အတွေးအမြင်

အာဏာရှင်ရဲ့အရင်းခံ ရေသောက်မြစ်

Areng Pui | အတွေးအမြင်

အာဏာရှင်ရဲ့အရင်းခံ ရေသောက်မြစ်

Areng Pui | အတွေးအမြင်

အာဏာရှင်လို့ ပြောလိုက်ရင် အားလုံးဟာ မင်းအောင်လှိုင်ကိုပဲ ပြေးမြင်မိကြမှာဖြစ်တယ်။ သိုသော် မြန်မာ့သမိုင်းတစ်လျှောက်လုံးကိုကြည့်မယ်ဆိုရင် အာဏာရှင်နဲ့ ကင်းခဲ့တာတော့မဟုတ်ပေ။ ခေတ် အဆက်ဆက်လိုက်ကို အာဏာရှင်စနစ်မျိုးစုံနဲ့ အုပ်ချုပ်လာခဲ့ကြတဲ့ လူ့ဘောင်အဖွဲ့အစည်း တစ်ခုဖြစ်သည် ဟုဆိုရင်လည်း မမှားနိုင်ပါ။

၁၉၈၅ ခုနှစ်၊ ကိုလိုနီခေတ်မတိုင်ခင်လည်း မြန်မာပြည်ကို နိုင်ငံတော်၏ အာဏာသုံး ရပ်လုံး ခေတ်နဲ့အလျောက် ဘုရင်များက လက်ကိုင်အုပ်ထားပြီး ပြည်သူပြည်သားများကို အုပ်ချုပ်ခဲ့ ကြတာဖြစ်တယ်။ ထိုနည်းတူ တိုင်းရင်းသားနယ်မြေတွင်လည်း သူ့နယ်မြေအသီးသီးအလိုက် ဘုရင်၊ တောင်မင်း၊ ရွာသူကြီး၊စော်ဘွား အစရှိသည်ဖြင့် အုပ်ချုပ်လာခဲ့ကြတာဖြစ်ပါတယ်။

အာဏာရှင် ဆိုတဲ့အသုံးအနှုန်းတွေ၊ အာဏာရှင် သက်ဆိုးရှည်ချိန်ကို တိုင်းတာကြမယ်ဆိုရင်တောင် သက်ဦးဆံပိုင် ခေတ်တွေ၊ ကိုလိုနီခေတ်တွေ ခဏဘေးချိတ်ထားပြီး  လွတ်လပ်ရေးခေတ်နှောင်းပိုင်းကိုပဲ စဉ်းစားကြ မယ်ဆိုရင်တောင် မြန်မာနိုင်ငံအတွင်း အာဏာရှင်သက်ဆိုးရှည်မှုသည် အတော်များတာ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်ပြီး အုပ်ချုပ်တဲ့ အချိန်ကာလသည် (၁၀)နှစ်မပြည့်တဲ့ အချိန်ကာလ တစ်ခုဖြစ်ပါတယ်။

အဲသည် ကာလတွင်လည်း အာဏာရှင်များ၏ အမွေပေးကမ်းကောင်းမှုကြောင့် အာဏာရှင်ရဲ့ အငွေ့အသက်သည် အုပ်ချုပ်ရေး၏ ၈၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ အဲသည်အတွက်ကြောင့် အာဏာရှင်လို့ ပြောလိုက်ရင် မြန်မာပြည်သူတွေကြားမှာ ခါးခါးသီးသီးဖြစ်ပြီး တချို့ဆိုရင် အာဏာရှင်စနစ်အောက်မှာ နေသားကျနေပြီဟုတောင် ထင်စရာဖြစ်တာဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ အာဏာရှင်အဆက်ဆက်ကိုကြည့်မယ်ဆိုရင် ဦးနေဝင်းခေတ်၊ ဦးသန်းရွှေခေတ်၊ဦးခင်ညွန့်ခေတ်နဲ့ လက်ရှိ မင်းအောင်လှိုင် ခေတ်ဆိုပြီ ခေတ် (၄)ခေတ်နဲ့ ပြောဆိုရမှာဖြစ်ပါတယ်။ အဲသည်လို ခေတ်ကာလအလိုက် ကြီးစိုးပြီး ပြည်သူလူထုကို  အမိန့်အောက်မှာ အုပ်ချုပ်လိုတဲ့စိတ် တွေဟာ နောက်ခံသမိုင်းကြောင်း တွေကြောင့်ဖြစ်ပါတယ်။ အာဏာရှင်ကို ထွန်းကားစေတဲ့ လူမှုဆိုင်ရာ စံနှုန်းတွေကြောင့်ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို မသိမသာ တွန်းပို့ပေးစေတဲ့ အရင်းခံရေသောက် မြစ်များကို အချက် (၃) ချက်နဲ့ ဖော်ပြဆွေးနွေးချင်တာဖြစ်ပါတယ်။

