ဆောင်းပါးအတွေးအမြင်

နိုင်ငံရေးသည် ဝမ်းရေးမဟုတ်

နိုင်ငံရေးသည် ဝမ်းရေးမဟုတ်

Salai Areng Pui | အတွေးအမြင်

နိုင်ငံရေးထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုရင် နိုင်ငံရေးဟာ ဝမ်းရေးရှာဖို့နေရာမဟုတ်တာကို နားလည်ဖို့ လိုတယ်။ နိုင်ငံရေးဟာ စီးပွားရေးနယ်ပယ် မဟုတ်တာကို သိမြင်တတ်ဖို့လိုတယ်။

နိုင်ငံရေးအလုပ်ဟာ သူဌေးဖြစ်ဖို့ ရှယ်ယာဝင်လို့ရတဲ့ နယ်ပယ်မဟုတ်တာကို သိထားဖို့လိုတယ်။

နိုင်ငံရေးလို့ပြောရင်  ကြီးကြီးကျယ်ကျယ်ပြောသလို စာရေးသူကိုယ်တိုင်လည်း နိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးကို စိတ်ဝင်စား လေ့လာသူ လူငယ် တစ်ယောက်ဖြစ်ကြောင်းကို စကားခံပြောချင်ပါတယ်။ နိုင်ငံရေးဟာ အတိမ်အနက်တွေ၊ အပြိုင်အဆိုင်တွေ၊ ရှုပ်ထွေးမှု လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ နယ်ပယ်တစ်ခုဆိုတာ ငြင်းစရာမရှိပါ။ တစ်ဆက်တည်းမှာပဲ နိုင်ငံရေးဟာ စီးပွားရေးလုပ်စရာကောင်းတဲ့ နယ်ပယ်မဟုတ်သလို၊ ကြီးပွားချမ်းသာနိုင်မယ့်နေရာလည်း မဟုတ်ပါ။ အဲအတွက် ကြီးပွားချမ်း သာချင်တဲ့သူတွေက နိုင်ငံရေးမလုပ်ဘဲ စီးပွားရေးပဲ လုပ်တာပိုကောင်းပါတယ်။ ဒါတစ်ပိုင်းပါ။

နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်တော့မယ်ဆိုရင် နိုင်ငံရေးရဲ့ သဘောတရားတွေ၊ သီအိုရီတွေ နားလည် ထားဖို့လိုပါတယ်။ နောက်တစ်ခုအရေးကြီးတာတစ်ခုက နိုင်ငံရေးဟာ ပွဲလိုမျိုး မနက်ဖြန်တစ်ဖက်ခါ ပြီးသွားမယ်ဆိုတဲ့ အရာမဟုတ်ဘဲ ဖြစ်စဉ်လိုမျိုး သဘောတရားရှိတာကို နားလည်ဖို့လိုအပ်ပါတယ်။ လက်ရှိဟာ တော်လှန်ရေးကာလ (အာဏာရှင်ကို‌ တော်လှန်နေတဲ့ကာလ) လို့ပြောလို့ရပေမယ့် ဒီကာလ အကျော်၊ တော်လှန်ရေးအပြီးမှာလည်း လုပ်စရာ နိုင်ငံရေး ပြဿနာတွေလည်း ထပ်လာအုံး မှာဖြစ်တယ်။ အဲတော့ နိုင်ငံရေးမှာ တစ်ခုမဟုတ်တစ်ခုဆိုသလိုရှိနေမှာဖြစ်တယ်။ နိုင်ငံ‌ရေး ကို အကန့်အသတ်နဲ့ လုပ်မယ်ဆိုတာမရပါဘူး၊ မိမိကိုယ်တိုင်က အနားယူလိုက်မှသာ နိုင်ငံရေးဆိုတာ အဆုံးသတ်ရမှာ၊ပြီးဆုံးသွားမှာဖြစ်တယ်။ နိုင်ငံရေးထဲဝင်ရင် ပြန်ထွက်ဖို့ အလွန်အင်မတန်ခက်တယ်လို့  ရှေ့လူကြီးတွေ၊ နိုင်ငံရေးမှာ လုပ်နေသူ တွေက မကြာခဏဆိုသလို ပြောလေ့ရှိပါတယ်။ အဲအတွက်ကြောင့် နိုင်ငံရေးထဲဝင် မယ်ဆို ရင် ဒီအချက်တွေကို နားလည်ဖို့လိုအပ်တာဖြစ်တယ်။

