဉ်နှစ်စီးဖြင့် လိုက်ပါသွားခြင်းဟု စစ်ကောင်စီဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက ​ပြောသည်။ ၎င်းက ” ထွေအုပ်​ရယ်၊ လဝကရယ် ရဲတပ်ဖွဲ့အရာရှိ​တွေကို အရင်တပတ်အထိတာဝန်အရ အမ်းမြို့မှာပဲ​နေရမယ် ​စစ်​ရှောင်ခွင့်လဲ မရဘူး။ ခွင့်တင်လဲမရဘူး။ ဒါ​ပေမယ့် ​ထွေအုပ်​​အုပ်ချုပ်​ရေးမှူးတွေက  စစ်ရဟတ်ယာဥ်နဲ့​ မ​ကွေးဘက်​ရှောင်သွားတယ်။ပြီး​တော့ သူတို့က ကျန်ခဲ့တဲ့ဌာနဆိုင်​တွေကိုအသိမ​ပေးဘဲထွက်သွားတဲ့ပုံစံ”ဟု ပြောသည်။ အမ်းခရိုင်အုပ်ချုပ်ရေးမှူးနှင့်အ​နောက်ပိုင်း တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးသည် မိတ်​ဆွေအရင်းချာများဖြစ်​သော​ကြောင့်ရဟတ်ယာဥ်ဖြင့်​ခေါ်​​ဆောင်သွားခြင်းဖြစ်​နိုင်ပြီး ယခု မကွေးမြို့သို့ထွက်ခွာသွားမှုသည်ဌာနတာဝန်ဖြင့်မဟုတ်ကြောင်း ဌာနဆိုင်ရာများနှင့်နီးစပ်သူတဦးကဆိုသည်။

ရဟတ်ယာဥ်ဖြင့်​ခေါ်​ဆောင်စဉ် အာရက္ခတပ်​တော်(AA)ဘက်မှ ပစ်ခတ်မည်ကိုစိုးရိမ်သောကြောင့် ​နပခအနီးတဝိုက် တွင် လေကြောင်းမှ လမ်း​ကြောင်းရှင်းပစ်ကူ​ပေးခြင်းများ ပြုလုပ်ခဲ့​ကြောင်းသိရသည်။ ထွက်ပြေးတိမ်းရှောင်သွားသော အရာရှိ များသည် မ​ကွေးမြို့တွင်​ ရောက်ရှိနေကြောင်း  မ​ကွေးသို့ စစ်​ရှောင်နေသည့်ဒေသခံအချို့ကမြင်တွေ့လိုက်သည်ဟု အမ်းမြို့ခံ အချို့ကပြောသည်။ တိုက်ပွဲပြင်းထန်​နေသည့် အမ်းမြို့တွင် တရား​ရေး၊ စားသုံးသူ​ရေးရာ၊အခွန်ဦးစီးဌာန၊ စာရင်းစစ်နှင့် ပညာရေး ဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် စစ်ကောင်စီက မြို့မှ ထွက်ခွာခွင့်ပြုခဲ့သည်။ လူဝင်မှု ကြီးကြပ်​ရေး(လဝက)၊ ပညာ​ရေးဌာနမှ အရာရှိအချို့နှင့် မြို့နယ်တရားသူကြီး၊ တရားရေးဝန်ထမ်းအချို့ကို ထုတ်ခွာခွင့်မပြုခဲ့ ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။ “​ထွေအုပ်စာ​ရေးက​​တော့ရုံးမှာ တံခါးပိတ်အလုပ်လုပ်​နေကြတယ်။ ​​ထွေအုပ် က ထွက်ခွင့်မပြုတဲ့ဌာနဆိုင်ရာက ဘယ်သူမှမ​ပြေးရဘူး။ CDM ဖြစ်မယ်​၊ ထောင်ချမယ်​ပြောပြီးသူကျထွက်​ပြေးသွားတယ်။ ပြည်သူ​တွေကိုလည်း ​ဘေးလွတ်ရာ​ပြေးဖို့မ​ပြောတဲ့အပြင် ခရီးသွားလာခွင့်ကိုလည်းပိတ်ထားတာ​​လေ။ အမ်းကသူ​တွေ​ဒေါသ ထွက်​နေကြတယ်”ဟု ဒေသခံတဦးက​ပြောသည်။ Read in Full

