အတွေးအမြင်

စစ်ကောင်စီလက်ထဲမှာ ရွေးကောက်ပွဲကျင်းပပိုင်သော အခွင့်အာဏာသည် နတ္တိမရှိ

ကျော်ကိုကို | အတွေးအမြင်

စစ်ကောင်စီလက်ထဲမှာ ရွေးကောက်ပွဲကျင်းပပိုင်သော အခွင့်အာဏာသည် နတ္တိမရှိ

ကျော်ကိုကို | အတွေးအမြင်

၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ရွေးကောက်ပွဲ အကြိုလှုပ်ရှားမှုအနေနဲ့ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံတာကို အခု ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့မှာ စလုပ်တော့မှာဖြစ်ပါတယ်။

စစ်အုပ်စုလက်ထဲမှာ ရွေးကောက်ပွဲကျင်းပပိုင်တဲ့ အခွင့်အာဏာ ရှိ၊မရှိဆိုတာ အငြင်းပွားစရာ ကိစ္စရပ်တခုဖြစ်လာပါတော့တယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတချို့က အေးချမ်းတည်ငြိမ်ရေးလမ်းကြောင်းကို နိုင်ငံရေးနည်းနဲ့ လျှောက်လှမ်းဖို့ လိုအပ်နေတယ်ဆိုပြီးတော့ စစ်ကောင်စီကို တွန်းအားပေးကြပါတယ်။

ဒီလို တွန်းအားပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ဆိုတာ ပါပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတကာရဲ့ အပြုသဘော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာတွေကို မျက်ကွယ်ပြုပြီး သူ့လမ်းကြောင်းနဲ့ သူဆက်သွားချင်နေတယ်ဆိုတာကို တော်တော်သိသိသာသာ တွေ့မြင်နေရပါပြီ။

မင်းအောင်လှိုင် ဆက်သွားချင်တဲ့လမ်းကြောင်းနှစ်ခုရှိပါတယ်။တခုက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ချရေး ဖိအားပေးခြင်းဖြစ်တဲ့ NCA လမ်းကြောင်းဖြစ်ပြီး နောက်တခုကတော့ နိုင်ငံရေးအင်အားစုမှန်သမျှကို စစ်တပ်အောက် ဒူးထောက်စေဖို့ ဖိအားပေးတဲ့ ၂၀၀၈ ခြေဥလမ်းကြောင်းပဲဖြစ်ပါတယ်။

ဒီလမ်းကြောင်းနှစ်သွယ်ကို ရွေးကောက်ပွဲအခင်းအကျင်းနဲ့ ပီပြင်အောင်လုပ်နိုင်လိမ့်မယ်လို့ မင်းအောင်လှိုင်စစ်အုပ်စုက ယုံကြည်နေပါတယ်။

ဒီအခြေအနေကို ပြည်သူလူထုကရော ဘယ်လိုများတုံ့ပြန်ဖို့ရှိပါသလဲ။

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကရော တရားဝင်မှုရှိပါ့မလား။

အထူးသဖြင့် စစ်တပ်ကိုင်စွဲထားတဲ့ NCA လမ်းကြောင်းနဲ့ ၂၀၀၈ ခြေဥလမ်းကြောင်းအပေါ် ကျနော်တို့ ပြည်သူတွေ ဘယ်လိုသဘောထားမလဲဆိုတာ ဆန်းစစ်ကြည့်ကြပါစို့။

၂၀၀၈ ခြေဥကို ပြည်သူက ဖျက်သိမ်းပြီးဖြစ်

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ရာ လမ်းပြမြေပုံကို ချမှတ်ထားတယ်ဆိုပေမယ့် ပြည်သူလူထုဘက်က စစ်အုပ်စုရဲ့ အခြေခံဥပဒေအပါအဝင် လမ်းပြမြေပုံ (၇)ချက်စလုံးကို လက်သင့်မခံကြောင်း အတိအလင်း ကြေညာပြီးဖြစ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးအစပိုင်းကတည်းက လူထုတရပ်လုံး စစ်ကျွန်ဥပဒေဖျက်သိမ်းရေးကို တရားဝင်ကြေညာပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ခဲ့ကြတာဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီဟာ တရားဝင်အစိုးရတရပ်မဟုတ်ရုံသာမက လူသတ် အကြမ်းဖက်တဲ့ စစ်အုပ်စုတခုသာဖြစ်ပါတယ်။ဒါကြောင့် သူတို့မှာ လူထုထောက်ခံမှုမရှိသလို တရားဝင်မှုလည်း မရှိနေပါဘူး။

