ဆောင်းပါးအတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း (၃)

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း ()

စည်းနရီ | အတွေးအမြင်

နိုင်ငံတော်ဟူသည် လွတ်လပ်မှုအတွက် ကောင်းကွက်များရှိသလား?

လောကီရေးတွင် လူသားလွတ်လပ်မှု၊ ပျော်ရွှင်မှု နှင့် ဖွံ့ဖြိုးကြွယ်ဝမှုဟူသည် အဓိပ္ပာယ်ရှိသည့်၊ ပြည့်ဝသည့် ဘဝအတွက် အခြေခံပင် ဖြစ်သည်။ ထိုပန်းတိုင်ကို လိုက်လံဖမ်းဆုပ်ကြသည့်အခါ ပြင်ပဗဟိဒ္ဓအရာများဖြစ်သည့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးများက များစွာသက်ရောက်သည်။ အုပ်ချုပ်ရေး အင်စတီကျူးရှင်း ဖြစ်သည့် နိုင်ငံတော်သည် ထိုပြင်ပအချက်များအပေါ် အာဏာနှင့် အရင်းအမြစ်များဖြင့် ပုံဖော်လွှမ်းမိုးနိုင်ပေသည်။

နိုင်ငံတော်သည် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို ကာကွယ်သည့် ဥပဒေများ၊ စည်းမျဉ်းများနှင့် အင်စတီကျူးရှင်းများကို လိုက်နာခြင်းဖြင့် လူ့လွတ်လပ်ခွင့်ကို မြှင့်တင်ပေးသည့် အထောက်အကူပြု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်စွမ်း ရှိသည်။ ယင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် ခွဲခြားဆက်ဆံခြင်းမှ လွတ်မြောက်ခြင်းတို့ကို အကာအကွယ်ပေးသည့် ဥပဒေများ ပါဝင်သည်။ 

နိုင်ငံတော်သည် တန်းတူညီမျှအခွင့်အရေးများ၊ လူမှုရေးတရားမျှတမှုနှင့် စီးပွားရေးတည်ငြိမ်မှုရရှိစေရေးတို့အတွက် ရည်ရွယ်၍ မူဝါဒများနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး ထိုအစီအစဉ်များသည် နိုင်ငံသားများ၏ အလုံးစုံပျော်ရွှင်မှုနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

နိုင်ငံတော်သည် ကာကွယ်သူအဖြစ်၊ ထောက်ပံ့သူအဖြစ် လူမှုရေးမမျှတမှုများကို ပယ်သတ်ခြင်း၊ စနစ်၏ တရားမျှတမှုမရှိခြင်းများကို ကြားခံပေးခြင်း၊ အားလုံး ပါဝင်သော ဖွံ့ဖြိုးမှုကို ဖြစ်စေခြင်း၊ စသည်ဖြင့် လူသားတို့ ပျော်ရွှင်မှု၊ ဖွံ့ဖြိုးမှုအတွက် အရေးပါသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်။ ဥပမာ ဆင်းရဲသူများ၊ မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးအစီအစဉ်များ ကို နိုင်ငံတော်မှ ထောက်ပံ့နိုင်သည်။

နိုင်ငံတော်သည် ဖိနှိပ်သည်၊ ဆိုးညစ်သည့် စနစ်ဖြစ်လာနိုင်စရာ အကြောင်းလည်း ရှိသည်ကို သတိရရန်မှာ အရေးကြီးပါ၏။ ထိုအဖြစ်ကို ကာကွယ်ရန်အတွက် အစိုး ရ၏ လက်တံတခုခုသည် အလွန်အမင်းအင်အား ကြီးမားမလာစေရန် အပြန်အလှန်ထိန်းကျောင်းသည့် စနစ်ဖြင့် ကာကွယ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် ဒီမိုကရေစီ နိုင်ငံ များတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး လက်တံများသည် အချင်းအချင်း ထိန်းကွပ်ကြသည်။ သို့ရာတွင် ဒီမိုကရေစီ၏ ခက်မသုံးခု ခွဲခြားသောစနစ်နှင့် ပတ်သက်ပြီး အရေးကြီးသော ယူဆချက်များ ရှိသည်။