၂၃။ ကရင်နီပြည်နယ်၌ သုံးလအတွင်း ရဲတပ်သားသစ် ၁၀၀ကျော် ခန့်အပ်
 November 11, 2024
ကရင်နီပြည်နယ်၌ သုံးလအတွင်း ရဲတပ်သားသစ် ၁၀၀ကျော်အား ခန့်အပ်နိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ် ချုပ်ရေးကောင်စီ (IEC)က အသိပေး ထုတ်ပြန်သည်။ ဇူလိုင်မှ စက်တင်ဘာအထိ သုံးလပတ်အတွင်း IEC ဌာနများ ၏ လုပ်ငန်းဆောင်ရွက်ချက်များအရ ရဲတပ်သားသစ် များမွေးထုတ်ခြင်းအပါအဝင် ရဲစခန်းနှင့် ရဲကင်း သုံးခုအား တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း ကရင်နီပြည်ရဲဌာခွဲမှ အမှုပေါင်း ၄၁ မှုအား ကိုင်တွယ်ခဲ့ပြီး ထိုအမှုများတွင် စစ်ကောင်စီ နှင့်ပတ်သက်သော အမှု (၂) မှု၊ လူ သတ်မှု (၁)မှု၊ ခိုးမှု​(၃)မှု၊ မူးယစ်ဆေးဝါးမှု (၂၅) မှု၊ အခြားမှု (၁၀)မှုအဖြစ် ခွဲခြားသတ်မှတ်နိုင် ပြီး၊ တရားရုံးများတွင် စစ်ဆေးဆဲ​ အမှု (၂၁)မှုနှင့် စိစစ်ဆဲအမှု (၂၀)မှု ရှိကြောင်း ဖော်ပြသည်။ ထို့အပြင် ပြည်ထဲရေးဌာန အောက် ရှိ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲမှ​ မြို့နယ်အဆင့် ပူးပေါင်း အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ်ပေါင်း (၅) မြို့နယ်တွင် ထပ်မံဖွဲ့စည်းနိုင် ခဲ့ကြောင်း IEC က ပြောသည်။

ပြည်သူ့လုံခြုံရေးနှင့် တရားဥပ​ဒေစိုးမိုးရေးကဏ္ဍအတွက် ကရင်နီပြည်ရဲဌာနခွဲ (KSP)ကိုဖွဲ့စည်းထား​ပြီး ကရင်နီပြည် နယ်၌ ရဲစခန်းနှင့် ရဲကင်း ၃၀ ကျော်ကို ရဲတပ်သား ၇၀၀ခန့်ဖြင့် ဖွင့်လှစ်ထားကာ ၂၀၂၄တွင် ရဲဝန်ထမ်း ၁,၀၀၀ ပြည့်မီရန် IEC က လျာထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေး အားကောင်းသော ဒေသတစ်ခုဖြစ်သည့် ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူ ၂၈၂,၆၁၅ အထိရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်ကဆိုသည်။ စစ်ကောင်စီ၏ ထိုးစစ်အပါ အဝင် စားနပ်ရိက္ခာ ဖြတ်တောက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် နိုင်ငံ တကာ၏ အကူအညီနှင့် အရေးပေါ် စားနပ်ရိက္ခာ အပါအဝင်အခြေခံ ကျန်းမာရေးစောင့်ရှောင်မှုများသည်လိုအပ်ချက်များစွာရှိနေကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့များနှင့် IEC က တောင်းဆိုထားသည်။ Read in Full

၂၄။ သရက်ချောင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာ
 November 8, 2024
သရက်ချောင်းမြို့နယ် သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြား ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ ထန်းရည်ခါးဆိုင်က အမျိုးသမီးတစ်ဦး နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သည့် ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ သရက်ချောင်းမြို့ဘက်ကမှ ထားဝယ်မြို့ဘက်သို့ မြေသယ်ကားနှစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြား၌ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါကားနှစ်စီးကို ပြင်းအားမြင့် မိုင်းလေးလုံးဖြင့် ဒေါင်းညီနောင်စစ်ကြောင်း၏ ဒေါင်းညီနောင်တပ်ခွဲ(၁) က မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက နိုဝင်ဘာလ ၇ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးကမူ စစ်ကောင်စီတပ်ကား အရှေ့သို့ အနည်းငယ်ရောက်ရှိပြီးမှ မိုင်းပေါက်ကွဲသ ဖြင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုမရှိဟုကြားသိရကြောင်းပြောဆိုသည်။“မိုင်းဆွဲတာက သုံးလုံး၊ ကားက ထန်း ရည်ခါးဆိုင်ရှေ့ မှာ ထိုးရပ်ပြီးမှ မိုင်းက ပေါက်တာလို့ပြောတယ်။ အဲဒီမှာ စစ်သားတွေ က ထန်းရည်ခါးဆိုင်တဲထဲရော အနီးပတ်ဝန်းကျင်ကိုပါ သေနတ်နဲ့ ရမ်းသမ်းပစ်တာမှာ အဲ့ဒီမိန်းမကြီးကို ထိသွားတယ်။ သူကလည်း ရုတ်တရက်ကားထိုးရပ်လာတော့ ကြောင်ပြီး ရပ်နေ တယ်လို့ပြောတယ်။ ပေါင်မှာရော ခြေထောက်မှာရောထိတယ်”ဟု ၎င်းကပြော သည်။ ဒဏ်ရာရခဲ့သည့် အမျိုးသမီးကို သင်းကျွန်း ရွာက ဘုန်းကြီးကားဖြင့် ထားဝယ်မြို့ပေါ်ရှိ ဆေးရုံကို တင်ပို့ထားကြောင်း ၎င်းက ဆိုသည်။ သရက်နှစ်ခွနှင့် သင်းကျွန်းရွာ ကြား တွင် စစ်ကောင်စီတပ်ကားကို တော်လှန်ရေးတပ်ဖွဲ့က မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ ရှိပြီး ယင်းသို့တိုက်ခိုက်ခံရသည့် ဖြစ်စဉ် တိုင်းတွင် စစ်ကောင်စီတပ်ဘက်က အနီးဝန်းကျင်ကို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ Read in Full

