အတွေးအမြင်

သွေးစည်းညီညွတ်ရေးနဲ့ အခြေခံဒေသအာဏာပြဿနာ

ကျော်ကိုကို | အတွေးအမြင်

သွေးစည်းညီညွတ်ရေးနဲ့ အခြေခံဒေသအာဏာပြဿနာ

ကျော်ကိုကို | အတွေးအမြင်

ဒီကနေ့ နေရာအနှံ့မှာ တော်လှန်စစ်အရှိန်မြင့်ပြီး စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်တွေ တခုပြီးတခု ဆုံးရှုံးနေတာကို တွေ့ရပါတယ်။ဒီတိုက်ပွဲအရှိန်နဲ့ တပြိုင်နက်တည်းမှာ သိမ်းပိုက်ရယူထားတဲ့ အခြေခံဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ခိုက်ပစ်ခတ်သံတွေကိုလည်း ကြားလာရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ မိမိတို့အမျိုးသားရေးအလံကို အပြိုင်လွှင့်ထူဖို့ ကြိုးပမ်းရင်း အခြေခံဒေသရဲ့ အာဏာကို အပြိုင်အဆိုင် အလုအယက် သိမ်းပိုက်လာကြတဲ့အတွက် ခုလို ပဋိပက္ခအသစ်ထပ်မံပေါ်ထွက်လာတာပါ။

သာမန်ကာလျှံကာ ခပ်တိမ်တိမ်တွေးရင်တော့ လူမျိုးရေးပဋိပက္ခတွေ၊ နယ်မြေလုပွဲတွေလို့ သုံးသပ်ကြပါလိမ့်မယ်။တကယ့် အတွင်းကျကျ ပြဿနာကတော့ အုပ်ချုပ်ရေးအာဏာကို သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင်ပိုင်ဆိုင်ခွင့်ရယူရေးလုပ်ကြတဲ့ အာဏာလွန်ဆွဲပွဲတွေပဲဖြစ်ပါတယ်။

၁၀၂၇နဲ့ အတူ ရှမ်းမြောက်က တအာင်းတပ်မတော်နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော်ကြားမှာ ဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာလည်း အထက်ပါ အာဏာပြဿနာကို ထင်ဟပ်ပြသနေပါတယ်။အလားတူ ချင်းညီနောင်တပ်ဖွဲ့နဲ့ အာရက္ခတပ်တော် ပူးပေါင်းအဖွဲ့က တဖက်၊ ချင်းလဲန်းကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦးအဖွဲ့က တဖက် ဖြစ်နေတဲ့တိုက်ပွဲတွေကလည်း အခြေခံဒေသအာဏာတည်ဆောက်ရေးပြဿနာပါပဲ။

ကျနော်တို့အနေနဲ့ သမိုင်းကို ကွင်းဆက်မပြတ်လေ့လာပြီး သင်ခန်းစာထုတ်ယူခဲ့တဲ့အခါ ယခင်ကလည်း အထက်ပါအာဏာပြဿနာကြောင့် လူမျိုးစုလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အကြီးအကျယ်ရှုံးနိမ့်ခဲ့ဖူးတာကို တွေ့ရှိခဲ့ရပါတယ်။

၁၉၄၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဖဆပလ အာဏာရှင်တွေကို တော်လှန်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အပြီးသတ်မှာ မအောင်မြင်ဘဲ ကျရှုံးခဲ့ရပါတယ်။

ထိုအချိန်က ကရင့်အမျိုးသားအဖွဲ့ချုပ်ဟာဆိုရင် အင်းစိန်၊ခဝဲခြံ၊သမိုင်းလမ်းဆုံအထိ သိမ်းပိုက်ပြီးကာမှ ရန်ကုန်ကို အပြီးသတ်မသိမ်းနိုင်ဘဲ တပ်ပြန်ဆုတ်သွားခဲ့ရပါတယ်။

ကရင်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ ကော်သူးလေပြည်တည်ထောင်ရေး ရည်မှန်းချက်ကို အခြားသော တော်လှန်ရေးအင်အားစုတွေက လက်မခံ၊အားမပေးတဲ့အပြင် တချို့ဆို စစ်အုပ်စုနဲ့ပေါင်းပြီးတော့ KNU ကို ပြန်တိုက်ခဲ့တဲ့အထိ ပြဿနာဖြစ်ခဲ့တာပါ။

ကရင့်အမျိုးသားအာဏာတည်ဆောက်ရေးကို ကျန်လူမျိုးစုတွေက လက်မခံသလို ဗမာအမျိုးသားအာဏာတည်ဆောက်ရေးကို ကရင်အပါအဝင် ကျန်လူမျိုးစုများကလည်း နှစ်သက်သဘောကျကြမှာမဟုတ်ပါဘူး။

