အတွေးအမြင်

လမ်းချင်းတူပေမယ့် လူချင်းမတွေ့ကြသေးတာလား

ညီညီ | အတွေးအမြင် 

လမ်းချင်းတူပေမယ့် လူချင်းမတွေ့ကြသေးတာလား

ညီညီ | အတွေးအမြင် 

လမ်းချင်းတူလို့ လူချင်းတွေ့ကြတယ်ဆိုတာ တော်လှန်ရေးကာလထဲမှာ အသုံးများလာတဲ့ လက်သုံးစကားတစ်ခုဖြစ်တယ်။ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ မတူကွဲပြားတဲ့ ဒေသအသီးသီးမှ လူတွေက မထင်မှတ်ပဲ ဆုံတွေ့ကြပြီး စစ်အာဏာရှင်ပြုတ်ကျရေးကို အတူတကွ လက်တွဲ ဆောင်ရွက်သွားကြတာကို ရည်ရွယ်ရင်း ဒီစကားကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

လမ်းချင်းတူလို့ လူချင်းတွေကြတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ နားလည်မှုတွေယူဖို့လိုသလို ယုံကြည်မှုတွေကို ပိုခိုင်မာအောင်တည်ဆောက်ဖို့လိုတယ်။ ကိုယ်ကျိုးအတ္တတွေကို ဖြေလျော့ပြီး အားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်အမြစ်ပြတ်ရေးကို ဦးတည်နေဖို့လိုတယ်။ သို့ပေမယ့်လည်း လမ်းချင်းတူတယ်လို့ ဆိုပေမယ့် လူချင်းမတွေ့ကြသေးတာလား၊ အပြန်အလှန်ယုံကြည်ချက်တွေကို တည်ဆောက်လို့ မရသေးတာလား၊ ဆိုတဲ့ မေးခွန်းထုတ်စရာကောင်းတဲ့ နွေဦးတော်လှန်ရေးရဲ့ အခြေအနေတချို့ကလည်း ရှိနေခဲ့ပြန်တယ်။

နွေဦးတော်လှန်ရေး အစဖြစ်တဲ့ ၂၀၂၁၊ ၂၀၂၂ ကာလတွေမှာ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့ ရှိရင်းစွဲ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ စစ်အာဏာရှင်ကြောင့်လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လာတဲ့ လူငယ် အင်အားတွေစုပေါင်းကာ ဖက်ဒရယ်တပ်မတော်တစ်ခုကို NUG က ကမကထလုပ်ပြီး ဖွဲ့လိမ့်မယ်လို့ ပြည်သူတွေမျှော်လင့်ခဲ့ကြတယ်။

သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Federal Army ကို မဖွဲ့စည်းနိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေပေါ်ပေါက်လာတဲ့အချိန်မှာ ပြည်သူတွေ တခဲနက်ထောက်ခံအားပေးနေခဲ့တယ်။ PDF တွေပေါ်လာချိန်မှာလည်း ပြည်သူတွေက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တွေရဲ့  ပါဝင်မှုနဲ့ အင်အားကိုလည်း စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက်မျှော်လင့်ကိုးစားခဲ့ကြတယ်။ ကျနော်တို့ ပြည်သူတရပ်လုံးက လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအားလုံး ညီညွတ်မှ တော်လှန်ရေးကြီး အမြန်အောင်မြင်မယ်ဆိုတာကို နားလည်လက်ခံထားကြပါတယ်။

ထို ၂၀၂၂ နှစ်ဦးပိုင်းကာလမှာ NUGကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က BBC နဲ့ အင်တာဗျူးတစ်ခုမှာ “ မဟာမိတ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C နဲ့တကွ စစ်ရေးမဟာမိတ်စုစည်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကို တော်လှန်ရေး ရေသောက်မြစ်တည်တဲ့နှစ်လို့ပြောမယ်ဆိုရင် ၂၀၂၂ ခုနှစ်ကိုတော့ တော်လှန်ရေးအောင်ပွဲခံမယ့်နှစ်လို့ ပြောချင်ပါတယ်။ပိုမိုအားကောင်းလာတဲ့ တော်လှန်ရေးအဖွဲ့များအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို လအနည်းငယ်အတွင်း ဦးချိုးပစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။“  ဆိုတဲ့အဖြေဟာ စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေအတွက် အင်အားတက်စရာ စကားလုံးတွေဖြစ်ခဲ့တယ်။ သို့သော်လည်း ဒီစကားလုံးတွေက အခုချိန်အထိ လက်တွေ့ မဖြစ်လာခဲ့သေးပါဘူး။