၂၅။ လားရှိုးက လုပ်ငန်းရှင်တချို့ကို MNDAA ခေါ်ယူစစ်ဆေး
 November 8, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စီးပွားရေးလုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်မတော် (MNDAA) က ခေါ်ယူစစ် ဆေးနေတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောပါတယ်။ လုပ်ငန်းရှင် သုံးဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရ တာဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခေါ်ယူစစ်ဆေးနေတာ တစ်ပတ်ခန့်ကြာမြင့်နေပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။“ကျွန်တော့်မိတ်ဆွေဆိုရင် အခုလဆန်းပိုင်းက ခေါ်သွားတာ တစ်ပတ်လောက်ရှိပြီ။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ဖုန်းတွေကို စစ်နေတယ် အပြစ်မရှိရင် လွှတ်ပေးမယ်ဆို တာပဲ သိရတယ်။ သူက အလုပ်များတဲ့ သူဆိုတော့ ဖုန်းလိုင်းရတဲ့နေရာမှာ ခဏခဏဖုန်း ပြောရတာရှိတယ် ဒါကို သံသယဖြစ် တာလား မသိပါဘူးဗျာ” ခေါ်ယူစစ်ဆေးခံနေရတဲ့ လုပ်ငန်းရှင်တွေနဲ့ အမည်နဲ့ အချက်အလက် အသေးစိတ်ကိုတော့ သူက ထုတ် ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့ ကစပြီး မြို့အတွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို MNDAA က ဖြတ်တောက်ထားပါတယ်။ မိသားစုကိစ္စ၊ အလုပ် ကိစ္စအတွက် ပြောဆိုဆက်သွယ်လိုတဲ့ မြို့ခံတွေအနေနဲ့ မြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ရွာတွေအထိ သွားရောက် ဖုန်းပြောကြရတာပါ။ ဒီလို ဖုန်း ပြောတဲ့ သူတွေထဲက စစ်ကောင်စီသတင်းပေးလို့ မသင်္ကာတဲ့သူတွေကိုလည်း MNDAA က ခေါ်ယူစစ်ဆေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ဩဂုတ်လ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း စစ်ကောင်စီ တပ်က လေကြောင်းကနေ အကြိမ်လေးဆယ်ကျော် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ခြောက်ဆယ် ကျော် ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းပေးသူလို့ ယူဆရသူ လူနှစ်ဆယ်ကျော် ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း MNDAA က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Read in Full

