ဆောင်းပါးအတွေးအမြင်

ဆင်းရဲရာမှ ချမ်းသာလာတဲ့(၆)နိုင်ငံ

ဆင်းရဲရာမှ ချမ်းသာလာတဲ့(၆)နိုင်ငံ

ဝင်းမျိုးသူ | အတွေးအမြင်

လက်ရှိမြန်မာနိုင်ငံမှာ ပြသနာပေါင်းစုံနဲ့ ငါတို့နိုင်ငံအနာဂါတ်ကောရှိသေးရဲ့လားလို့ တွေးမိကောင်း တွေးမိ ပါလိမ့်မယ်၊ ဒီလိုတွေးမိရင်တော့ ဆင်းရဲရာကနေချမ်းသာလာတဲ့ ၆ နိုင်ငံအကြောင်းနှင့် သူတို့ဘယ်လို ချမ်းသာ လာလဲဆိုတာလေး မျှဝေပေးချင်ပါတယ်။

ကမ္ဘာမှာ လူတဦးချင်းရဲ့ဝင်ငွေ Per Capita GDP ၃၀,၀၀၀ ကျော်တဲ့နိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေလို့ သတ်မှတ် ပါတယ်။

ဒီသတ်မှတ်ချက်အရ ၁၉၇၀ လောက်မှာ ဝင်ငွေနည်းပါး ဆင်းရဲနေရာက နေယခုအခါ ချမ်းသာလာတဲ့ ၆ နိုင်ငံ ရဲ့၁၉၇၀ တုံးက တဦးချင်းဝင်ငွေ GDP per capita (ဒေါ်လာ) ကို ၂၀၂၃ နှင့်ယှဥ်ကြည့်ရင် အောက်ပါ အတိုင်းတွေ့ရမှာပါ

(၁) နော်ဝေးနိုင်ငံ – ၃၃၀၆ မှ ၉၉,၂၆၆

(၂) စပိန် – ၁၂၀၅ မှ ၃၃,၀၉၀

(၃) လူဇင်ဘတ် – ၄,၄၃၁ မှ ၁၃၅,၆၀၅

(၄) ဆွစ်ဇာလန် – ၃,၉၂၅ မှ ၁၀၂,၈၆၅

(၅) အိုင်ယာလန် – ၁,၄၉၃ မှ ၁၁၂,၂၄၈

(၆) တောင်ကိုရီးယား – ၂၈၆ မှ ၃၃,၁၄၇

ဒီနိုင်ငံတွေ ဘာလို လုပ်ချမ်းသာလာလည်းကြည့်ရင် နော်ဝေးဟာ ငါးဖမ်းလုပ်ငန်း တခုအပေါ်မှာပဲ အသက်မွေး ဝမ်းကြောင်းပြုနေရာကနေ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အကြီးအကျယ်တွေ့တဲ့အခါမှာ အရမ်းချမ်းသာလာပြီး ယခုဆိုရင် ကမ္ဘာမှ အကြီးဆုံး Soverign Wealth Fund 1.7 trillion US $ လောက်ပိုင်ဆိုင်ပြီး ကမ္ဘာအနှံ့ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း သဘာဝဓာတ်ငွေ့တွေ တွေ့ပေမဲ့ ဘာလို့ ဆင်းရဲမြဲဆင်းရဲနေလည်းဆိုရင်တော့ Natural resource governance လို့ဆိုတဲ့ ကောင်းမွန်တဲ့ သယံဇာတ ဆိုင်ရာစီမံခန့်ခွဲခြင်းမရှိလို့ဆိုတဲ့အဖြေထွက်ပါတယ်၊ နော်ဝေးဟာ ရသမျှ ရေနံက ငွေတွေကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူဝာာဝန်ခံမှုရှိရှိနှင့် (transparency and accountability) စနစ်တကျသုံးစွဲခဲ့တဲ့အတွက် အလွန်ချမ်းသာပြီး ကမ္ဘာမှာ အငြိမ်းချမ်းဆုံးနှင့် လူနေမှု အဆင့်အတန်း မြင့်မားတဲ့ နိုင်ငံတနိုင်ငံ အဖြစ်ကို နှစ်နှစ်ဆယ်အတွင်းရောက်လာတာပဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ EITI လို့ခေါ်တဲ့ တွင်းထွက်သယံဇာတတွေ ပွင့်လင်းမြင်သာစွာ ထုတ်ယူစီမံခန့်ခွဲရေး လုပ်ငန်းစဥ် ကို စတင်ခဲ့ပေမဲ့ ခုအခါ ရပ်တန့်သွားပါပြီ။