  • ပြည်သူများသည် သူတို့အတွက် အကောင်းဆုံးအလုပ်လုပ်နိုင်မည့်သူများကို တင်မြှောက်နိုင်လိမ့်မည်ဟု ယူဆသောအယူအဆ
  • ပြည်သူများတင်မြှောက်သူများသည် ပြည်သူများအတွက်သာ အကောင်းဆုံး အလုပ်လုပ်လိမ့်မည်ဟု ယူဆသော အယူအဆ
  • ခက်မသုံးခုသို့ တင်မြှောက်ခံရသူများသည် သူတို့တင်မြှောက်ခံရသည့်နေရာများမှပင် ရှုကြည့်ကာ အခြားခက်မများကို ထိန်းကွပ်နေလိမ့်မည်ဟူသော အယူအဆ
  • ပြည်သူအများစုသည် ဆင်ခြင်တုံတရားရှိပြီး တိုင်းပြည်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များကို ရွေးချယ်မည်ဟူသော အယူအဆ
  • လူနည်းစုက အများစုရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမတူရင်တောင်မှ လက်ခံမှာပါဟူသည့် အယူအဆ
  • လူအများကို အနိုင်ပေးခြင်းဖြင့် တည်ငြိမ်သောနိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်လိမ့်မည်ဟူသော အယူအဆ
  • အစိုးရသည် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟူသော အယူအဆ
  • လူတဦးလျှင် တမဲပေးခြင်းသည် နိုင်ငံတော်၏ လူအမျိုးမျိုး၊ အချိုးအစားအမျိုးမျိုးကို ကိုယ်စားပြုခြင်းအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟူသော အယူအဆ

အတန်ငယ်မျှ စဉ်းစားလိုက်သည်နှင့် ထိုအယူအဆများသည် တရားသေမှန်ကြောင်း၊ တည်ငြိမ်သည့် နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်မည်ဟု အပြည့်အဝ အာမခံနိုင်ခြင်း မရှိကြောင်း တွေ့ရပါလိမ့်မည်။ အမေရိကန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင်ပင် နိုင်ငံရေးပြိုကွဲမှု (Political Decay) ပြဿနာများပင် ဖြစ်လာနေသည်။ ဒီမိုကရေစီ၏ သဘောသည် ပဋိပက္ခကို စနစ်အတွင်းမြှုပ်နှံထားရာကို ဗဟိုပြုရသည်။

လက်နက်ဖြင့် အဖြေရှာရန်မလိုပဲ၊ အကျိုးစီးပွားများ၏ ပဋိပက္ခကို ဆွေးနွေး၊ ငြင်းခုံ၊ ညှိနှိုင်းမှုများဖြင့် အဖြေရှာခြင်းဖြစ်သည်။ ဒီမိုကရေစီသီးသန့်၏ ဒေါင်လိုက် ခက် မသုံးခု ခွဲဖြာခြင်းက မလုံလောက်သည့်အတွက် ဖက်ဒရယ်စနစ်တွင် အလျားလိုက် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရဟူသည့် အကန့်နှစ်ကန့် ထပ်ခွဲလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူအများစုမှ လုပ်ချင်တိုင်းလုပ်လို့မရစေရန် အကာကွယ်ပေးသည်။

အမျိုးသားလူထုများအကြား ရောနှောပူးပေါင်းကာ စွတ်ပြုတ်အိုးကဲ့သို့ ဖြစ်မသွားသည့်အခါ အမျိုးသားလူထုတခုစီသည် လူတဦးချင်းစီကဲ့သို့ပင် အခွင့်အရေးရှိသလို လူတဦးစီကဲ့သို့ပင် ဂုဏ်သိက္ခာ ရှိသည်။ အမျိုးသားလူထုတခုစီတွင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိရသည်။ ထိုသို့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရန် နိုင်ငံရေးယူနစ်များ လိုလာသည်။

ဗမာတို့ကမူ မိမိတို့ကြမ္မာမိမိတို့ဖန်တီးခွင့် မည်သည့်နေရာတွင်ရှိသနည်းဟု မေးသည့်အခါ မူလ နိုင်ငံရေးအစတည်ခဲ့သည့် နယ်မြေများကိုကျော်ကာ စစ်နိုင်ခဲ့သည့် တနိုင်ငံလုံးကို ညွှန်ပြခဲ့ကြသော်လည်း တိုင်းရင်းသားလူမျိုးတို့တွင် သတ်သတ်မှတ်မှတ်ဒေသများ ရှိကြသည်။ ဒေသတခုတွင် မိမိတို့ နေထိုင်သည့် သမိုင်းအခြေ တည် ရာရပ်ဝန်း၊ မိမိတို့ ကိုးကွယ်ယုံကြည်ရာဌာန၊ မိမိတို့ ဆင်းသက်မှုအရ အမြတ်တနိုးထားရာ ရေမြေအမှတ်သညာတို့ တည်ရှိသည့်နေရာသည် မိမိတို့ အမျိုးသားနယ်မြေ ဖြစ်သည်။

