သတင်း

စစ်ကောင်စီရဲ့ လားရှိုးက တပ်စခန်း ၁ခုနဲ့ နမ့်ခမ်းက တပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ တယ်လို့ TNLA အတည်ပြုထုတ်ပြန်

စစ်ကောင်စီရဲ့ လားရှိုးက တပ်စခန်း ၁ခုနဲ့ နမ့်ခမ်းက တပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ တယ်လို့ TNLA အတည်ပြုထုတ်ပြန်

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၈၊ ၂၀၂၃
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေဆင်နွဲနေတဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုး က စစ်ကောင်စီတပ်စခန်း ၁ခုနဲ့ နမ့်ခမ်းက တပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ အတည်ပြုထုတ်ပြန် ထားပါတယ်။
 
TNLAရဲ့တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနဲ့ တိန်တန်တပ်စခန်းတို့ကို အောက်တိုဘာလ ၂၇ရက်က TNLAမှ တိုက်ခိုက်ခဲ့ပြီး တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLAသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
 
“လားရှိုးက ဗမာစစ်တပ်စခန်း ၂ခုကို မနက် ၅နာရီကျော်မှာ ဝင်တိုက်ခဲ့တာပါ၊ နေ့လည် ၁၂နာရီ လောက်မှာတော့ တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ ဒီလောက်ပဲ ဖြေပေးနိုင်သေးတာကိုတော့ နားလည်ပေးပါ” လို့ TNLA အရာရှိတစ်ဦးက FJMM ကို ပြောပါတယ်။
 
တိန်းတန်စခန်းသိမ်းတိုက်ပွဲအတွင်း သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက် အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်းနဲ့ ကျည် ဆံများစွာစတဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရ ပါတယ်။
 
အဲဒီလိုပဲ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင်တပ်စခန်း၊ (၁၂)မိုင်တပ်စခန်းနဲ့ မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ကို TNLA မှ အောက်တို ဘာလ ၂၇ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း (၁၈)လောင်းနဲ့ လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရခဲ့မိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က အောက်တိုဘာလ ၁ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုအဖြစ် ဂျက်ဖိုက်တာ ( ၇)ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ာယဥ်နဲ့ ( ၅)ကြိမ်၊ ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်နဲ့ ( ၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဓါတ်ပုံ – PSLF / TNLA

 

Related Articles

Back to top button