၂၀၂၂ နဲ့ ၂၀၂၃ ကာလတွေမှာတော့ နေရာကွက်ကြား ဖြစ်နေတဲ့ စစ်ကောင်စီကို ခုခံတွန်းလှန်တိုက်ပွဲတွေနဲ့ပင် တော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်ကို ပြည်သူတွေအနေနဲ့တော့ လက်ကိုင်ထားဆဲဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီကလည်း သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေသလို တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း ညှိနှိုင်းဖို့ ကမ်းလှမ်းမှုတွေရှိခဲ့တယ်။

စစ်ကောင်စီရဲ့ အားပြိုင်မှုတွေ ပြင်းထန်လာချိန်မှာ တော်လှန်ရေးအစိုးရလို့ သတ်မှတ်ထားတဲ့ NUG နဲ့  တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ဖက်ဒရယ်ရေးရာ ညှိနှိုင်းဆောင်ရွက်မှုတွေ အဆင်မပြေဖြစ်မှာကိုလည်း ပြည်သူတွေက စိုးရိမ်ပူပင်နေခဲ့ရတယ်။

အဲ့ဒီအချိန်မှာ ၂၀၂၃ ခုနှစ် ၁၀ လပိုင်း ၂၇ ရက်နေ့မှာ ကိုးကန့် (MNTJP/ MNDAA)၊ တအာင်း (PSLF/ TNLA)၊ နှင့် ရက္ခိုင် (ULA/AA) တို့ စတင်ခဲ့တဲ့ Operation 1027 က ပြည်သူတစ်ရပ်လုံးအတွက် တော်လှန်ရေး မျှော်လင့်ချက်ကြီးကို ထပ်မံရှင်သန်စေခဲ့တယ်။ ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ကောင်စီအဖွဲ့များအား တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတယ်။

ထို့နောက် ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မိုးကုတ်၊ မန္တလေးနှင့် ထီးချိုင့်မြို့နယ်များတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီစခန်း ၁၆၈ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့တွေထံက သိရပါတယ်။

စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲအစည်း အသီးသီး၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို မိမိတို့ အနေဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မြောက် ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲအနေဖြင့်လည်း မိမိတို့ ရည်မှန်းထားသော စစ်‌ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောခဲ့တယ်။

ပြီးတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ မဇ္ဈိမ သတင်းဌာနရဲ့ အင်တာဗျူးတစ်ခုမှာ ဦးရည်မွန်က  “Operation 1027ရဲ့ ရှမ်းမြောက်ဒေသမှာဆိုရင် NUG/MODရဲ့ MDY PDFဟာ ညီနောင်များနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတယ်။အခြားစစ်နယ်မြေတွေက PDF/ပကဖ ရဲဘော်များ၊ မဟာမိတ် EROsများဆိုရင်လည်း ဟန်ချက်ညီ စစ်ဆင်နေကြပြီ ဖြစ်ပါတယ်။” လို့ဖြေခဲ့တာကို တွေ့ရတယ်။ ဒီဖြေဆိုချက်ကို ကြည့်ခြင်းအားဖြင့် NUGနဲ့  တိုင်းရင်းသား‌တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မဟာမိတ်ဆက်ဆံရေး အခြေအနေကို သိသာထင်ရှားစေခဲ့တယ်။