ဖက်ဒရယ်ယူနစ်များ၏ ဝိသေသလက္ခဏာကိုမူ ဒေသ၏ အမှတ်သညာနှင့် ယှဉ်တွဲနေသည့် သီးခြားဖြစ်သည့် ဌာနေတိုင်းရင်းသား အမျိုးသားလူထုများကသာ ဦးဆောင်စေရမည်ဖြစ်သည်။ ထိုဒေသများတွင် ဗမာ့လက္ခဏာများကို (လွတ်လပ်ရေးပြီးချိန်က စတွက်လျှင်) နှစ်ပေါင်း ၇၀ နီးပါး စိုးမိုးတည်ဆောက်ခဲ့ကြပြီးပြီ မဟုတ်လား။ အမျိုးသားလူထုများကို အလှည့်ပြန်မပေးပါက တရားမျှတခြင်း ရှိမည်မဟုတ်ပေ။

နယ်မြေအခြေပြု ကိုယ်ပိုင်ပြဌာန်းခွင့် မပါဝင်သည့်အခါ လူမျိုးစုအမျိုးသားလူထု တခု၏ ရှင်သန်ကြီးထွားနိုင်မှုကို သက်ရောက်စေနိုင်သည့် အချက်များ

နယ်မြေအခြေပြုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (သို့မဟုတ် ပြည်နယ်တခု) မရှိဘဲ လူမျိုးစုအမျိုးသားလူထုတခု ဖွံ့ဖြိုးဝေစည်မှု ရှိနိုင်သည်၊ မရှိနိုင်သည်ဆိုသည်မှာ ရှုပ်ထွေးသည့် ပုစ္ဆာဖြစ်ပြီး လွယ်ကူသော အဖြေမရှိပေ။

  • လူမျိုးစုအမျိုးသားလူထု၏ အရွယ်အစားနှင့် အင်အား၊
  • အခြားအမျိုးသားလူထုများထံမှ ရရှိသည့် ပံ့ပိုးမှုအဆင့်နှင့်
  • ၎င်းတည်ရှိရာဒေသတွင်း နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေများ

စသည်ဖြင့် ထည့်သွင်းစဉ်းစားရန် အချက်များစွာ ရှိပါသည်။

အချို့သောအခြေအနေများတွင် လူမျိုးစုအမျိုးသားလူထုများသည် နယ်မြေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိဘဲ ရှင်သန်ကြီးထွားနိုင်သည်ကိုလည်း မြင်ရသည်။ ဥပမာအားဖြင့်၊ ကာ့ဒ်များသည် မတူညီသောနိုင်ငံလေးခုတွင် ကွဲပြားနေသော်လည်း ၎င်းတို့၏ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာကို ထိန်းသိမ်းနိုင်ခဲ့သည်။ ခိုင်မာသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ပညာရေးလုပ်ငန်းများကို ခိုင်မာစွာလုပ်ဆောင်ခြင်းနှင့် အခြားသော ကာ့ဒ်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု အပါအဝင် အကြောင်းရင်းများ ပေါင်း စပ်ခြင်းအားဖြင့် ထိန်းသိမ်းလုပ်ဆောင်ခဲ့သည်။ အခြားနမူနာတို့တွင် တိုင်းရင်းသားလူမျိုးများသည် နယ်မြေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိဘဲ ရှင်သန်ကြီးထွားရန် ရုန်းကန် ခဲ့ကြရသည်။ ဥပမာအားဖြင့်၊ အစ္စရေးနှင့် ပါလက်စတိုင်းပြဿနာများကို ကြည့်နိုင်သည်။

မြန်မာနိုင်ငံတွင်မူ ဗမာနိုင်ငံရေးသမားတို့အား မည်သည့်နယ်မြေတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပါသလဲဟု မေးကြည့်ပါလျှင် “ပြည်ထောင်စုတခုလုံး လူမျိုးဘာသာ မရွေး” ဟူ၍ ဖြေတတ်သည်။ ကောင်းမွန်လှသောမူဟု ယူဆနိုင်ပါသည်။ သို့ရာတွင် အခြားတိုင်းရင်းသားတို့ကို မေးခွန်းတူ မေးပါလျှင် ကိုယ့်ဒေသများကိုသာ ကိုယ်ပြကြသည်။

အမျိုးသားလက္ခဏာ ဖိနှိပ်မခံရသော ဗမာနိုင်ငံရေးသမားတို့အတွက် တနိုင်ငံလုံးကို ခြုံငုံကာ ပိုင်ဆိုင်သည်ဟု ရှုမြင်နိုင်သော်လည်း ဖိနှိပ်ခံ တိုင်းရင်းသားတို့က ကိုယ့်နယ် မြေတွင် ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းနိုင်ရေး ကျားကုတ်ကျားခဲ ကြိုးစားရလေသည်။ တိုင်းရင်းသားအများအပြားမှာ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်သုဉ်းခြင်းကို ခံစား နေရလေသည်။

Related Articles

Back to top button