ဒီအချက်ကိုထောက်ရှုကြည့်ရင် စစ်ကောင်စီမှာ ရွေးကောက်ပွဲလုပ်ပိုင်ခွင့်သည် နတ္တိမရှိလို့ ပြောရပါလိမ့်မယ်။

နိုင်ငံရေးအင်အားစုများရဲ့ ထောက်ခံမှုမရခြင်း

နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ အဆိုပါနိုင်ငံတဝှမ်းလုံးက နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ပါတယ်။

ယနေ့နိုင်ငံရေးအခင်းအကျင်းအရ လူထုအားပေးထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေကို မတရားအမိန့်အာဏာနဲ့ ဖျက်သိမ်းထားပြီးဖြစ်နေတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများဟာ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်။

နိုင်ငံအနှံ့အပြားမှာရှိတဲ့ ပါတီဝင်တွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အတော်များများဟာလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ အခန်းကဏ္ဍမှာ နေရာယူပြီးဖြစ်တဲ့အတွက် အခုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုစရာမလိုအပ်တော့ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု တော်တော်များများနဲ့ စစ်အုပ်စုကြားမှာလည်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတာကြောင့် တကြောင်း ၊ EROs တွေဘက်က စစ်ရေးအသာစီးယူထားနိုင်တာကြောင့် တကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ ဘောင်ဟာ တအားကျဥ်းမြောင်းလွန်းလှတယ်လို့ ပြောရပါလိမ့်မယ်။

စစ်အုပ်စုဘက်မှာ ဘယ်သူတွေရှိသလဲ

လူထုထောက်ခံမှုလည်းမရှိ၊ နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေလည်း ပူးပေါင်းပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်လုပ်ပြရုံထက်မပိုပါဘူး။

စစ်အုပ်စုက သူတို့ကို ထောက်ခံနေသူ လူတစုနဲ့ ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲလုပ်ဇာတ်ကို ဖန်တီးနေတာပဲဖြစ်ပါတယ်။

သူတို့ကို ထောက်ခံသူတွေဆိုတာ အမျိုးသားရေးအစွန်းရောက်ဂိုဏ်းသားတချို့ရယ်၊ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား ကြောင်သူတော် စီးပွားရေးသမားတချို့ရယ်၊ ပြည်သူ့သစ္စာဖောက်တချို့ရယ် ပေါင်းစပ်ထားတဲ့ ကိုယ်ကျိုးရှာ အချောင်သမားအုပ်စုကို ဆိုလိုပါတယ်။

ERO အမည်ခံထားတဲ့ ဆိုးဆိုးဝါးဝါးလုပ်ရပ်တွေလုပ်ဆောင်နေသူ လူမျိုးစုလက်နက်ကိုင်တပ်တချို့ကလည်း စစ်အုပ်စုနဲ့ ပူးပေါင်းမည်လို့ သတင်းထွက်ပေါ်နေတာမျိုးလည်းရှိပါတယ်။ဒါပေမယ့် သူတို့ကိုလည်း တိုင်းရင်းသားအချင်းချင်းတောင် ထောက်ခံမှုမရှိဘဲ သူတို့ဟာ ပြည်သူကို လက်နက်အားကိုးနဲ့ နှိပ်စက်နေတဲ့ ဖက်ဆစ်လူရမ်းကားတွေလို့သာ သတ်မှတ်ခံထားရတာပါ။

ဒီအခြေအနေ အခင်းအကျင်းကို ခြုံကြည့်ရင် မင်းအောင်လှိုင် စီစဥ်နေတဲ့ ရွေးကောက်ပွဲရဲ့ ဥပဓိရုပ်ဟာ ပုံပျက်ပန်းပျက်နဲ့ အဆင်းမလှ အချင်းမလှဖြစ်နေရပါတယ်။

နွေဦးတော်လှန်ရေး အနှစ်သာရ

စစ်ကောင်စီကို ဦးတည်တိုက်ပွဲဝင်နေတဲ့ နွေဦးလက်နက်ကိုင်တော်လှန်ရေးရဲ့ အနှစ်သာရက စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖြိုချရေးဖြစ်တယ်။

ဒါကြောင့် စစ်ကောင်စီသက်ဆိုးရှည်ရေးကို အားပေးအားမြှောက်ပြုတဲ့ ရွေးကောက်ပွဲလုပ်ငန်းကို လက်ခံလို့ မရပါဘူး။

ရွေးကောက်ပွဲကိုလက်ခံပြီး မဲပေးတာ၊ ရွေးကောက်ပွဲအသစ်က တက်လာတဲ့ စစ်ကျွန်အမတ်တွေကို လက်ခံတာမျိုးတွေဟာ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် အဆိပ်ပင်ရေလောင်းတဲ့လုပ်ရပ်မျိုးတွေဖြစ်လို့ တော်လှန်ရေးရည်မှန်းချက်တွေနဲ့ ဆန့်ကျင်ဖီလာဖြစ်စေပါတယ်။