အဲ့ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုများအရ ဟိုင်ဂင်သ‌ဘောတူညီချက် တစ်ရပ်ထွက်ပေါ်လာခဲ့ပြီး အပစ်အခတ်ရပ်စဲရန်အပါအဝင် နှစ်ဖက်သဘောတူညီချက်တွေ ထွက်ပေါ်လာခဲ့တယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို ဒုတိယလှိုင်းအနေနဲ့ ထပ်မံပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ကြတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ထူးခြားချက်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းပြီး နယ်မြေသိမ်းတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ စတင်နိုင်တာဖြစ်တယ်လို့ တိုက်ပွဲကို အဓိကဦးဆောင်နေတဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ပြောခွင့်ရ လွေးယေဦး က VOA မှာပြောခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ ပြန်လည်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ဆက်စပ်ပြီး မန္တလေးတိုင်းအတွင်းပါ တော်လှန်ရေးတပ်များနှင့် အတူ ရှမ်းမန်း စစ်ဆင်ရေးအဖြစ် ထိုးဖောက်ဝင်ရောက်မည် ဖြစ်ကြောင်းကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်လိုက်ပြီးချိန်မှာတော့ မန္တလေးမြို့ကို သိမ်းနိုင်ဖို့အတွက် မြန်မာ ပြည်သူတစ်ရပ်လုံးက မျှော်လင့်ချက်ကြီးမားနေကြတယ်။

အခုလိုမျိုး မျှော်လင့်ချက်ကြီးမားနေချိန်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုက စက်တင်ဘာလ ၁၈ ရက်နေ့ညမှာ လူထုထံကို ပြန်လည်ပျံနှံ့လာခဲ့တယ်။ ဒီထုတ်ပြန်ချက်ထဲတွင် MNDAA ဟာ “တရုတ် (သို့မဟုတ်) မြန်မာကိုဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲ့ ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်။

ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေး အရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည် မဟုတ်ပေ။” ဟူ၍ ဖော်ပြထားခဲ့တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ပြည်သူအများစုရဲ့ ဝေဖန်မှုက မြင့်တက်နေခဲ့တယ်။ ဒီအချက်က မြန်မာ့နွေဦးတော်လှန်ရေးမှာ NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ မဟာမိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြလိုက်တာလားဆိုတဲ့ သုံးသပ်မှုတွေကိုလည်း တွေ့ရတယ်။ တချို့ကတော့လည်း တရုတ်ရဲ့ ဖိအားပေးမှုကြောင့်လို့ ထင်မြင်သူ တချို့လည်းရှိပါတယ်။

MNDAA နဲ့ TNLA တို့က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးချိန်မှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့ တိုက်ပွဲများ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ပိုင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးရဲ့ ၉၁ ရာခိုင်နှုန်းကို တိုင်ရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့ကလည်း NUG လက်အောက်ရှိ PDFတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီးဖြစ်တယ်။ ဒီအချက်တွေကြောင့် တရုတ်ဟာ မိမိကိုယ်ကျိုးစီးပွား ထိခိုက်မှုကို လျော့ချနိုင်ရန်နှင့် မြန်မာပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရန် ဝင်ရောက်စွက်ဖက်နေတယ်လို့ သုံးသပ်နေမှုများလည်း ရှိနေပါတယ်။

တရုတ်က စစ်ကောင်စီနဲ့သာမက NUGနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းက  EAOs တချို့နဲ့ပါဆွေးနွေးမှုတွေရှိခဲ့ပြီး တရုတ်အနေနဲ့ မြန်မာ အကျပ်အတည်းကို အင်အားစု အားလုံးနဲ့ ထောင့်စုံဖြေရှင်းမှ တရုတ်အကျိုးစီးပွားပေါ် အာမခံချက်ရှိမယ်ဆိုတဲ့ စဉ်းစားချက်ကို အခြေခံကြောင်း ISP Myanmar ရဲ့ ဩဂုတ်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တယ်။

တရုတ်က ကိုယ်ကျိုးစီးပွားအတွက် မြောက်ပိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးမှုတွေရှိနေသလို တဘက်က NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြားက နိုင်ငံရေး၊ စစ်ရေး မကျေလည်မှုတွေကလည်း တော်လှန်ရေးကာလ ၃နှစ်ကျော်အထိ ရှိနေဆဲပင်ဖြစ်ပါတယ်။

NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ အပြည့်အဝ မရရှိသေးခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က NUG ၏ ဖက်ဒရယ်မူကြမ်းကို လက်မခံခြင်း နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့က NUG တွင် တိုင်းရင်းသားကိုယ်စားပြုမှု လုံလောက်မှု မရှိဟု ထင်မြင်ကြခြင်း အပါအဝင် မကျေလည်တဲ့ အချက်တွေကလည်း ရှိနေဆဲဖြစ်တယ်။

NUG ကလည်း နိုင်ငံတကာအသိအမှတ်ပြုမှုရ ရှိရေးကို ကြိုးစားဆောင်ရွက်နေသလို တိုင်းရင်းသားအဖွဲ့အစည်းအချို့ကလည်း သူတို့ရဲ့ ကိုယ်ပိုင်တည်ဆောက်ထားတဲ့ နိုင်ငံတကာဆက်ဆံရေးကို ထိန်းသိမ်းထားချင်ကြပါတယ်။ လက်ရှိအချိန်အထိ AA နဲ့ NUG တို့ဟာ အချို့သောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပေမယ့် တရားဝင်မဟာမိတ်ဖွဲ့ထားခြင်းမရှိသေးပါဘူး။

AA က ရခိုင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ရခိုင်ပြည်အတွင်း လွတ်လပ်ခွင့်ကို ဦးစားပေးတိုက်ပွဲဝင်နေခြင်းဖြစ်တယ်။ ဒါတွေအပြင် နှစ်ပေါင်းများစွာထဲကရှိခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာ ပြဿနာများကြောင့်လည်း EAOs အချင်းချင်းကြား၊ NUG နဲ့ EAOsများ ကြားတွင် ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေမှုများလည်းရှိပြန်တယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် NUG နဲ့ EAOs တွေရဲ့ ဆက်ဆံရေးက ပိုမိုခိုင်မာဖို့ လိုအပ်တယ်။ ဒါဟာ တော်လှန်ရေးအောင်မြင်ဖို့ အဓိကအချက်တွေထဲက ထိပ်ဆုံး တစ်ခုဖြစ်ပါတယ်။ အမည်အားဖြင့်ကတော့ “ဖက်ဒရယ်ဒီမိုကရေစီ” စနစ်အတွက် သူတို့ရဲ့ ရည်ရွယ်ချက်တွေက တူညီနေပေမယ့် အခုအချိန်မှာတော့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ မျှော်လင့်ချက်နဲ့ NUG ရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ အကြား ကွာဟမှုတွေ ရှိနေပါသေးတယ်။

စစ်အာဏာရှင်ကို တော်လှန်ဖို့ NUG နဲ့ EAOs တွေကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်ပေမယ့် တိုင်းရင်းသားအဖွဲ့များ၏ အကူအညီသည် တော်လှန်ရေး၏ အောင်မြင်မှုအတွက် အဓိကအခန်းကဏ္ဍရှိတယ်ဆိုတာ ငြင်းမရပါဘူး။ NUG အနေဖြင့် EAOs တွေရဲ့ သဘောထားနဲ့ ရည်ရွယ်ချက်ကို ပိုမိုအလေးထားဆွေးနွေးဖို့ လိုအပ်နေပါသေးတယ်။

ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့ အားလုံးမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး၊ နှစ် ၇၀ ကျော်ကြာနေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး စတဲ့ အခြေခံရည်ရွယ်ချက်တွေတူညီနေကြပေမယ့် ဘုံသဘောတူညီမှုတွေ၊ နိုင်ငံရေး၊ စစ်ရေး သဘောတူညီမှုတွေကတော့ ပြည်သူတွေမျှော်လင့်ထားသလောက် အားရကျေနပ်မှုတွေ မတွေ့နေရသေးပါဘူး။

ဒီတော်လှန်ရေး ၃ နှစ်ကျော်အတွင်းမှာ တော်လှန်ရေးခေါင်းဆောင်အဖွဲ့အစည်းတွေက လမ်းချင်းတူပင်မဲ့ လူချင်းမတွေ့ကြသေးတာလား။ လူချင်းတွေ့ပြီးမှ ယုံကြည်မှုတွေ မတည်ဆောက်နိုင်ကြသေးတာလားဆိုတာ ပြန်စဉ်းစား သုံးသပ်ဖို့ အချိန်တန်နေပါပြီ။

ညီညီ

Related Articles

Back to top button