မွန်တော်လှန်ရေးသမိုင်း အစိတ်အပိုင်းများ | ကံ့ကော်ဖြူ
မွန်လူမျိုးတို့သည် BC – ၂၀၀၀ ခုနှစ်ကတည်းက လက်ရှိမြန်မာနိုင်ငံမှာ စတင်အခြေချနေထိုင်ခဲ့ကြပြီး BC – ၁၀၀၀ ကပင် မြို့ပြနိုင်ငံကို တည်ထောင်ပြီး ထီးနန်းတည် အုပ်ချုပ်ခဲ့ကြသည်။
၁၇၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ ဗမာဘုရင် ဖြစ်သည့် ဦးအောင်ဇေယျမှ ဟံသာဝတီ မွန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်နိုင်ရုံသာမက လူမျိုးပျောက်အောင်အထိ ပြည်သူများကိုပါ သတ်ဖြတ်ခဲ့တာ ကြောင့် မွန်လူမျိုးတို့ ကစင့်ကလျားနှင့် ထိုင်းနှင့် အခြားနယ်ခြား ဒေသသို့ ထွက်ပြေးခဲ့ကြရသည်။ ထို့ကြောင့် ယခင်ဟံသာဝတီပြည် လက်ရှိမွန်ဒေသတွင် မွန်လူမျိုးများ အလွန်တိမ်ကောသွားခဲ့ရသည်။
မွန်နှင့်ဗမာ ကြားနှစ်နိုင်ငံစစ်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း အင်္ဂလိပ်လက်အောက် ကျရောက်ချိန်တွင် အတိုင်းအတာတခုအထိ ပြန်လည်ညီညွတ်လာကြသည်ဟု ဆိုနိုင်သည်။
ထင်ရှားသော အမျိုးသားလှုပ်ရှားမှုတစ်ခုဖြစ်သော GCBA ကို တည်ဆောက်သူသည် မွန်အမျိုးသား ခေါင်းဆောင် မွန်ချစ်လှိုင် ဖြစ်သည်။ ထို့ပြင် ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မွန်တို့ထိပ်ဆုံးမှ တက်တက်ကြွကြွပါဝင်ခဲ့သည်။
ဂျပန်ဆန့်ကျင်ရေးတွင်လည်း မွန်တို့ စစ်ရေး၊ နိုင်ငံရေးထဲတွင် ပါဝင်ခဲ့သလို၊ BIA တပ်တွင် မွန်အမျိုး သား (၃၀၀၀) ကျော် ပါဝင်ခဲ့သည်။
“ဂျပန်ဆန့်ကျင်ရေးတွင်လည်း မွန်တို့ စစ်ရေး၊ နိုင်ငံရေးထဲတွင် ပါဝင်ခဲ့သလို၊ BIA တပ်တွင် မွန်အမျိုး သား (၃၀၀၀) ကျော် ပါဝင်ခဲ့သည်”
သို့သော် လွတ်လပ်ယူရန်ကြိုးပမ်းမှုတွင် မွန်တို့ထဲထဲဝင်ဝင်ပါဝင်ခဲ့သော်လည်း လွတ်လပ်ရေးရချိန် တွင် မွန်လူမျိုးတို့အတွက် မွန်ပြည်နယ်ကို မပေးခဲ့ပေ။
ပင်လုံစာချုပ်ချုပ်ချိန်တွင်လည်း မွန်အရေးကို အလေး အနက်ထားပြီး ဖ.ဆ.ပ.လ မှ ထည့်သွင်း ဆွေးနွေးခဲ့ခြင်းမရှိသလို၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲရာတွင်လည်း “ မွန်နဲ့ ဗမာ တူတူဘဲ” ဆိုတဲ့ စဉ်းစားချက်မှ နိုင်ငံရေးနဲ့ပတ်သက်ပြီး မွန်လူမျိုးတွေကို ထည့်သွင်းရေးဆွဲခြင်း မရှိပေ။
ထို့ကြောင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် “မွန်ပြည်နယ် ဖော်ထုတ်ပေးရေး ဆန္ဒပြပွဲ ကြီး” ကို မွန်သံဃာတော်များနှင့်အတူ မွန်ပြည်သူ သုံးသောင်းကျော် မော်လမြိုင်မြို့၊ ဒိုင်းဝန်းကွင်းတွင် ချီတက်ဆန္ဒပြကြသည်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် မွန်ပြည်နယ်ရသည်အထိ အကောင်းဆုံးဆောင် ရွက်သွားမည်ဟု မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဥက္ကဌ နိုင်လှမောင်မှ ပြောကြားခဲ့သည်။ သို့သော်လည်း ဖ.ဆ.ပ.လ တို့က မွန်ပြည်နယ် ဖွဲ့စည်းရေးကို အသိအမှတ်မပြုပေ။