(၁) လူမှုစံသတ်မှတ်ချက်

မြန်မာ့ ယဉ်ကျေးမှုတွေကို လေ့လာကြည့်ရင် တချို့က သိပ်ကိုကောင်းပါတယ်။ သို့သော် တချို့တွေ က ကောင်းသယောင်ယောင်နဲ့ အာဏာရှင်ဖြစ် စေမည့် လမ်းစလိုမျိုးဖြစ်စေတာဖြစ်ပါတယ်။ အဲသည် အထဲကမှ (၁) ချက်ကိုပဲထောက်ပြ ရမယ်ဆိုရင် “ကြီးသူကိုရိုသေ” ဆိုတဲ့ဟာပါ။ ကြီးရင် ကောင်း ကောင်း၊ မကောင်းကောင်း အရိုသေပေးရမယ် ဆိုတဲ့ Social Normဖြစ်ပါတယ်။ အကြီးက နေရာတကာ မှာ ဆရာကြီးလုပ်ခွင့်ပေးတဲ့သဘောပါ။ အကြီးစကား ကို မှားနေလို့ အကျိုးအကြောင်း ရှင်းပြတာတောင် မှ အငယ်ကအငယ်လိုနေ၊  အကြီးကို ခံမပြောရဘူး၊ ငါက အကြီး၊ ငါပြောသလိုလုပ် ဆိုတဲ့ ကြီးသူကို အလွန်အကျွံ့ အရိုသေပေးရမယ်ဆိုတဲ့ ဓလေ့တစ်ခုပါ။

အဖွဲ့အစည်းတွေမှာဆိုရင် လည်း  ရာထူးကြီးသူ ကို ရိုသေရမယ်၊ ခံမပြောရဘူး ဆိုတဲ့အရာ။ အထက်လူကြီးဆိုရင် မှန်မှန်၊ မှားမှား ဟုတ် တစ်လုံးနဲ့ ခေါင်းညိတ်နေတဲ့ ဓလေ့ဆိုးတွေဟာဆိုရင် မသိမသာနဲ့ အာဏာရှင်ဖြစ်ထွန်းဖို့ကို တွန်းပို့ပေးနေတာဖြစ် ပြီး၊ အာဏာရှင်ဆန်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ ကြီးသူကို အာခံဖို့၊ ကလန်ကဆန်လုပ်ဖို့ ပြောတာမဟုတ်ဘဲ အကျိုး အကြောင်းမှန်နေရင် ရာထူးကြီးကြီးပဲဖြစ်နေပါစေ၊ အငယ်ပဲဖြစ်နေပါစေ ၊သူတောင်းစားပဲဖြစ် နေပါစေ အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးတိုင်ပင်မှု ဓလေ့ဖြစ်ထွန်းဖို့ကို ရည်ညွန်းချင်တာဖြစ် ပါတယ်။

(၂) လူပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဓလေ့က လူပုဂ္ဂိုလ်ကိုးကွယ်မှုဝါဒ အရမ်းအားကောင်းခဲ့ပါတယ်။ ခုလည်း အားကောင်းနေဆဲပဲဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ကို လက်ခံပြီဆိုရင် သူ့နောက်ကို အားပေးထောက်ခံလိုက်လုပ်တတ်တဲ့ ဓလေ့ပါ။ ဥပမာတစ်ခုနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်မှု လွန်ကဲတဲ့ဖြစ်စဉ်မျိုးပါ။

၂၀၁၉ ခုနှစ်၊ ကန်ဘီယာနိုင်ငံကနေ မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးကူညီတယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုတားပါတယ်။ အဲတာကို ခုခံဖို့ ဒေါ်စု သွားတဲ့ ကိစ္စပါ။ ဒေါ်စုက တရားရုံးသွားပြီး ဘယ်လိုပုံစံ၊ ဘယ်လိုမျိုး ခုခံချေပခဲ့လဲ ဆိုတာကို မသိဘဲ ဒေါ်စုဖြစ်လို့  ဒေါ်စုထောက်ခံပွဲကို ပြုလုပ်နေတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ တရားရုံးမှာ ထွက်ဆိုလိုက်တဲ့ ထွက်ဆိုချက်အကျိုးအကြောင်းတွေက လက်ခံရစရာဖြစ်လို့ ထောက်ခံပွဲတွေ ပြုလုပ်ပေးတယ်ဆိုရင် သဘောဝကျပါတယ်။

သို့သော် တရားရုံးမှာ ဘာတွေပြောပြီး၊ ဘယ်လိုတွေ ဖြေရှင်းမလဲဆိုတာတောင် မသိသေးဘဲ လူပုဂ္ဂိုလ်ကိုးကွယ်မှုကြောင့် ထောက်ခံပွဲတွေလုပ်နေတာ ဟာ ဒေါ်စုကို အာဏာရှင်ဖြစ်ဖို့ တွန်းပို့ပေးရာလည်းရောက်ပါတယ်။ အကျိုးအကြောင်းကို အခြေမခံဘဲ လူပုဂ္ဂိုလ်ကို အခြေပြုပြီး ကိုးကွယ်မှုတွေဟာဆိုရင်လည်း အာဏာရှင်ရဲ့ အရင်းခံ ရေသောက်မြစ်တစ်ခုလို့ ဆိုနိုင်တာဖြစ်ပါတယ်။