နောက်တစ်ခုက နိုင်ငံရေးဟာ စီးပွားရှာရမယ့်နေရာမဟုတ်ပါ။ လူတစ်ချို့ဟာ နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကျိုးအတွက် စီးပွားရှာကြတာတွေရှိပါတယ်၊ ဒါပေမယ့်ကြာရှည်မခံဘဲ အရှက်တစ်ကွဲနဲ့ နိုင်ငံရေး လောကကို နာမည်ဆိုးကြီးနဲ့ ထွက်ခွာရတာတွေရှိပါတယ်။ နိုင်ငံရေးလုပ်ရင် ပိုက်ဆံရှာဖို့အချိန်မရှိပါဘူး၊ ပြည်သူက ပေးတဲ့ ၊ကမ်းတဲ့ ဝမ်းစာနဲ့ ရောင့်ရဲနိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် တခြားနိုင်ငံက နိုင်ငံရေးသမားတွေက ချမ်းသာကြတယ် ဆိုပြီးတော့။ သူတို့တွေဟာ နိုင်ငံရေးလုပ်လို့ ချမ်းသာ မဟုတ်ဘဲ ချမ်းသာလို့ နိုင်ငံရေးလုပ်ကြတာပါ။ သန်းကြွယ်သူဌေးဖြစ်ကြပြီးလို့ နိုင်ငံရေး လုပ်ကြတာပါ။ ဒီအချက်တွေကို နားလည်ဖို့လိုအပ်ပါတယ်။

နိုင်ငံရေးလုပ်တော့မယ်ဆိုရင် အချိန်တွေပေးရမယ်၊ လုပ်အားတွေ ပေးရမယ်။ ပြည်သူထောက်ခံရင် အာဏာတော့ ရမယ်သို့သော် ပိုက်ဆံတွေမဟုတ်ဘူးဆိုတာကိုသိဖို့လိုပါတယ်။  မြန်မာနိုင်ငံရေး အတွင်း မှာရှိတဲ့ နိုင်ငံရေးသမားတွေကို ကြည့်ရင် နိုင်ငံရေးလောကထဲကသာ ထွက်သွားပြီး အိမ်မပိုင်တဲ့ ကိုယ်ကျိုးစွန့် နိုင်ငံရေးသမားတွေ သာဓက အနေနဲ့ရှိပါတယ်။ ဒါတွေက သက်သေပါပဲ။  ကမ္ဘာ့ အဆင်းရဲ့ဆုံးလို့သတ်မှတ်ခံထားရတဲ့ ဥရု‌ဂွေးနိုင်ငံ သမ္မတဟောင်း ဟိုဆေးမူဟီး ဟာဆိုရင်လည်း သူ သမ္မတ ဖြစ်ပြီး နိုင်ငံရေးထဲ ကနေ ထွက်သွားတဲ့အခါမှာတောင် အိမ်ယာမပိုင်တဲ့အပြင်  သူ့လယ်ယာ ၌သာ ပြန်ပြီး အခြေချ နေထိုင်ခဲ့တယ်လို့ သိရတာဖြစ်တယ်။

ဒီအတွက် လူငယ်တွေအနေနဲ့ မိမိဟာ နိုင်ငံရေးထဲကို ခြေစုံပစ် ဝင်တော့မယ်ဆိုရင် သူဌေးဖြစ်ချင် တဲ့စိတ်တွေ၊ ခဏဝင်ပြီး ခဏနေပြန်ထွက်မယ်ဆိုတဲ့စိတ်တွေ၊ လူတကာက ဝိုင်းပြောဝေဖန်တာတွေ မခံနိုင်ဘူးဆိုရင် နိုင်ငံရေးထဲ မဝင်ဖို့ကို အကြံပြုချင်ပါတယ်။ နိုင်ငံရေးဟာဖြစ်စဉ်တစ်ခုဖြစ် တဲ့အတွက် အဆုံးသတ်တယ်ဆိုတာမရှိပါဘူး၊ မိမိကိုယ်တိုင်က ထွက်မှသာလျှင်၊ ကိုယ့်အသက်သေသွားမှသာ နိုင်ငံရေးအလုပ် ဟာလည်း ကုန်ဆုံးသွားမှာဖြစ်ပါတယ်။

Salai Areng Pui

Related Articles

Back to top button