ဖ.ဆ.ပ.လ ကို တော်လှန်ကြသော ဗ.က.ပ နှင့် ပြည်သူ့ရဲဘော်တို့သည် မွန်လူမျိုးရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ကို လက်မခံပေ။ အဖိနှိပ်ခံချင်းတူတူ ဖြစ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံးက မွန်တော်လှန်ရေး၏ ပထမဆုံးမဟာမိတ် ဖြစ်ခဲ့သည်။
တော်လှန်ရေးအစတွင် အပ်တိုတချောင်းမျှပင် မရှိရာမှ လက်နက်ကို တိုက်ယူသည့်နည်းဖြင့် စုဆောင်း ခဲ့ကြသည်။ မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကိုတည်ထောင်ပြီး လက်နက်ကိုင်အင်အားစုအားလုံးကို စည်းရုံးသည်။ ၁၉၄၈ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ညတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့်အတူ သထုံမြို့ကိုသိမ်းယူခဲ့ပြီး (၃၁) ရက်နေ့တွင် ဘားအံမြို့ကို သိမ်းပိုက်ခဲ့သည်။
မော်လမြိုင်မြို့ကို စက်တင်ဘာ (၁) ရက်နေ့ မနက်မိုးသောက်မတိုင်ခင်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် ဖော်ထုတ်မှုစုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းရေးပါ သဘောတူညီချက် (၄) ချက် အပေါ် အခြေခံ၍ မွန်၊ ကရင်တို့ သိမ်းပိုက်ထားသော မော်လမြိုင်မြို့နှင့် ကျိုက္ခမီခရိုင်ကို ဖ.ဆ.ပ.လ အား ပြန်ပေးလိုက်သည်။
သို့သော် ၁၉၄၉ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကရင်နှင့် မွန်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့များကို တရားမဝင် အသင်းအဖြစ် ဖ.ဆ.ပ.လ အစိုးရက ကြေညာခဲ့သည်။
ထို့ပြင် မွန်အမျိုးသားခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချ၊ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် တော်လှန်ရေးအခြေစိုက်ရွာများနှင့်လူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။
သို့သော် မွန်တော်လှန်ရေးအင်အားစုများ ပိုမိုအင်အားကြီးမားလာသည်။ ဖဆပလ အစိုးရ၏ မီးမှုတ်တဖက် ရေမှုတ်တဖက်နဲ့ ဖြိုခွင်းခဲ့သည်။
၁၉၅၄ နှစ်ဦးပိုင်းတွင် တော်လှန်သော အမျိုးသားပါတီတရပ် တည်ဆောက်ရန် အရေးတကြီး လိုအပ် လာသည်ကို သိမြင်လာပြီး နိုင်ငံရေး၊ စစ်ရေးသင်တန်းများ ပေးအပ်ခဲ့သည်။
၁၉၅၄ ခုနှစ် ဩဂုတ်လတွင် တောင်စွန်းရွာ၌ မွန်အမျိုးသားညီလာခံကျင်းပပြီး မွန်ပြည်သူ့တပ်ဦးကို ဖွဲ့စည်းခဲ့သည်။ ပထမဆုံးဥက္ကဌမှာ နိုင်အောင်ထွန်း၊ အထွေထွေအတွင်းရေးမှူး နိုင်ချမ်းမွန်တို့ ဖြစ်သည်။
ထို့နောက် မွန်၊ ကရင်၊ ကရင်နီ၊ ပအိုဝ်း တို့ ပါဝင်သော ဒီမိုကရက်တစ်လူမျိုးစုညီညွတ်ရေးတပ်ပေါင်းစု (DNUF) ကို ဖွဲ့စည်းပြီး တပ်ပေါင်းစုအသွင်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူညီမှုအတွက် တိုက်ခိုက်ခဲ့သည်။
ဗိုလ်နေဝင်းနှင့် ဦးနုတို့၏ မွန်ပြည်နယ်ဖွဲ့စည်းပေးမည်ဟူသော နိုင်ငံရေးပရိယာယ်ကြောင့် ၁၉၅၈ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် မွန်ပြည်သူ့တပ်ဦး လက်နက်ချခဲ့သည်။