နွေဦးတော်လှန်ရေးအနှစ်သာရမပျောက်ပျက်ဖို့အတွက် စစ်အာဏာရှင်စနစ်အောက်က နိုင်ငံရေးပလက်ဖောင်းမှန်သမျှကို တိုက်ဖြိုပစ်ရပါမယ်။ပူးပေါင်းဆောင်ရွက်လို့မရပါဘူး။ဒူးထောက်အညံ့ခံလို့မရပါဘူး။

တော်လှန်ရေးရပ်တည်ချက်နဲ့ တော်လှန်ရေးဂုဏ်သိက္ခာအတွက် အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရပါမယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့နေရာမှာ တည်ကြည်တဲ့ သန္နိဌာန်ချပြီး အရာအားလုံးကို ပြတ်ပြတ်သားသားဆန့်ကျင်ရပါမယ်။ကျားသစ် ဥပုသ်စောင့်သလို စိတ်မခိုင်တဲ့ သီလမျိုး မထားရှိသင့်ပါဘူး။

အများယောင်လို့ ရောယောင်နောက်လိုက် တော်လှန်ရေး ခြေအေးဝမ်းယောင်လုပ်လို့မရပါဘူး။

ဖိနှိပ်နေဆဲ စစ်အုပ်စုကို ​လက်ခံပေးစရာ အကြောင်းပြချက်မရှိ

စစ်အုပ်စုဟာ အာဏာမသိမ်းခင်အချိန်၊အာဏာစသိမ်းပြီးချိန်၊ ဒီကနေ့ အာဏာလက်လွတ်ဖို့ တည်းတည်းပဲလိုတဲ့အချိန်ဆိုတဲ့ ကာလသုံးပါးစလုံးမှာ လူထုကို အဆက်မပြတ် ဖိနှိပ်နေတဲ့သူတွေဖြစ်တယ်။

ရွာလုံးကျွတ်မီးရှို့၊ကလေးသူငယ်မချန် သတ်ဖြတ်၊သေပြီးသား ရုပ်ကလာပ်တောင်မရှောင် မုဒိန်းကျင့်၊ အစုလိုက်အပြုံလိုက် ဗုံးကြဲပြီး သတ်၊ ကိုယ်ဝန်သည်ဗိုက်ထဲက ကလေးတောင် သူတို့လက်ချက်နဲ့ သေဆုံးနေရတဲ့အထိ နေ့တိုင်းနေ့တိုင်း ပြည်သူကို ရက်ရက်စက်စက် ဒုက္ခပေးနေတာဖြစ်ပါတယ်။

အတင်းအဓမ္မ စစ်သားကောက်တာတွေ၊လူဖမ်းပွဲတွေ၊ငွေညှစ်တာတွေ နေ့စဥ် နားနဲ့မဆန့်အောင် ကြားနေရပါတယ်။ဒီလို အခြေအနေဆိုးတွေဖြစ်အောင် ဖန်တီးနေတဲ့ စစ်အုပ်စုကို တရက်ထက် တရက်ပို ရှင်သန်ခွင့်ပေးလို့မရတော့ပါဘူး။ဒါကြောင့် သူတို့ရဲ့ ရွေးကောက်ပွဲ ထောင်ချောက်ထဲ ကိုယ်တိုင်မဝင်သွားအောင် အထူးသတိထား လုပ်ဆောင်သင့်ကြောင်း ပြောလိုပါတယ်။

ကျနော့်တင်ပြချက်မှာ အနှစ်ချုပ်အနေနဲ့ တင်ပြလိုတာက လူထုထောက်ခံမှုမရှိတဲ့ စစ်အုပ်ချုပ်ရေးကို တိုက်ပွဲနဲ့ပဲ မှန်မှန်ကန်ကန်တုံ့ပြန်ပြီး ရွေးကောက်ပွဲနည်းလမ်းဆိုတာ အစားထိုးဖြေရှင်းရမယ့် နည်းလမ်းမဟုတ်ကြောင်း၊ ရွေးကောက်ပွဲနည်းလမ်းဟာ ပြည်သူများအတွက် မိစ္ဆာလမိုက်ညရဲ့ သွေးကျိန်စာသာဖြစ်ပြီး မကောင်းဆိုးဝါးစစ်တပ် ပိုကြီးထွားမလာအောင် အဲ့ဒီသွေးကျိန်စာကို ပျက်ပြယ်ဖို့ ကြိုးစားရမယ်လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုပါတယ်ခင်ဗျား။ ။

ကျော်ကိုကို

Related Articles

Back to top button