၂၆။ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားသည့် ပန်ဝါမြို့တွင် အုပ်ချုပ်ရေးယန္တရား စတင်
 November 7, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ပန်ဝါမြို့မှာ အုပ်ချုပ်ရေး ယန္တရား စတင်နေပြီလို့ KIA အသိုက်အဝန်းဆီက သိရပါတယ်။“ပန်ဝါမှာ အုပ်ချုပ်ရေး ယန္တရား စတင်နေပြီ။ လက် တွေ့ လုပ်ငန်းခွင်ဝင်နေပြီ”လို့ KIA အသိုက်အဝန်းမှ အမျိုးသားတယောက်က ပြောပါတယ်။  အခုလောလောဆယ် ပန်ဝါပဲ အရင် အုပ်ချုပ်ရေး ယန္တရား စတင်နေတာဖြစ်ပြီး တခြား သိမ်းပိုက်ထားတဲ့ နေရာတွေမှာလည်း အုပ်ချုပ်ရေး ယန္တရား စတင်ဖို့ ပြင်ဆင် နေပြီဖြစ်ကာ ပန်ဝါကလောက်တော့ မလှုပ်နိုင်သေးပေမယ့် အဆင် သင့်တော့ ဖြစ်နေပြီလို့ သူက ပြောပါတယ်။“ကျနော်တို့ ဗဟဌာနချုပ်ဘက်က ရဲတွေ ပန်ဝါဘက် ရောက်နေပြီ။ လုပ်ငန်းခွင် ဝင်ကြတော့မယ်။ ဌာနတော်တော်များများက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ သွားလိုက်ကြပြီ” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်ခန့်ကတည်းက စစ်ရှောင်တွေကို ပြန်လည်ခေါ်ယူနေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်တွေ အကုန် ပြန်လာနေကြပြီလို့ ဆိုပါတယ်။ ကချင်ပြည်နယ်အထူးဒေသ ၁ က စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ BGF (နယ်ခြား စောင့်တပ်) ပူးပေါင်း တပ်ဖွဲ့အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင် မှာ KIA နဲ့ KPDF ပူးပေါင်းတပ် ဖွဲ့က အလုံးစုံ သိမ်းပိုက်ခဲ့သလို ပန်ဝါမြို့အနီးက လုပ်ရွာအခြေစိုက် အမှတ် ၁ဝဝ၂ နယ်ခြား စောင့်တပ် (BGF) ဌာနချုပ်ကိုလည်း အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ လောက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။ Read in Full

၂၇။ ကရင်ပြည်နယ်နေ့ ပွဲကို ဘားအံတွင်  လုံခြုံရေးတင်းကျပ် ကျင်းပ
 November 7, 2024
၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ကရင်ပြည်နယ် မြို့တော် ဘားအံမှာ  လုံခြုံရေးပိုတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ်နဲ့ စစ်ကောင်စီကကျင်းပနေတယ်လို့ ဘားအံမြို့ခံတွေကပြောပါတယ်။ ဘားအံမြို့၊ သိရီကွင်းမှာ စစ်ကောင်စီ က ပြုလုပ်နေတဲ့ ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်ပွဲတော်ကို စစ်ကောင်စီတပ်၊ BGF၊ ရဲတပ်ဖွဲ့ဝင်တွေ အင်အား အများအပြား လုံခြုံရေးရယူထားတဲ့အပြင်၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ် စစ်ဆေး နေပါတယ်။ နိုဝင်ဘာ ၇ ရက် ဒီနေ့ ပြုလုပ်တဲ့ ကရင်ပြည်နယ်နေ့အခမ်းအနားနဲ့ အထိမ်းအမှတ်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် အဆင့် ဖိတ်ကြား ထားသူတွေ၊ စစ်တိုင်းမှူး၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေ၊ ဌာနဆိုင်ရာဝန် ထမ်းတွေ လောက်ပဲ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်တာ မရှိခဲ့ပါဘူး။ မြို့ဝင်မြို့ထွက်နဲ့နေရာအားလုံးလိုလိုမှာ လုံခြုံရေးပိုတိုးပြီး စစ်ဆေးနေတယ်လို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ မြို့မိ မြို့ဖတယောက်က ပြောပါတယ်။“အရင်ကဆိုရင် ဖွင့်ပွဲဆိုရင် အကုန်လုံးလာကြတယ်။ အပြင်လူတွေကော၊ အတွင်းလူတွေ ကော အကုန်လုံးလာတယ်။ အခုကတော့ အခမ်းအနားကို ဖိတ်ကြားထားတဲ့ အုပ်စုတွေလောက်ပဲ။ ပြည်သူတွေက အရမ်းမတက် ရဲဘူး။ လုံခြုံရေးကတော့ ပိုတိုးတယ်။ အထွက်အဝင်တွေတော့ တအားစစ်တယ်။ BGF နဲ့ပူးပေါင်းစစ်တယ်။” ကရင် ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို နိုဝင်ဘာ ၇  ရက်က စတင်ပြီး ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပွဲတော်အတွင်း ကရင်ဒုံးအကပြိုင်ပွဲနဲ့ စစ်ကောင်စီဌာနဆိုင်ရာပြခန်းတွေ ပြသထားပေမဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပြခန်းတွေ မပါဝင်ခဲ့ပါဘူး။