ယနေ့ ကျနော်တို့ဖြတ်သန်းနေတဲ့ တော်လှန်ရေးဟာ အဆင့်တွေများသလို ဆက်သွယ်ချက်တွေလည်း ထွေပြားပါတယ်။ရည်မှန်းချက်ပန်းတိုင်တွေလည်း များနေပြီးတော့ တခုနဲ့တခုကြားမှာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေလည်း အတော်ရှုပ်ရှုပ်ထွေးထွေး တည်ရှိနေပါတယ်။

အခြေခံဒေသအာဏာပြဿနာ

တော်လှန်ရေးအင်အားစုများကြားက အခြေခံဒေသ အာဏာပြဿနာရဲ့ မူလဇာစ်မြစ်ကတော့ လူမျိုးရေးအလံအပြိုင်ထောင်ခြင်းပင်ဖြစ်တယ်။

ဆန့်ကျင်ဖက်အားဖြင့် လူမျိုးပေါင်းစုံ ညီညွတ်ရေးတပ်ပေါင်းစုအလံကို အမြင့်မားဆုံးလွှင့်ထူကြဖို့ပဲဖြစ်တယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်မှာလည်း ဒီအချက်နဲ့ပတ်သက်လို့ နားလည်မှုတစုံတရာ ချို့ငဲ့နေသေးတာကို တွေ့ရတယ်။သက်သေကတော့ စစ်ကိုင်းတိုင်အတွင်း အခြေခံဒေသတည်ထောင်ရေး အခက်အခဲ တနည်းအားဖြင့်ပြောရရင် အခြေခံဒေသ အာဏာပြဿနာအကျပ်အတည်းကို သူတို့ကိုယ်တိုင် ရင်ဆိုင်နေရတာဖြစ်တယ်။

ပသုံးလုံးဆိုတဲ့နည်းနဲ့ စစ်ဗျုရိုကရေစီအခြေခံအာဏာကို တည်ဆောက်ဖို့ ကြိုးစားနေတာ အမှားကြီးမှားတယ်။လူမျိုးပေါင်းစုံ ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစုအာဏာ တည်ဆောက်ရေးကသာ ပြည်သူတို့ရဲ့ ထွက်ရပ်လမ်းဖြစ်ပါတယ်။

အခြေခံဒေသ အာဏာဟာ ဖက်ဆစ်ခုခံရေးနဲ့ ​ဒီမိုကရေစီရရှိရေးကို လိုလားတဲ့ ပြည်သူလူထုကြီးတရပ်လုံး ထောက်ခံအားပေးတဲ့အာဏာဖြစ်ကို ဖြစ်ရမယ်။အခု ကျနော်တို့ဆီမှာလို ကချင့်အာဏာကို တအာင်းက မကျေလည်၊ တအာင်းအာဏာကို သျှမ်းက မကျေလည်၊ စစ်ကိုင်းဒေသခံအာဏာကို NLD လိုလားသူတွေက မကျေလည်နဲ့ သပွတ်အူလိုက်နေတဲ့ ပြဿနာဟာ ဖြိုချရေးတဖက်ကိုသာ အားပေးပြီး တည်ဆောက်ရေးဖက်ကို ခုခံနေတဲ့ အတွင်းပဋိပက္ခတွေဖြစ်ပေါ်လာစေပါတယ်။

ကျနော်တို့နိုင်ငံမှာ တစုံလုံးဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းတွေ အများကြီးရှိတယ်ဆိုရင် လတ်တလောမှာ အဓိကကျတဲ့အကျပ်အတည်းကတော့ အခြေခံဒေသ အာဏာတည်ဆောက်ရေးအကျပ်အတည်းပဲဖြစ်တယ်။

ဒီအကျပ်အတည်းက တော်လှန်စစ်ကို တုံ့နှေးစေတယ်၊ ရှေ့မရောက်ပဲ ဖြစ်စေတယ်၊ အဆုံးစွန်မှာ ရန်သူစစ်အုပ်စုကို ပြင်ဆင်ချိန်ပေးသလိုဖြစ်တယ်၊အသက်ရှုပေါက်ပေးသလိုဖြစ်နေတယ်။