စပိန်က လည်း အာဏာရှင်စနစ် ရှိခဲ့တဲ့နိုင်ငံဖြစ်ပေမဲ့ နိုင်ငံရေးနှင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွေလုပ်ပြီးတဲ့ အခါ စက်မှုလုပ်ငန်းနှင့် ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖွံံဖြိုးလာပြီး ဆင်းရဲနောက်ကျနေရာကနေ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာခဲ့ပါတယ်။

အလားတူ လူဇင်ဘတ်နိုင်ငံဟာလည်း နိုင်ငံအတွင်း သံမဏိ သတ္တုသိုက်တွေတွေ့ခဲ့ပြီး သံမဏိလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်လုပ်နိုင်ခဲ့တဲ့အပြင် ဥရောပရဲ့ဘဏ္ဏာရေးလုပ်ငန်း အချက်အချာကျတဲ့ နိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အတွက် အောင်မြင်မှုတွေရခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာလည်း ဒီအတိုင်းပါပဲ ကမ္ဘာ့ဘဏ္ဍာရေးစင်တာ အဖြစ် ဖွံ့ဖြိုးနိုင်အောင်လုပ်နိုင်တဲ့အခါ အရင်းအနှီးစီးဝင်မှုတွေများလာပြီး အဆင့်မြင့်နည်းပညာထုတ်ကုန်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့မှုကြောင့် ဘဏ်လုပ်ငန်းရယ် နည်းပညာမြင့်ထွက်ကုန်လုပ်ငန်းရယ်က နေအကျိုးဖြစ်ထွန်းခဲ့တာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံက လည်း စိတ်ဝင်စားစရာကောင်းပါတယ် ဆင်းရဲတဲ့ဒီဥရောပနိုင်ငံလေးဟာ ဆွစ်ဇာလန်ထက် ကို ချမ်းသာတဲ့နိုင်ငံတခု အချိန်တို အတွင်းဖြစ်လာတဲ့ အတွက်ပါ။

အဓိက ကတော့  အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ကြတဲ့ အိုင်ယာလန်နိုင်ငံသားတွေဟာ နိုင်ငံပွင့်လင်းပြီး ပြုပြင် ပြောင်းလဲရေးလုပ်တဲ့အခါ အကြီးအကျယ်ပြန်လာပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သွားတာက လည်း အိုင်ယာလန်နိုင်ငံဖွံဖြိုးသွားစေဘို့ အကြောင်းအထောက်အပံဖြစ်စေပါတယ်၊ အဓိက က ဥရောပဘုံစျေးကွက်ကို စျေးကွက်တိုးချဲ့နိုင်ပြီး နည်းပညာရော၊ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေလို့ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ၁၉၇၀ တုံးကဆိုရင် အိမ်နီးချင်း မြောက်ကိုရီးယားထက်ကို ဆင်းရဲပါသေးတယ်၊ သို့သော် ပြည်တွင်းက အာဏာရှင်အစိုးရ ကို ဖယ်ရှားပြီး လိုက်နိုင်တဲ့အခါ အမေရိကန်ရဲ့ စျေးကွက် မျက်နှာသာပေးချက်နှင့် ရင်းနှီးမြှုပ်နှံမှုတွေအလုံးအရင်းလိုက်ရခဲ့သလို ပညာရေးနှင့်နည်းပညာဖွံ့ဖြိုးရေးတို့မှာ ရင်းနှီးမြှုပ်နှံ နိုင်ခဲ့တဲ့ အတွက် သူလည်းပဲဖွံ့ဖြိုးပြီးတနိုင်ငံဖြစ်လာတာပါပဲ။