ကရင်ပြည်နယ်နေ့ ပြခန်းတွေကို အရပ်သားအစိုးရလက်ထက်က ဌာနဆိုင်ရာအပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ပူးပေါင်းလုပ်ဆောင်မှုတွေ အားကောင်းခဲ့ပြီး အခု ပူးပေါင်းပါဝင်ဖို့က မပါဝင်ရဲဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ကရင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တယောက်က “အရင်တုန်းကတော့ ပြခန်းတွေဆိုရင် ဒေသက လုပ်ငန်းရှင် တွေနဲ့ချိတ်ဆက်မှုအားကောင်းတယ်လေ။ အခုချိတ်ဆက်မှုလုပ်တာကိုမတွေ့ရဘူး။ ဌာနဆိုင်ရာတွေကပဲ သူကိုယ်တိုင်ဦးဆောင် ပြီးလုပ်ကြတာမျိုးတွေ မြင်တယ်။ ကျမတို့ကတော့ ဒေသမှာနေတဲ့အခါကျတော့ သူတို့ဆီက လိုအပ်လို့ခေါ်ရင်သွားရတာမျိုးရှိ တာပေါ့။ အရင်တုန်းကလိုမျိုးစည်စည်ကားကားနဲ့ တက်တက်ကြွကြွနဲ့ပါဝင်ပူးပေါင်းဖို့ကတော့ မရဲဘူး”လို့ ပြောပါတယ်။ စစ်အာ ဏာ သိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်ပြည်နယ်အတွင်း နှစ်ဖက် တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြေပြင်နဲ့ဝေဟင်က တိုက် ခိုက်တာ၊ ကျေးရွာတွေအတွင်းဝင်ရောက် ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ဒေသခံ ပြည်သူ ၁၀ သိန်း ကျော်ဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ကရင်အမျိုးသမီး အစည်းအရုံး (KWO) တာဝန် ရှိသူက ပြောပါတယ်။ Read in Full

၂၈။ ရာသီဥတု မမှန်တာကြောင့် ဒီးမော့ဆိုက တောင်ယာစပါးစိုက်တောင်သူတွေ အရှုံးပေါ်
 November 8, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာသုံးရွာက တောင်ယာစပါး စိုက်ပျိုးထားတဲ့ တောင်သူ တွေဟာ ဒီနှစ် စိုက်ပျိုးရာသီမှာတော့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွေ့ပြောင်းတောင်ယာစနစ် ကျင့် သုံးတဲ့ အတွက် အသစ်ခုတ်ထွင်စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ အထွက်နှုန်းကောင်းပေမယ့် ကျန် တောင် ယာစပါးခင်း တွေမှာတော့ အထွက်နှုန်း မမှန်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ် ရာသီဥတု မမှန်တာကြောင့်လည်း အရှုံးပေါ်တာ ဖြစ်တယ် လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။“ တောင်ယာစပါး တော်တော်များများက မိုးမကောင်းတာ (မိုးရွာသွန်းချိန်မမှန်) နဲ့ပဲ မရဘူးပေါ့နော်။ ဒီနှစ်အတွက် မဖူလုံဘူးပေါ့” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဆန်တစ်အိတ်ကို (၁) သိန်းဝန်းကျင်အထိ ပေးဝယ်ရပါတယ်။ ဝမ်းစာအတွက် စိုက်ပျိုးထားတဲ့ တောင်ယာစပါးတွေ အခုလို အရှုံး ပေါ်နေတာကြောင့် ရေရှည် ဆန်ဝယ်စားရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော အများကြီးရှိတာပေါ့နော်။ ဥပမာ – ဆေးရုံတက်ရမယ်ဆို ဆေးရုံပဲ တက်ရမလား ဆန်ပဲ ဝယ် စားရမလား အဲ့လိုမျိုးပေါ့။ တခြားသော အရေးတွေကို ဦးစားမပေးနိုင်တော့ဘူး”လို့ သူမက ဆက်ပြောပါတယ်။ အဆိုပါ ကျေးရွာ ၃ ရွာဟာ ဒေါတမကြီးအုပ်စုအတွင်းက ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းက သူတို့နေထိုင်ရာ ကျေးရွာဖက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တောင်ယာစပါးကို စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ယခုနှစ်မှ သာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ကျေးရွာခံတွေဟာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် တောင်ယာစပါးကို အဓိက စိုက် ပျိုးကြပြီး မြေပဲ၊ နှမ်းတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ အဆိုပါ ကျေးရွာ (၃)ရွာမှာ အိမ်ခြေ (၂၀၀) ဝန်းကျင်ရှိပြီး တောင်ယာ စပါး ကို အိမ်တိုင်းနီးပါး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ Read in Full