တော်လှန်ရေးအင်အားစုကြားက ညီညွတ်ရေးပြိုကွဲချိန်ကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး အသုံးချရင် ဗမာပြည်စစ်အုပ်စု သက်ဆိုးရှည်စေတယ်။ ပြည်သူတွေ စစ်ကျွန်ဘဝလွတ်မြောက်ရေး ညတာဟာပိုရှည်ပြီး တော်လှန်ရေးအိပ်မက်တွေဟာလည်း အိပ်မက်ဆိုးတွေအဖြစ်နဲ့ အမြဲခြောက်လှန့်နေတာကို ခံကြရပါလိမ့်မယ်။

ဗျုရိုကရေစီကို ချိုးချ၊ ဒီမိုကရေစီ နိုးထ

 အခြေခံဒေသအာဏာတည်ဆောက်ရေးဟာ ဒီမိုကရေစီနည်းလမ်းအတိုင်းသွားရမှာဖြစ်တယ်။ဒေသခံပြည်သူ ရွေးကောက်တင်မြှောက်တဲ့သူတွေနဲ့ အာဏာယန္တရားကို လှည်ပတ်ရမယ်။

ဒီနေရာမှာ အာဏာသစ်ကို အလွန်အကျွံဒီမိုကရေစီနဲ့ တည်ဆောက်ရမယ်လို့ လှေနံဓားထစ်သမားတွေ ယူဆသလို အကောင်အထည်ဖော်လို့မရဘူး။

ရပ်ကျေးအုပ်ချုပ်ရေးကစပြီး ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစုကော်မတီတွေဖွဲ့စည်းရမယ်။ဒီလိုဖွဲ့စည်းရာမှာ နယ်မြေကိုသိမ်းပိုက်ထားတဲ့ တပ်ဖွဲ့ဘက်က သုံးချိုးတချိုး၊ ဒေသခံ လူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းဘက်က သုံးချိုးတချိုးနဲ့ အမျှော်အမြင်ရှိတဲ့ ခေတ်ပညာတတ် လူငယ်တွေက သုံးချိုးတချိုး ပါဝင်ရမှာဖြစ်တယ်။

ရပ်ကျေးအုပ်ချုပ်ရေးကနေ တိုက်နယ်၊မြို့နယ်၊ခရိုင်၊ပြည်နယ်အုပ်ချုပ်ရေးအခြေခံအားလုံးမှာ ပြည်သူနဲ့ တော်လှန်ရေးသမားတွေ ပူးတွဲအုပ်ချုပ်တာက ပြဿနာကို အများကြီးပြေလည်စေမယ်လို့ ယုံကြည်တယ်။

လူမျိုးတမျိုးတည်းက လူမျိုးပေါင်းစုံအပေါ် အုပ်ချုပ်တဲ့အခါ ဘယ်လောက်ကောင်းအောင် ကြိုးစားနေတယ်လို့ပဲပြောပြော တကယ်လက်တွေ့မှာ ပြဿနာတက်မှာပဲ။ဘာလို့လဲဆိုရင် မျက်ကန်းမျိုးချစ်ဝါဒကို ဝါဒဖြန့်ဖို့၊စည်းရုံး၊လှုံ့ဆော်ဖို့ လမ်းဖွင့်ပေးထားသလိုဖြစ်နေတယ်။တဖြေးဖြေးနဲ့ လူမျိုးကြီးဝါဒကို အုတ်မြစ်ချဖို့လည်း အခွင့်အရေးပေးလိုက်သလို ဖြစ်လာမယ်။

လူထုထဲက ရွေးကောက်တင်မြှောက်တဲ့နည်း၊ လူထုပါဝင်မှုကို အခိုင်အမာ အာမခံတဲ့နည်း၊ လူထုက ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့နည်းတွေနဲ့ ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစုအာဏာကို မတည်ထောင်နိုင်ခဲ့ရင် ပြဿနာက တဒဂ်ပဲ ပြေလည်မယ်။ယင်းနေတဲ့အနာ မြုံနေတဲ့အနာတွေလို တငွေ့ငွေ့နဲ့ လှိုက်စားပြီး တဆစ်ဆစ်နဲ့ ကိုက်ခဲနာကျင်နေမှာပဲဖြစ်တယ်။

တော်လှန်ရေးနည်းပရိယာယ်နဲ့ သွေးစည်းညီညွတ်ရေး

လက်ရှိတော်လှန်ရေးဟာ တန်ပြန်ထိုးစစ်ကာလအဆင့်ကိုရောက်နေပြီဖြစ်တယ်။သို့သော် ယတိပြတ်ထိုးစစ်၊ အဆုံးသတ်တိုက်ပွဲအဆင့်ကို ရောက်ပြီလို့ မဆိုနိုင်သေးဘူး။