(၃) လူရာဝင်ချင်တဲ့ဓလေ့

 မြန်မာနိုင်ငံကလူတွေဟာ သိပ်ကို လူရာဝင်ချင်တဲ့ဓလေ့ စိတ်ရောဂါ အရမ်းကြီးပါတယ်။ ပြောရရင် သူရဲ့ကောင်းဖြစ်ချင်တဲ့ရောဂါ၊ လူပုဂ္ဂိုလ် အကိုးကွယ်ခံချင်တဲ့ဓလေ့ဖြစ်ပါတယ်။   မြန်မာနိုင်ငံ အာဏာ သိမ်းမှုဖြစ်တော့မယ်ဆိုရင် အဲသည် အာဏာရှင်တွေက ဆင်ခြင်တွေပေးတတ်ကြပါတယ်။ ဦးနေဝင်းဆို ရင်လည်း  နိုင်ငံတော် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်လိုက်တာတို့၊ မင်းအောင်လှိုင်ဆို ရင်လည်း တိုင်းပြည်က ဒီမိုကရေစီကနေ လမ်းလွဲနေပြီဖြစ်လို့၊ ဒီမိုကရေစီ    ပျက်သုန်းတော့မှာမို့လို့ တပ်မတော်က အနစ်နာခံ ဝင်ထိန်းပေးပါတယ်။ ဝင်ကျောင်းပေးပါတယ်ဆိုတဲ့  သူရဲကောင်းဖြစ်ချင်တဲ့၊ လူရာအရမ်းဝင်ချင်တဲ့ ဓလေ့တစ်ခုဟာ ခုထိ ဖြစ်ထွန်းနေတာဖြစ်ပါတယ်။

ဒီအချက်ဟာလည်း အာဏာရှင်ကို မွေးမြူပေးနေတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ အဲသည်အတွက်ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆီလျော်အောင် မစဉ်းစားတော့ဘဲ လုပ်ချင်ရာ လုပ်ရာကနေ အာဏာရှင်ဟာ မသိမသာနဲ့ နှစ်ပေါင်း (၇၀)ကျော် သက်ဆိုးရှည်နေတာဖြစ်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးကို ဦးဆောင်ကြပြီး အမျိုးသားအုပ်ချုပ်ရေးယန္တာရားကို တည်ဆောက်နေ ကြချိန်၊ အမျိုးသားစုဖွဲ့မှုကိုတည်ဆောက်နေကြချိန်မှာ ငါမှငါဆိုတဲ့အတ္တစိတ်တွေကို ဖျောက်ပစ်ဖို့တာ ဖြစ်တယ်။ ပူးပေါင်းပါဝင်မှုတွေ အားကောင်းဖို့လိုတာဖြစ်တယ်။  အလုပ်တစ်ခုကို ကိုင်တွယ်ဖြေရှင်း ကြတဲ့အခါ၊ သူက အကြီးမို့၊ သူက အထက်အရာရှိမို့လို့ သူပြောတာကို လက်ခံရမယ်၊ အာခံလို့မရဘူး ဆိုတဲ့ ဓလေ့နှုန်းထားတွေ၊ ပုဂ္ဂိုလ်စွဲကိုးကွယ်မှုတွေ၊ သူရဲ့ကောင်းဖြစ်စေချင်တဲ့အရာတွေ၊ လူရာအရမ်းဝင်ချင်တဲ့ ရောဂါဓလေ့တွေကို ပယ်ထုတ်ရမှာဖြစ်တယ်။

အကျိုးအကြောင်းအပေါ်အခြေခံပြီး၊ ထွက်ပေါ်လာမယ့် ရလဒ်အပေါ် အားလုံးပူး ပေါင်းလုပ်ဆောင်တတ်တဲ့ စရိုက်တွေ၊ ဓလေ့အသစ်တွေ မွေးမြူထားဖို့လိုအပ်တာဖြစ်ပါတယ်။ ဒီလိုအခြေခံကျတဲ့ အာဏာရှင်ရဲ့ ရေသောက်မြစ်တွေကို  ပယ်ထုတ်နိုင်မှသာလျှင် အာဏာရှင်စနစ်ကိုလည်း  အမြစ်ပြတ် တွန်းထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။ အရင်းမြစ်ကို မပယ်ထုတ်နိုင်သ၍ လက်ရှိ အာဏာာရှင်ဖြုတ်ကျသည့်တိုင်အောင် နောက်နောင်တွင်လည်းထို ကဲ့သို့အာဏာရှင်ဟာ ထပ်မံပေါ်ပေါက်လာအုံးမှာဖြစ်ပါတယ်။

Areng Pui

Related Articles

Back to top button