ပြည်နယ် နယ်နိမိတ်များအရေး | မြင့်မာန် – အတွေးအမြင်
စစ်အုပ်စုတို့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေးတွေ အခြေမလှချိန်မှာ တော်လှန်ရေးအင်အားစုတွေက ရည်မှန်းရာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအတွက် ပြင်ဆင်ဆွေးနွေးနေကြပါတယ်။ တိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ စုစည်းမယ်၊ အုပ်ချုပ်မယ်လို့ ဆုံးဖြတ်ထားကြတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေး အင်အားစုများဟာ ဖက်ဒရယ်ဆိုင်ရာအစီအမံကိစ္စတွေကို ကျယ်ကျယ်လောင်လောင်တမျိုး တိုးတိုးတိတ်တိတ်တဖုံ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ တချို့လည်း ကြိုတင်ပြင်ဆင်ကြ လုပ်နေကြပါတယ်။ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ရင် ပြောဆိုစရာ အင်မတန်များပြီး အဲ့ဒီထဲက တစ်ခုကတော့ နယ်မြေများ ပိုင်းခြား သတ်မှတ်ရေး ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်မှာ အစိုးရအလွှာ အနည်းဆုံး (၂) ရပ် ရှိပြီး အစိုးရ ဒုတိယအလွှာဖြစ်တဲ့ ပြည်နယ်များဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိကြပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာမဏ္ဍိုင် (၃) ရပ်လုံးမှာ လုပ်ပိုင်ခွင့်အာဏာ ရရှိကြတာ ဖြစ်တယ်။ ပြည်နယ်တွေရဲ့ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားတာဖြစ်တဲ့အတွက် အာမခံချက်ကောင်းတယ်၊ ခိုင်မာမှု ရှိတယ်လို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ပြည်နယ်တစ်ခုဟာ ဥပဒေပြုနိုင်တယ်၊ အဲ့ဒီဥပဒေအရ အုပ်ချုပ်နိုင်တယ်။ ပြီးတော့ အဲ့ဒီဥပဒေတွေအရ တရားစီရင်ပိုင်ခွင့်ရှိပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်များရရှိပြီး ကိုယ့်ကံကြမ္မာကိုယ် ကိုယ်တိုင်ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေဟာ သိပ်အရေးပါတယ်။
ပြည်နယ်တွေဟာ အင်မတန် အရေးပါတဲ့အတွက် ပြည်နယ်တွေ ဖွဲ့စည်းရေးဟာ သိပ်အရေးကြီးလာတယ်။ ပြည်နယ်တွေ ဘယ်လိုဖွဲ့မယ်ဆိုတဲ့ သဘောတူညီချက်မရှိသေးတဲ့ မြန်မာ့နိုင်ငံရေးအတွက် ဒီအချက်ဟာ အများစိတ်ဝင်စားရာ ခေါင်းစဥ်ဖြစ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးစရာ အများကြီး ရှိပါတယ်။ အဲ့ဒီထဲကမှ ကျနော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးလာမယ့် နယ်မြေကိစ္စကို ပြောချင်တယ်။ ပြည်နယ်တစ်ခုရဲ့ နယ်မြေကို ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