အထက်ပါ ၆ နိုင်ငံအတွေ့အကြုံတွေကို အနှစ်ချုပ်ရရင် ပိုမိုပွင့်လင်းလွတ်လပ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေး ကောင်းမွန်လာအောင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးက အတော်လေး အခရာ ကျပါတယ်။ ဒါမှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှင့် စျေးကွက်ချဲ့ထွင်နိုင်မှုတွေကို အရှိန်အဟုန်နှင့် လုပ်နိုင်မှာ ဖြစ်ပါတယ်၊

ပြည်တွင်းမှာ သယံဇာတတွေစနစ်တကျ ထုတ်ယူသုံးစွဲတာတွေ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ်နိုင်တာရယ်၊ ပညာရေးနှင့်နည်းပညာသုတေသနတွေ ပြည်တွင်းမှာ တိုးတက်အောင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နိုင်တာ တွေက ဒီနိုင်ငံတွေရဲ့ အဓိကကျတဲ့သော့ချက်ဖြစ်နေတာကိုလည်းတွေ့ရမှာပါ။

မြန်မာနိုင်ငံကို ပြန်ကြည့်ရင်လည်း သယံဇာတ ပေါကြွယ်ဝမှု ဟာ ရှိနေဆဲပါ၊ အထူးသဖြင့် မထုတ်ယူရသေးတဲ့ ရွှေ၊ကြေးနီ၊ သံမဏိ သတ္ဆုသိုက်တွေ၊ မြေရှားသတ္တုတွေ ရှိနေပါတယ်၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကလည်း ရှာဖွေတွေ့ရှိထားတာ တွေရှိပါတယ်။

ဒီအပြင် Natural Resource Capital လို့ခေါ်တဲ့ သဘာဝသယံဇာတ အရင်းအမြစ် (သစ်တော၊ ဇီဝ နှင့် ရေအရင်းအမြစ်) တွေကလည်း ပေါကြွယ်ဝနေသေးပြီး ကမ္ဘာ ကာဗွန်စျေးကွက််ကို ထိုးဖောက်တင်ပို့နိုင်ရင် နှစ်စဥ် ပတ်ဝန်းကျင်ထိန်းရင်း ဘီလျံနှင့်ချီတဲ့ဝင်ငွေရစရာရှိပါသေးတယ်၊ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း နှင့် ယဥ်ကျေးမှုဆိုင်ရာ သမိုင်းအမွေအနှစ်တွေကလည်းရှိနေသေးတော့ ခရီးသွားလုပ်ငန်းဟာ လည်းများစွာဖွံ့ဖြိုး နိုင်တဲ့အနေအထားမှာ ရှိနေဆဲပါ။

ဒီနေ့ကမ္ဘာမှာ ခေတ်စားတဲ့ Mindfulness center ဖြစ်လာအောင်ဆောင်ရွက်နိုင်ရင်ကို ဒီလုပ်ငန်းက အဓိက ဝင်ငွေတွေအကြီးအကျယ်ရနိုင်စရာရှိပါသေးတယ်၊ မဘသ အစွန်းရောက်လို့တော့ မရဘူးပေ့ါ၊ မြန်မာနိုင်ငံက ဘဏ္ဍာရေးစင်တာ ဖြစ်လာအောင် လုပ်ဘို့ကတော့ အလှမ်းဝေးသေးတယ်လို့မြင်ပါတယ်၊ သို့သော် မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးစျေးကွက် တရုတ်၊ အိန္ဒိယ တို့ကြားမှာ ရှိပြီး တက်သက်စ အရှေ့တောင်အာရှ နှင့် ပေါင်းကူးနိုင်တဲ့ ပထဝီဝင်အားသာချက်ရှိတဲ့အတွက် Regional Logistic Hub ဒေသအတွင်းပို့ ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရဲ့ အချက်အချာတခုဖြစ်လာနိုင်စရာ အခွင့်အလန်းတခုရှိနေပါတယ်။