၂၉။ ကျိုင်းတောင်းမြို့တွင်း တပ်သားသစ် စုဆောင်းသည့်သတင်း RCSS ငြင်းဆို
 November 7, 2024
သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS/ SSA) သည် တပ်သားသစ် စုဆောင်းနေသည့်ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုလိုက်ကြောင်း စုံစမ်း သိရသည်။ လက်ရှိ ကျိုင်းတောင်း မြို့တွင် တပ်သားသစ် အပြင်းအထန်လိုက်လံဖမ်းဆီး၊ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုတွေ မပြုလုပ်ကြောင်းနှင့် တရား ဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်ကို လုပ်ဆောင်မှုမရှိကြောင်း ဒု-ဗိုလ်မှုကြီး အုမ်ခေးက ပြောသည်။“အဲလိုတော့ မကြာဘူး။ ဟုတ်လည်းမဟုတ်ဘူး။ တရားဥပဒေမဲ့တဲ့ လုပ်ရပ်တွေကို RCSS/SSA မပြု လုပ်ဘူး။ ဒီလို မဟုတ်တဲ့ သတင်းတွေကိုတော့ သဘောထားအမြင်မရှိဘူး”ဟု ဒု-ဗိုလ်မှုကြီး အုမ်ခေးက ပြောသည်။ သို့သော်ပြီးခဲ့သည့် (နိုဝင်ဘာလ ၄ ရက်)မှ စပြီး ယနေ့ အထိ စစ်မှုထမ်းရန် တပ်သားသစ်တွေ အပြင်းအထန်လိုက်လံဖမ်းဆီးပြီး သျှမ်းတိုင်းရင်းသာတင်သာမက အခြားသောတိုင်းရင်းသား လားဟူ၊ လီဆူး၊ ကယား လူမျိုးတွေကို ထပ်မံလိုက်လံဖမ်းဆီးနေခြင်း အပြုလုပ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူထဲမှ အသက် (၁၄)နှစ် အသက်မပြည့်သေးသည့် ကလေးလူငယ်များလည်းပါဝင်ပြီး ခြံမှ ပြန်လာသည့် ဒေသခံကိုလည်း မိသားစု အလိုက်ဖမ်းဆီးခံရသူ ရှိနေသည်ဟု ထို့အမျိုးသားက ဆက်ပြောသည်။“ဒီလ ၄ ရက်နေ့ည ကတည်း က အိမ်တွေထဲဝင် ဖမ်းနေကြတယ်။ သျှမ်းတိုင်းရင်းသားတွေက ထွက်ပြေးကုန်ကြတော့ အခြားသော တိုင်းရင်းသားတွေကို ဖမ်းနေတယ်။ ဖမ်းသွားတဲ့သူတွေကဆို ၁၄ နှစ်အရွယ်တွေ ပြီးတော့ ၁၅ နှစ်တစ်ယောက်ဆို ဗိုက်ခွဲထားတာမကြာသေးဘူး။ ခြံက ပြန်လာတဲ့ မိသားစု သားအဖတွေလည်း အစုလိုက်ဖမ်းထားတယ်”ဟု ၎င်းက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် (အောက်တိုဘာလ ဒုတိယအပတ်)တွင် စတင်ပြီး ကျိုင်းတောင်းအထွက်ဂိတ် မိုးနဲ့၊ ခိုလမ်၊ မိုင်းပန်လမ်း ၎င်းဂိတ် တစ်ကြောတွင် ပိတ်ပင်ထားပြီး RCSS/SSA ထောက်ခံချက်မှသာ ခြံ ၊ ဆေးရုံ သွားခွင့်ပြုကြောင်း စစ်ဆေးခံရသူတစ်ဦးက ပြောသည်။“(အောက်တိုဘာလ ) ဒုတိယအပတ်က စပြီး ကျိုင်းတောင်းအထွက်ဂိတ် မိုးနဲ့၊ ခိုလမ်၊မိုင်းပန်ဘက်က ဂိတ်တွေပိတ်ထားတယ်။ ဆေးရုံတောင် သူတို့ ထောက်ခံချက်ပါမှသွားရတယ် အဲကတည်းက တင်းကြပ်လာတယ်” ဟု ၎င်းက ပြောသည်။ Read in Full

၃၀။ စစ်ကောင်စီကို ဝေဖန်မှုကြောင့် သုံးလအတွင်း ပြည်သူ ၁၄၀ ကျော် အဖမ်းခံရ
 Novmeber 7, 2024
အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုတွေကြောင့် သုံးလအတွင်း ပြည်သူ ၁၄၃ ဦး ဖမ်း ဆီးခံခဲ့ရတယ်လို့ Myanmar Internet Project ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာလအတွင်း နိုင်ငံတဝန်း ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး Myanmar Internet Project က နိုဝင်ဘာ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာအရ သုံးလအတွင်း အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုအခြေအနေတွေအပါအဝင် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှု အခြေအနေ တွေလည်း ပါဝင်ပါတယ်။ အွန်လိုင်းပေါ်မှာ စစ်ကောင်စီကို ဝေဖန်တာတွေအပါအဝင် သတင်းဌာနစာမျက်နှာတွေ မှာ မှတ်ချက်ပေးတာတွေကြောင့် ဩဂုတ်လမှာ ၅၇ ဦး၊ စက်တင်ဘာမှာ ၅၈ ဦးနဲ့ အောက်တိုဘာမှာ ၂၈ ဦး ဖမ်း ဆီးခံခဲ့ရတာပါ။ လူမှုကွန်ရက်တွေထဲမှာ Facebook အပြင် လူသုံးများလာတဲ့ TikTok တို့မှာ ပြောဆိုရေးသားမှုတွေကို စစ်ကောင်စီက စောင့် ကြည့်ပြီး အရေးယူတာတွေ အဆက်မပြတ်လုပ်လာတာလို့ Myanmar Internet Project က ဆိုပါတယ်။

