ပေါ့ကပ်စ်

ဒစ်ဂျစ်တယ်အာဏာသိမ်းမှု (အပိုင်း ၁)

ဒစ်ဂျစ်တယ်အာဏာသိမ်းမှု (အပိုင်း ၁)

အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၁ မှာ ဒီတပတ်ဆွေးနွေးထားတဲ့ ခေါင်းစဥ်ကတော့ ဒစ်ဂျစ်တယ်အာဏာသိမ်းမှု ဆိုတဲ့ ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒစ်ဂျစ်တယ်လုံခြုံရေးကျွမ်းကျင်သူ မနန္ဒာက ဆွေနွေးထားပြီး သူ့ရဲ့ ဆွေးနွေးချက်ထဲက ကောက်နုတ်တင်ပြချက်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

” အဲဒီနေ့တနေ့မှာ မနက်အစောပိုင်းမှာကတည်းက ကျွန်မတို့ အင်တာနက်တွေ မရတော့ဘူး။ ဒါသည် digital coup လို့ ခေါင်းစဥ်တပ်လို့ရတဲ့ ဖြစ်စဥ်တစ်ခုပေါ့။ အဲဒီနောက်ပိုင်း သိသာလာတာတွေက လူမှုမီဒီယာတွေပေါ်မှာ ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေ ဖြစ်ပေါ်လာတယ်။ ပြီးတော့ အင်တာနက်ပေါ်မှာ အပြည့်အဝပိတ်ပင်မှု ဒါမှမဟုတ် နေရာဒေသ၊ အချိန်အတိုင်းအတာ တခု သတ်မှတ်ပြီး ပိတ်ပင်တာ ဖြစ်လာတယ်။ ဒါတွေက ထင်သာမြင်သာရှိတဲ့ digital coup ရဲ့ လက္ခဏာတွေပဲ။ ဒါပေမယ့် ထပ်ပြီးတော့ အသေးစိတ်ကြည့်မယ်ဆိုရင် ကဏ္ဍသုံးခုခွဲပြီး ကြည့်လို့ရတယ်။ ပထမတခုက အင်တာနက်သုံးခွင့်မရှိတော့တာ တွေ့ရမယ်။ နောက်တခုကတော့ အစိုးရနဲ့ အခြေခံအဆောက်အအုံတွေကို လုပ်ပိုင်ခွင့်အပေါ် အလုံးစုံထိန်းချုပ်လိုက်ပြီး စစ်ကောင်စီကနေ စတင်ထိန်းချုပ်လိုက်တာ။ နောက်တခုကတော့ ကော်ပိုရိတ်လုပ်ငန်းတွေပါ။ ဒါက အပြင်ကနေကြည့်ရင် သိသာမြင်သာ မရှိနိုင်ဘူး။ နိုင်ငံတခုမှာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတခုသည် လုပ်ပိုင်ခွင့်ပေးတဲ့ လိုင်စင်အောက်မှာ လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် သူတို့တွေက မှီခိုနေရမှု ရှိတယ်။ အထူးသဖြင့် ကော်ပိုရိတ်လုပ်ငန်းတွေ အာဏာသိမ်းခံလိုက်ရတာကို လူထုက ထင်သာမြင်သာ ရှိမှာ မဟုတ်ဘူး။”

“၂၀၂၁ အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်းမှာ ကနဦးမှာ အင်တာနက်ဖြတ်တောက်မှုက သတင်းပိတ်ပင်တားဆီးမှု နောက်ပြီး လူထုရဲ့ စည်းရုံးနိုင်မှု၊ တနိုင်ငံလုံးလူထုက ပါဝင်ပတ်သက်လို့ရတဲ့ ကမ်ပိန်းတွေ၊ လှုပ်ရှားတက်ကြွမှုတွေ စည်းရုံးမှု အများကြီးလုပ်လို့ရတယ်။ ဒီအားကိုလည်း လျှော့ချချင်တာ ပါတယ်။ နောက်ပြီး အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက်ကြောင့် အဖွဲ့အစည်းတွေ တခုနဲ့တခု ချိတ်ဆက်မှု ထိခိုက်သွားတယ်။ ၂၀၂၁ ခုနှစ်တုန်းက စစ်ဗျူဟာတွေနဲ့ တိုက်ခိုက်မှုက ရှားသေးတယ်။ မတူညီတဲ့ နေရာတွေမှာ ရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကြားမှာ အဆက်အသွယ်ပြတ်တောက်သွားရင် အတော်ကို တော်လှန်ရေးဘက်အခြမ်းမှာ ထိခိုက်မှု ဖြစ်ပွားတယ်။ ၂၀၂၂ မှာကျ ဒစ်ဂျစ်ပေါ်က တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေကို အသေးစိတ်စောင့်ကြည့်ပြီး ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ လုပ်လာတယ်။ ၂၀၂၃ ခုနှစ်မှာကျ သူတို့တွေက ပုံစံပြောင်းသွားတယ်။ ၂၀၂၂ နဲ့ ၂၀၂၃ ကြားမှာ စစ်ရေးလှုပ်ရှားမှုတွေက မြင့်တက်လာတယ်။ ကျွန်မတို့ လေ့လာခဲ့တဲ့ ပုံစံတွေအရ နယ်မြေဒေသတခုမှာ တိုက်ပွဲဖော်ဆောင်တော့မယ်ဆိုရင် အင်တာနက်အရင်ဖြတ်မယ်၊ မီးလိုင်းဖြတ်မယ်၊ ဆက်သွယ်ရေးဖြတ်တောက်မယ်။ စစ်ရေးအနေအထားနဲ့ဆိုရင် အင်တာနက်ကို သူတို့က အဓိက ဆက်သွယ်ရေးလမ်းကြောင်းတခုအနေနဲ့ သတ်မှတ်တဲ့အတွက် ဖြတ်တောက်တာလို့ ကျွန်မက ပြောချင်တယ်ပေ့ါနော်။”

အစီအစဉ် အစအဆုံးနားဆင်ရန် –

Related Articles

Back to top button