ရှိရင်းစွဲ ပြည်နယ် (၇) ခု၊ တိုင်းဒေသကြီး (၇) ခုကို အခြေခံပြီး ၁၄ ခုနဲ့ ဆက်သွားမလား၊ ဒါမှမဟုတ် ၁၉၆၀ ခုနှစ် ဝန်းကျင်တုန်းက ဆွေးနွေးကြဖူးတဲ့ (၈) ပြည်နယ်မူနဲ့ သွားမလား၊ (၁၄) ပြည်နယ်လည်း မဟုတ်၊ (၈) ပြည်နယ်လည်း မဟုတ်၊ တခြားနည်းနဲ့ သွားမလား ဆွေးနွေးကြတာရှိတယ်။ လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ၊ နယ်မြေဒေသကို အခြေခံတဲ့ပြည်နယ်တွေ၊ ဒါမှမဟုတ် လူမျိုးအခြေခံပြည်နယ်ရော နယ်မြေဒေသအခြေပြု ပြည်နယ်ရောရှိမယ့် ဖက်ဒရယ်နိုင်ငံ စသည်အားဖြင့် ပြည်နယ်ဖွဲ့စည်းရေးကို ဘယ်လိုပင်ဆိုဆို ပြည်နယ်တစ်ခုရဲ့ နယ်နိမိတ်သတ်မှတ်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးလာပါလိမ့်မယ်။
ပြည်နယ် နယ်နမိတ်များဟာ အဲ့ဒီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်နယ်သူ၊ ပြည်နယ်သားများအတွက် လူမျိုးအရ၊ ယဥ်ကျေးမှုအရ၊ ဘာသာစကားအရ၊ စီးပွားရေးအရ၊ ဖွံ့ဖြိုးတိုးတက်ရေးအရ စသည်ကိစ္စများစွာအတွက် အခရာကျပါတယ်။ တချို့နယ်မြေတွေဟာ သဘာဝသယံဇာတပေါကြွယ်ဝတယ်။ တချို့နယ်မြေတွေဟာ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတယ်။ တချို့နယ်မြေတွေဟာ လူဦးရေထူထပ် တယ်။ စသည်အားဖြင့် နယ်မြေဒေသအလိုက် အားသာချက်တွေရှိပြီးတော့ ဒီရှိတဲ့နယ်မြေတွေ ကိုယ့်ပြည်နယ်အတွင်းရောက်ရှိလာခြင်းဟာ ပြည်နယ်အတွက် အကျိုးရှိနိုင်ပါတယ်။ တချို့နယ်မြေတွေ ကျတော့လည်း မိမိနဲ့တူတဲ့ လူမျိုး၊ ဘာသာစကား၊ ယဥ်ကျေးမှု၊ ကိုးကွယ်ရာဘာသာရှိပြီး မိမိပြည်နယ်ထဲ ထည့်သွင်းလိုကြမယ်။ သမိုင်းကြောင်းအရ မိမိပြည်နယ်ထဲ ရှိသင့်တယ်လို့ ယူဆတာလည်း ရှိမယ်။ ဒါတွေဟာ မကြာမီမှာ ကျနော်တို့ ရင်ဆိုင်ရမယ့် ကိစ္စရပ်တွေဖြစ်တယ်။ အခုလည်း အနည်းအများဆိုသလို လက်ဦးမှုရဖို့ ကြိုးစားတာ၊ ကြိုတင် စိတ်ကူးကြတာတွေရှိနိုင်တယ်။
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ပြည်နယ်တွေ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာ မသိရသေးသလို အခု ပြည်နယ်တွေလည်း ရှိရင်းစွဲ နယ်နိမိတ်အတိုင်း တည်ရှိနေမလားဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ပြည်နယ် နယ် နယ်စပ်မျဥ်းတွေဟာ ရွေ့လျားပါလိမ့်မယ်။ ပဋိပက္ခတွေလည်း ကြုံကောင်း ကြုံရနိုင်ပါတယ်။ အခုလည်း ပဋိပက္ခ ဖြစ်လာနိုင်ခြေရှိတဲ့အခြေအနေတွေ တွေ့နေရတွေရှိပါတယ်။ ဥပမာအနေနဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကြားက ပလက်ဝမြို့နယ်ကိစ္စ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းကိစ္စ၊ ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းနီကိစ္စ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် ဆပ်စတိတ် ကိစ္စ၊ “ဝ” ကိစ္စ၊ တအာင်းပြည်နယ်ကိစ္စ၊ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ပြင်ဦးလွင်ကိစ္စ၊ ပအို့ဝ်ပြည်နယ်ကိစ္စ၊ ရှမ်းပြည်နယ်တောင်းပိုင်းက ဖယ်ခုံမြို့လိုမျိုး ကရင်နီများနေထိုင်တဲ့ ဒေသများကိစ္စ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းထဲရှိနေတဲ့ ကရင်များကိစ္စ စသည်အားဖြင့် လူမျိုးတွေ နေထိုင်ရာ လိုက်ပြီး နယ်နိမိတ်ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ မီးခဲပြာဖုံးသလိုမျိုး အထဲမှာတင် လှိုက်နေတဲ့ ပြဿနာဖြစ်နေတယ်လို့ မြင်ပါတယ်။
အလယ်ပိုင်းအညာဒေသမှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေပါတယ်။ အညာဒေသကို ဘယ်လိုသတ်မှတ်မလဲဆိုတာကိုက ပြဿနာတစ်ရပ်ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အညာလို့ ပြောတဲ့အခါ တိကျတဲ့နယ်နိမိတ်ကို ဖော်ပြဖို့ ခက်ခဲလှပြီး နိုင်ငံရေးအရ အမှတ်သရုပ်တစ်ခုအဖြစ် ယခင်က မရှိခဲ့ဖူးပါဘူး။ သေချာတာက နယ်မြေကိစ္စတွေဟာ အကြေအလည်ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ အခုအချိန်မှာ မတို့မထိရသေးတဲ့ ကိစ္စဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ထဲမှာလည်း ထည့်သွင်းဖော်ပြဖို့ ပျက်ကွက်ထားတဲ့ ကိစ္စဖြစ်တယ်။
နယ်မြေဒေသတွေကို ဘယ်လိုသတ်မှတ်မလဲ၊ ပြည်နယ် နယ်နိမိတ်တွေကို ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ကိစ္စဟာ အနာဂတ်မှာ အရမ်းအရေးကြီးလာနိုင်တဲ့ ကိစ္စဖြစ်တာကို အားလုံးသဘောပေါက်ကြမယ်လို့ ယူဆပါတယ်။ အနာဂတ်မှာ အရေးကြီးမယ်ဆိုတာ လက်ခတ်မလွဲပါ။ အဲ့ဒီလိုပဲ ပြည်နယ်ဖွဲ့စည်းရေး ဒါမှမဟုတ် နယ်နိမိတ်များသတ်မှတ်ရေးဟာ လက်ရှိအခင်းအကျင်းအတွက်လည်း သက်ရောက်မှုများစွာ ရှိလာနိုင်တယ်။ အခု ရှိနေပြီးလားလို့တောင် မေးလို့ရမယ်ထင်တယ်။
ပြည်နယ်အသီးသီး ဒါမှမဟုတ် လူမျိုးအသီးသီးဟာ မိမိတို့ ရည်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ကိုယ်စီရှိကြတယ်။ ပြည်နယ်ရည်မှန်းချက် ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရည်မှန်းချက်လည်း ရှိကြတယ်။ အဲ့ဒီရည်မှန်းချက်တွေကို မျှော်ရည်ပြီး အင်အားတည်ဆောက်တာ၊ မဟာမိတ်ဖွဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ လက်ဦးမှုရယူတာတွေ ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်တယ်။ ဒါတွေကနေ လူမျိုးအချင်းချင်းကြား၊ နယ်မြေအချင်းချင်းကြား တင်းမာမှုတွေ၊ ပဋိပက္ခတွေကို ဦးတည်သွားစေနိုင်တယ်။ ဒါက စိုးရိမ်စရာကောင်းတယ်။ အတင်းအဓမ္မအာဏာသိမ်း၊ လူသတ် ရွာတွေ မီးရှို့နေတဲ့ ဘုံရန်သူ စစ်အုပ်စုကို အာရုံစိုက်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေဟာ မိမိတို့ရည်မှန်းချက်ကိုလည်း မျှော်ရည်ကြတာ ဖြစ်တဲ့အတွက် အချင်းချင်းကြားမှာ ချကုန်ကြရင် ဝမ်းနည်းစရာကောင်တယ်။ ဒါကို ကျနော်တို့ ရှောင်ရှားဖို့ ကြိုတင်စီမံမှရမယ်။
KIA နဲ့ TNLA ကြားမှာလည်း နယ်မြေကိစ္စနဲ့ပတ်သက်ပြီး ထိပ်တိုက်တိုးခါနီးအခြေအနေတွေ ရှိခဲ့တယ်။ ဆွေးနွေးညှိနိုင်းပြီး ထိန်းထားနိုင်ကြပေမယ့် တခါတရံ အသေးစား ထိတွေ့တာတချို့ အတိတ်မှာ ရှိဖူးတယ်။ အဲ့ဒီလိုပဲ ပလက်ဝမြို့နယ်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်နဲ့ ချင်းတွေကြား အငြင်းပွားကြတာရှိတယ်။ ဒါတွေဟာ နိုင်ငံရဲ့ နေရာအနှံ့၊ လူမျိုးအသီးသီး ပြည်နယ်အသီးသီး၊ ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေပြီးတော့ မမြင်သာသေးတဲ့ ပြဿနာဖြစ်တယ်။ ဒီကိစ္စတွေဟာ မီးခဲပြာဖုံးဖြစ်နေတာ ဖြစ်တယ်။ ယနေ့တော်လှန်ရေး အောင်ရင် ယနေ့ရှင်းကြရမှာဖြစ်ပြီး ပဋိပက္ခဆီ ဦးတည်ကောင်း ဦးတည်နိုင်တဲ့အတွက် ပေါ့ပေါ့ဆဆ သဘောမထားကြဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးမအောင်မြင်သေးခင်မှာလည်း အချင်းချင်းကြား နောက်ကျောလုံလုံနဲ့ ပူးပေါင်းနိုင်ဖို့ ကျနော်တို့ ကြိုတင်ဆွေးနွေးရမှာဖြစ်တယ်။
အခုအချိန်မှာ နယ်မြေတွေ ဘယ်လိုခွဲဝေမယ်၊ ဘယ်နှစ်ပြည်နယ်တွေသတ်မှတ်မယ်ဆိုတာမျိုးက လက်တွေ့ မကျပါဘူး။ မဖြစ်နိုင်ပါဘူး။ ဆိုတော့ကာ ဘယ်နှစ်ပြည်နယ်သတ်မှတ်မယ်ဆိုတာမျိုး၊ ဘယ်ဒေသက ဘယ်ပြည်နယ်ထဲ ပါရမယ်ဆိုတာမျိုး မလုပ်ဆောင်နိုင်သေးဘူးဆိုတာ အပြည့်အဝ သဘောပေါက်ပါတယ်။ သို့သော် ဒီအတိုင်း လွှတ်ထားလို့လည်း မကောင်းချေဘူး။ အဲ့ဒီတော့ ကျနော်မြင်တာက အစီအမံတစ်ခုခုတော့ ကြိုတင်ဆွေးနွေးချမှတ်ထားဖို့ သဘောတူညီချက်ရယူထားဖို့ လိုပါတယ်။ ပြည်နယ်နယ်နိမိတ်တွေကို ဘယ်လိုသတ်မှတ်မလဲ၊ နယ်မြေတွေကို ဘယ်လိုစီမံမလဲဆိုတာ သဘောတူညီချက်ရမထားရင် တော်လှန်ရေးအပေါ် သက်ရောက်မှု တချို့ရှိပါလိမ့်မယ်။ ဒါကြောင့် အစီအမံတစ်ခုခုတော့ စဥ်းစားဖို့ လိုအပ်လိမ့်မယ်။ သက်ဆိုင်သူများ တွေးကြဖို့ဖြစ်ပါတယ်။ ဆိုင်ရာ ဆိုင်ရာ ဦးဆောင်သူများက သဘောတူညီချက်တွေ ဖော်ဆောင်သင့်တယ်လို့ မြင်ပါတယ်။