ဒါကို အမှီပြုပြီး အမျှော်အမြင်ရှိရှိလုပ်နိုင်ရင်တော့ အထူးသဖြင့် Block Chain Governance ကို အလေးပေး လုပ်နိုင်ရင်တော့ တချိန်မှာ ဒေသအတွင်း အရေးပါတဲ့ ဘဏ္ဍာရေးစင်တာ ဖြစ်လာနိုင်စရာလည်း ရှိပါတယ်။

ကျွဲကူးရေပါ ကိုယ်တိုင်စက်မှုဖွံ့ဖြိုးနိုင်ငံမဟုတ်ပေမဲ့ Reexporting သူများနိုင်ငံက ကုန် တခြားနိုင်ငံ ပြန်လည် ရောင်းချခြင်းဖြင့် စင်ကာပူလိုပဲ တိုင်းပြည်ဝင်ငွေသုံးပုံတပုံကို ဒီကဏ္ဍက ရှာဖွေပေးနိုင်ပါလိမ့်မယ်။

နည်းပညာဖွံ့ဖြိုးရေးဟာ လည်း ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ဖြစ်ဘို့ အရေးပါတာမို့ ပညာရေးနှင့်နည်းပညာ သုတေသန တွေမှာ ဟန်ချက်ညီညီ ရင်းနှီးမြှုပ်နှံဘို့ အရေးကြီးပါတယ်။

မြန်မာလူငယ်တွေဟာ ဆေးပညာ၊ အင်ဂျင်နီယာ နှင့် ကွန်ပြူတာ လုပ်ငန်းတွေမှာ ထူးချွန်ကျတာမို့ ကိုယ်ရဲ့ အားသာတဲ့ comparative advantages ဘာသာရပ်တွေကို အမိအရဆုပ်ကိုင်နိုင်ရင် တချိန်မှာ ဦးဆောင်နိုင်သူ တွေဖြစ်လာမှာ မလွဲမပါပဲ။

အထူးသဖြင့် ကမ္ဘာမှာအထူးအလေးပေးလာတဲ့  Bio-economy နှင့် Circular economy တို့နှင့် ဆက်စပ်တဲ့ နည်းပညာဖွံ့ဖြိုးရေးတို့မှာ အလားအလာများစွာရှိနေပါတယ်။ 

ဒါကြောင့် လူမှန် နေရာမှန် နှင့် မူဝါဒကောင်း ကောင်းချပြီး လုပ်နိုင်ရင်တော့ အထက်ပါနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံဟာ နောင် နှစ်သုံးဆယ် မျိုးဆက်တဆက် အတွင်း ပြန်လည် ဖွံ့ဖြိုးလာစရာ အကြောင်းတော့ရှိပါတယ်။

အထက်ပါနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုမှာ ကမ္ဘာအနှံရောက်ရှိသွားတဲ့ သူတို့လူမျိုးတွေက တိုင်းပြည်ပွင့်လင်းတဲ့အခါ အသီးသီးပြန်လာပြီး တတ်စွမ်းသမျှရင်းနှီးမြှုပ်နှံတာက အကြောင်းတကြောင်းမို့ လက်ရှိမှာ လည်း အကြောင်း အမျိုးမျိုးနှင့် ကမ္ဘာ တဝှမ်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူတွေဟာ ရောက်လေရာ အရပ်မှာ အောင်မြင်အောင် ဘဝတွေထူထောင်နိုင်ထားခြင်းက လည်း တိုင်းပြည်ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခွန်အားတရပ်ဖြစ်ကြောင်းရေးသားလိုက်ရပါတယ်။

Related Articles

Back to top button