တစ်ဘက်မှာ စစ်ရေးပြင်းထန်တဲ့နေရာတွေမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အဲဒီဒေသ အတွင်း အရပ်သားတွေ ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖော်ဆောင်တာတွေလည်း ရှိနေတာပါ။ စစ်ရေးအရအရေး နိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ လူထုဆီစီးဆင်းမှု အဟန့်အတားဖြစ်စေဖို့ သူတို့ရဲ့ ဒေသတွင်း ကျူးလွန်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ဒီဂျစ်တယ်ဖိနှိပ်မှုတွေ လုပ်တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းစကားတွေကို တတ်နိုင်သလောက် အဟန့်အတားဖြစ်စေဖို့နဲ့ အင်တာနက်ပေါ်ကနေ သူတို့ကို ဆန့်ကျင်လှုံ့ဆော်မှုတွေ မပြုလုပ်စေနိုင်ဖို့စတဲ့ ရည်ရွယ် ချက်တွေနဲ့ အွန်လိုင်းစောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်နေ တာလို့ Myanmar Internet Project က ထုတ်ပြန်ထားပါတယ်။ Read in Full

၃၁။ ရခိုင်ပြည်နယ်မှာ ဆင်းရဲငတ်မွတ်မှု ပိုဆိုးလာနိုင်ကြောင်း UNDP ထုတ်ပြန်
 November 7, 2024
တိုက်ပွဲတွေပြင်းထန်တာနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် လာမယ့် ၂၀၂၅ ခုနှစ်လယ်မှာ ရခိုင်ပြည် နယ်က လူဦးရေနှစ်သန်းကျော် အငတ်ဘေး ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ၇ ရက် နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ဝန်းမှာ UNDP က ကောက်ယူ ထားတဲ့ အချက်အလက်တွေအရ ပြည်နယ်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်တာ၊ ဝင်ငွေမရှိတာ၊ ငွေကြေး ဖောင်းပွမှု၊ ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုဖူလုံရေးကွန်ရက်တွေ မရှိ တာကြောင့် မူလကတည်းက ဆင်းရဲဒုက္ခ ခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေဟာ လာမယ့်လတွေအတွင်း ပိုပြီးဆိုးရွားတဲ့ အခြေ အနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေတဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ UNDP က ထောက်ပြပါတယ်။

ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကနေ ဧပြီလအတွင်း ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှုဟာ ပြည်နယ် ရိက္ခာလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ စားနပ် ရိက္ခာဖူလုံ စေဖို့အတွက် ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ဆန်တန်ချိန် သုံးသိန်းခွန်နစ်သောင်းကျော် (၃၇၂,၀၀၀) လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရဖို့၊ လက်ရှိကန့်သတ်ချက်တွေအား လုံး ရုတ်သိမ်းပြီး ရခိုင်ပြည်နယ် အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်စီးဆင်းရေး ကောင်းမွန်ဖို့၊ အကူအညီပေးရေးလုပ်သားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အာမခံဖို့လည်း UNDP က တောင်းဆိုထားပါတယ်။ Read in Full