ဘယ်လိုသဘောတူညီချက်လည်းဆိုတော့ ပြည်နယ်တွေ ဖွဲ့စည်းတဲ့အခါမှာ ဘယ်လိုအဆင့်ဆင့်သွားမယ်၊ အဆင့်တစ်ခုချင်းဆီကို ဘယ်လိုဆောင်ရွက်မယ်၊ ဘယ်သူတွေ ဘယ်လိုနည်းနဲ့ ပါဝင်ရမယ်ဆိုတာ သတ်မှတ်ထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။ နေရာဒေသတစ်ခုကို ဘယ်ပြည်နယ်ထဲ ထည့်ရမယ်ဆိုတဲ့ ကိစ္စကို ဘယ်လိုလုပ်ငန်းစဥ်နဲ့ သွားမယ်၊ အဲ့ဒီနေရာဒေသမှာ နေထိုင်တဲ့ ပြည်သူများက ဘယ်လိုပါဝင်ဆုံးဖြတ်ခွင့် ရှိတယ်စသည်အားဖြင့် သဘောတူထားကြဖို့ဖြစ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းရေးလုပ်ငန်းစဥ်၊ နယ်နိမိတ် သတ်မှတ်ရေးလုပ်ငန်းစဥ်ကို သဘောတူထားဖို့ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းကို သဘောတူဖို့ဖြစ်တယ်။ လုပ်ငန်းစဥ်ကို သဘောတူဖို့ဖြစ်တယ်။ process ကို သတ်မှတ်ဖို့၊ မူဘောင်ကို ဆွေးနွေးဖို့ဖြစ်တယ်။
ဒီလိုသဘောတူထားတဲ့ လုပ်ငန်းစဥ်၊ လုပ်ထုံးလုပ်နည်းရှိထားရင် လက်တွေ့ဆောင်ရွက်တဲ့အခါ ကြိုတင်သဘောတူထားတဲ့ အတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် အခုအချိန်မှာ စိတ်ချလက်ချနေလို့ရပါမယ်။ နောက်ကျောလုံလုံနဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို အာရုံစိုက်နိုင်ကြမယ်ထင်ပါတယ်။ မိမိပြည်နယ်အတွက် စစ်ရေးအရလည်း လက်ဦးမှုရယူထားစရာ၊ နယ်မြေ ထိန်းချုပ်ထားစရာမလိုသလို နိုင်ငံရေးအရ လက်ဦးမှုလည်း ရယူထားဖို့မလိုတော့ပါဘူး။ အားလုံး သဘောတူထားတဲ့ လုပ်ငန်းစဥ်၊ လုပ်ထုံးလုပ်နည်း ရှိထားရင်ပေါ့။ အဲ့ဒီလိုရှိထားခြင်းဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးအတွက် အရေးကြီးတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ အနာဂတ်မှာ ပဋိပက္ခတွေရှောင်ရှားရေးအတွက် အရေးကြီးတဲ့ လုပ်ရပ်ဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးအပေါ် ပိုမိုအာရုံစိုက်ဖို့၊ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ပိုကောင်းလာမယ်လို့ မြင်ပါတယ်။
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံအသီးသီးမှာ နယ်နိမိတ်သတ်မှတ်ရေးတွေဟာ ကြုံရေလေ့ရှိတယ်။ ပြီးတော့ နယ်နိမိတ်များဆိုတာဟာလည်း အသေမဟုတ်ပါဘူး။ ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရကာစက ပြည်နယ်နယ်နိမိတ်တွေဟာ အခုနယ်နိမိတ်တွေနဲ့ လုံးဝမတူ ကွဲပြားသွားပါပြီ။ ဒီသဘောတရားကိုလည်း ကျနော်တို့ နှလုံးပိုက်ထားကြရမယ်။ ပြီးတော့ အင်မတန် အရေးကြီးတဲ့ ကိစ္စကို အုံံ့ပုန်း လုပ်မနေဘဲ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအဖြေကြဖို့ လိုအပ်ပါတယ်။
– မြင့်မာန်