သို့သော် ဦးနုနှင့် ဗိုလ်နေဝင်းကို မယုံကြည်သော ခေါင်းဆောင် နိုင်ရွှေကျင်၊ နိုင်ဓမ္မနေ နှင့် နိုင်အောင်စိန် တို့ လက်နက် (၈) လက်နှင့် ဇူလိုင် (၂၀) ရက်နေ့မှာပင် မွန်ပြည်သစ်ပါတီ ကို ဖွဲ့စည်းတည်ထောင်ခဲ့ ကြသည်။
မွန်ပြည်နယ်ဖော်ထုတ်ရေး နှင့် ပတ်သက်၍ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ (၈-၉-၁၀) ရက်နေ့တွင် မွန်အမျိုး သား ညီလာခံကို ရန်ကုန်မြို့ ကျိုက်သီမွန်ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။
မွန်အမျိုးသားလူထုမှ သဘောတူညီချက် ထုတ်ပြန်တောင်းဆိုခဲ့သော်လည်း မွန်ပြည်နယ်ကို မဖွဲ့စည်း ပေးခဲ့ပေ။
မွန်ပြည်သစ်ပါတီ ဖွဲ့စည်းမှုအစပိုင်းတွင် အင်အားအလွန်နည်းခဲ့သည်။ အပတ်တကုတ် ကြိုးပမ်းချက် များကြောင့် မွန်ပြည်သစ်ပါတီကို ထောက်ခံအားပေးလာကြသည်။
အခြားတော်လှန်ရေးအင်အားစုများနှင့် စုပေါင်းပြီး တော်လှန်ရေးကို ဆင်နွှဲရင်း မွန်အမျိုးသား ဖြစ် တည်မှုနှင့် မွန်ပြည်နယ်ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၇၄ ခုနှစ် မွန်ပြည်နယ်ကို ပြဌာန်းပေးခဲ့သည်။
၁၉၇၄ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် ဖွဲ့စည်းပုံအသစ်ကို ပြဌာန်းခဲ့ပြီး မွန်ပြည်နယ်ကို ထည့်သွင်း ဖော်ပြခဲ့သည်။ သို့သော် မွန်အမျိုးသားတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်းမရှိသလို၊ ပေးအပ် ခွဲဝေခြင်းလည်း မရှိခြင်းကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။
တဆက်တည်းတွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာ ခဲ့ပြီး တဖက်တွင်လည်း “ ဖြတ်လေးဖြတ်စစ်ဆင်ရေး” ဖြင့် နှိပ်ကွပ်ခဲ့သည်။ မွန်ပြည်သစ် ပါတီနှင့် မွန်အမျိုးသား လွတ်မြောက်ရေးလည်း အကြီးအကျယ်ထိုးစစ်ဆင်ခံရပြီး အင်အားထိခိုက် လာသည်။
၁၉၇၅ ခုနှစ် စက်တင်ဘာလတွင် ဝါရီရူစခန်း၌ တတိယအကြိမ် မွန်ပြည်သစ်ပါတီဗဟိုဦးစီးညီလာခံကို ကျင်းပကာ လက်ရှိအခြေအနေအရပ်အရပ်ကို သုံးသပ်ပြီး နိုင်ငံရေး၊ စစ်ရေး ပိုမိုခိုင်ခံ့အောင် လုပ် ဆောင်ခဲ့ သည်။ ထို့နောက် ပိုမိုကျယ်ပြန့်သော တပ်ပေါင်းစု ဖြစ်လာစေရန်အတွက် ကြိုးပမ်း ဖွဲ့စည်း ခဲ့ပြီး ဗိုလ်နေဝင်း စစ် အစိုးရကို တော်လှန်ခဲ့သည်။
မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားတော်လှန်ရေးအဖွဲ့အစည်း ဖြစ်သည့်နှင့် အညီ တချိန်တည်းတွင် မွန်အမျိုးသားနိုင်ငံရေးကို ဦးဆောင်တည်ဆောက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံတွင် လည်း တောတွင်း ရောက်ရှိလာသော ကျောင်းသားလူငယ်များကို တော်လှန်ရေးအင်အားစုဖြစ်အောင် မွေးမြူ ပေးခဲ့၊ တိုက်ပွဲကို အတူဆင်နွှဲခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲအပြီး ဗိုလ်သန်းရွှေစစ်တပ် အာဏာမလွှဲဘဲ အရေးပေါ်ကာလ ကြေညာပြီး စစ်အာဏာသိမ်းတဲ့အပေါ် လွှတ်တော်အမတ်များနှင့် နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားလူငယ်များ တောထဲသို့ ထပ်မံရောက်ရှိလာခဲ့တဲ့အပေါ် မွန်ပြည်သစ်ပါတီမှ ဝိုင်းဝန်းကူညီခဲ့သည်။
“၁၉၉၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တော်လှန်ရေးတပ်ပေါင်းစုများနှင့် တော်လှန်ရေး အဖွဲ့အစည်း များအခြေစိုက်ရာ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလော စခန်းကျသွားခြင်းကြောင့် တော်လှန်ရေးအကွေ့အပြောင်းတစ်ခုဖြစ်ခဲ့ရသည်”
၁၉၉၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တော်လှန်ရေးတပ်ပေါင်းစုများနှင့် တော်လှန်ရေး အဖွဲ့အစည်း များအခြေစိုက်ရာ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလောစခန်းကျသွားခြင်းကြောင့် တော်လှန် ရေးအကွေ့အပြောင်းတစ်ခုဖြစ်ခဲ့ရသည်။
၁၉၉၅ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည်။ ထိုနောက်ပိုင်းတွင် ပြည်သူလူထုအား စည်းရုံးပညာပေးရေး နှင့် မွန်ပြည်သူများအတွင်း သွေး စည်း ညီညွတ်ရေးကို တည်ဆောက်ရန် လုပ်ငန်းစဉ်များချမှတ်အကောင် အထည်ဖော်ခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်လာခဲ့သည်။
စာပေ၊ ယဉ်ကျေးမှုများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို အလေးထားလုပ်ဆောင်လာသည်။ ၁၉၉၅ ခုနှစ်မှ စတင်ပြီး မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲများကို ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ် မတ်လတွင် ပြည်တွင်း၊ ပြည်ပရှိ မွန်အမျိုးသားတရပ်လုံး ပါဝင်သော မွန်အမျိုးသားညီလာခံကို ကျင်းခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ သည်။
ထိုနောက်ပိုင်းတွင် မွန်ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲအတည်ပြုနိုင်ရေးကို အားစိုက်လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မွန်ပြည်နယ်ဖွဲ့စည်းပုံ (မူကြမ်း) ကို ရေးဆွဲခဲ့သည်။
၂၀၂၁ ခုနှစ် မင်းအောင်လှိုင်စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး တော်လှန်သည့်အပေါ်တွင် မွန်ပြည် နယ်ရှိ ပြည်သူများနှင့် ဒေသအသီးသီးမှ မွန်ပြည်သူများအင်တိုက်အားတိုက် ပါဝင်ခဲ့သည်။
သို့သော် မွန်ပြည်သစ်ပါတီအနေဖြင့် နွေဦးတော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်းမရှိပေ။ သို့သော် မွန်ပြည်ဖက်ဒရယ် ကောင်စီကဲ့သို့သော နိုင်ငံရေးဦးဆောင်အဖွဲ့များ ပေါ်ထွက်လာပြီး နွေဦးတော်လှန် ရေးကို ဦးဆောင် ပါဝင်ခဲ့သည်။
———
ကြေညာ | အမှတ် ၄၀ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ
ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျက်ရှိနေပါတယ်။
အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ခြင်း” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။
ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1q18aDDUkHPAP_Bf_H4vlaS4Ze8ucHt0b/view?usp=drive_link