၃၂။ မောက်မယ်မှာ မိုးကြီးရေလျှံပြီး လမ်းနဲ့ တံတားတချို့ ထပ်မံပျက်စီး
 November 8, 2024
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က မိုးသည်းထန်ပြီး အနိမ့်ပိုင်းရပ် ကွက်တွေ ရေဝင်တာကြောင့် ဒေသခံတချို့ ရေလွတ်ရာ ပြောင်းရွှေ့နေကြရသလို အရင်ရေဘေးကြုံရတုန်းက ပြင်ဆင်ထားတဲ့ လမ်းနဲ့ တံတားတချို့လည်း ထပ်မံပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတားကျိုးတာနဲ့ လမ်းပျက်တာတွေ ကြောင့် မောက်မယ်-မိုးနဲ လမ်းနဲ့ လွိုင်လင်-မိုင်းပွန် လမ်းတွေလည်း ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။ မောက်မယ်မြို့ပေါ်မှာ တော့ ရပ်ကွက်ချင်းဆက်ထားတဲ့ ဆီဆုံ(သစ်သား) တံတားပျက်စီးသွားပြီး ဈေးတန်း၊ ကွန်ကျိုင်း၊ မွေတော်နဲ့ တောင်မြို့ ရပ်ကွက် တွေထဲ ရေဝင်နေတာကြောင့် ရေလွတ်ရာပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“အခုပြောင်းရွှေ့လိုက်ရ တာကတော့ နိုဝင်ဘာလ ၆ ရက်နေ့ညက တစ်ညလုံးနဲ့ ၇ ရက်နေ့ တစ်မနက်လုံး ရွာလိုက်တဲ့မိုးကြောင့် ရပ်ကွက်တွေထဲ ရေတွေ လိမ့်ဝင်လာလို့ ဘေးလွတ်နိုင်တဲ့ နီးစပ်တဲ့ အမြင့်ပိုင်းလောက်ပဲ ပြောင်းရွှေ့နေလိုက်ကြတာပါ။ အခုမှ ပြောင်းရွှေ့ရတာ မဟုတ်ပါ ဘူး။ ရေတွေကြီးလာတိုင်း၊ ချောင်းကရေတွေ လျှံလာတိုင်း အမြဲပြောင်းပြောင်းနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ပါ ဘူး။ အခုပုံစံအတိုင်း ဆက်ရွာနေရင် မြို့အရှေ့ဘက်မှာရှိတဲ့ နမ့်ယွန်းချောင်းက စိုးရိမ်စရာရှိတယ်” ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းမှာ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ရပြီး အပျက်အစီးတွေကို ပြင်ဆင်လို့ မပြီးသေးခင်မှာပဲ အခုလို ရေဘေး ထပ်ကြုံရတာလို့ သူက ပြောပါတယ်။

အရင် ရေဘေးတုန်းကတော့ လမ်း၊ တံတားတွေအပြင် ဘုရားစေတီတချို့ပါ ပျက်စီးခဲ့ပြီး စပါး၊ ပြောင်း၊ နှမ်းနဲ့ မောက်မယ်ရှောက်ချိုသီး စတဲ့သီးနှံစိုက်ပျိုးထားတဲ့ စိုက်ဧကတစ်ရာကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။  မောက်မယ်မြို့အပြင် တောင်ကြီး၊ ဆီဆိုင်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ ညောင်ရွှေ၊ အင်းလေးနဲ့ ကလောတို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ ဒီနေ့အထိ မိုးအဆက်မပြတ်ရွာနေပြီး အင်းလေးကန်မှာလည်း ရေလေးလက်မနီးပါး အထိတက် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုမှာ လူဦး ရေ တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးမြေဧက တစ်သန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့ မှာ ထုတ်ပြန်ပါထားပါတယ်။ Read in Full

၃၃။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု စစ်ခေါင်းဆောင်က တရုတ်ကို ပြော
 November 7, 2024
အာရက္ခတပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းကို (နိုဝင်ဘာလ ၆ ရက်) တွေ့ဆုံစဉ်တွင် ပြော သည်။ သို့သော် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြ သလာမှသာလျှင် ဆွေးနွေးမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။ မည်ကဲ့သို့ လုပ်ဆောင်ချက်မျိုးဖြစ် ကြောင်း ပြောဆိုခြင်း မရှိပေ။ တရုတ်နိုင်ငံတွင် အစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ကတည်းကရောက်ရှိနေ သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းတို့ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်း တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက  ထုတ်ပြန်သည်။ ထိုဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတွင်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နိုင်ငံသားများနှင့် စီမံကိန်းများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထား ဆောင်ရွက်ပေးနေကြောင်း၊ မူဆယ်- မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကို နယ်မြေဒေသအခြေ အနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများတွင် လုပ်ဆောင်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင် က ပြောသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းကလည်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ထောက်ခံပြီး စစ်ကောင်စီ၏ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆန္ဒပြု ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံတွင်း အခြေပြုပြီး မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ဝန်ကြီး ချုပ် လီချန်းက ပြောဆိုခဲ့ကြောင်း သိရသည်။ တရုတ်- မြန်မာနယ်စပ်ဂိတ်များကို နှစ်နိုင်ငံအပြည့်အဝစီမံခန့်ခွဲနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီး ချုပ် လီချန်းက ဆိုသည်။ လက်ရှိတွင်လည်း တရုတ်က  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ၊ TNLA တို့ သိမ်းပိုက်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ပိတ်ပင်ထားသည်။ 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button