စစ်အာဏာရှင်စနစ်ဟာ ယိုင်လဲတော့မယ့်အခြေအနေကို ဆိုက်ရောက်နေပြီလို့ ဘက်တဖက်က အကဲဖြတ်နိုင်ပေမယ့်လည်း အခြားဘက်တဖက်ကကြည့်ရင် စစ်အာဏာရှင်စနစ်က အားကောင်းကောင်းနဲ့ ခုခံကာကွယ်နေဆဲပဲဖြစ်တယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက အားအကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ ဘက်တဖက်က အကဲဖြတ်လို့ရပေမယ့်လည်း အခြားဘက်တဖက်ကကြည့်ရင် လူမျိုးစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားမှာ မတည်ငြိမ်တဲ့ အချင်းချင်းအုပ်စုကွဲမှု၊သွေးစည်းညီညွတ်မှု မခိုင်မာတဲ့ အခြေအနေတွေက ဆက်ပြီးရှိနေဆဲပဲဖြစ်တယ်။

ဒါကြောင့် တော်လှန်ရေးမှာ ရန်သူကို အထီးကျန်ဖြစ်စေပြီး ကျနော်တို့ဘက်ကတော့ ကြီးမားကျယ်ပြန့်တဲ့ ညီညွတ်ရေးတပ်ပေါင်းစုကို တည်ဆောက်ဖို့ လိုအပ်နေသေးတယ်။ဒါဟာ ရန်သူကို မိတ်ဆွေနည်းပါးစေပြီး ကျနော်တို့ဘက်မှာတော့ မိတ်ဆွေများများရှိရမယ်ဆိုတဲ့ နည်းပရိယာယ်လမ်းစဥ်တရပ်လည်းဖြစ်တယ်။

ကျနော်တို့တော်လှန်ရေးအင်အားစုတွေဘက်က အမြင်ကျယ်ဖို့လိုတယ်။ကျဥ်းမြောင်းတဲ့လူမျိုးရေးအမြင် ဇီးရွက်ကလေးတွေကွယ်လို့ တော်လှန်ရေးအောင်ပွဲဆိုတဲ့ မြင့်မိုရ်တောင်ကြီးကို မမြင်နိုင်လောက်အောင် မိုက်မဲလွန်းတဲ့ အဖြစ်မျိုးကို ရှောင်လွှဲရမယ်။

တော်လှန်ရေးအင်အားစုတိုင်းကို တိုက်တွန်းလိုတာက စစ်အာဏာရှင်စနစ်ရဲ့ ဗျုရိုကရက်အာဏာနေရာမှာ မိမိတို့ရဲ့ တော်လှန်ရေးအာဏာသစ်ကို အစားထိုးဖို့ လိုကို လိုအပ်ပါတယ်။

ဒီလိုအစားထိုးတဲ့နေရာမှာ ကျဥ်းမြောင်းတဲ့လူမျိုးရေးအမြင်တွေကို ပစ်ပယ်ပြီး ကျယ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုအာဏာကို ဒီမိုကရေစီနည်းနဲ့ တည်ဆောက်ကြပါ။

အခုလောလောဆယ်မှာ ရန်သူ့ကို ချိန်ထားတဲ့ သေနတ်ပြောင်းဝတွေကို ပစ်မှတ်ကနေ တချက်မှ မရွှေ့လိုက်ကြပါနဲ့။ကိုယ့်အချင်းချင်း ပြန်ချိန်တာ ပြန်ပစ်တာမျိုး လုံးဝ (လုံးဝ)မလုပ်ကြဖို့လည်း တောင်းဆိုချင်ပါတယ်။

အားကောင်းတဲ့ရန်သူကို မြင်းတစီး ဓားတလက်နဲ့ ဇွတ်တရွတ်တိုက်လို့မရပါဘူး။ကိုယ့်ဘက်က မဟာမိတ်တွေအားလုံး လက်တွဲပြီး လက်နက်လူသူအများအပြားစုစည်းပြီးမှ အားနည်းတဲ့ရန်သူကို တစုတစည်းတည်း ဝိုင်းပတ်ချေမှုန်းပစ်ရမှာဖြစ်တယ်။

အချုပ်အားဖြင့်ဆိုသော် အခြေခံဒေသအာဏာပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းမှသာ တနိုင်ငံလုံးရဲ့ ပြဿနာဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အပြတ်တိုက်နိုင်မယ်။အဆိုပါ အခြေခံဒေသ အာဏာပြဿနာကို ဖြေရှင်းတဲ့အခါ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးအလံကို အမြင့်မားဆုံးလွှင့်ထူပြီး ကျယ်ပြန့်တဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။

ကျော်ကိုကို

Related Articles

Back to top button