သတင်း

ဇိုတုန်ဒေသမှာ Non-CDM ပညာရေး ဝန်ထမ်းများကို ဇိုတုန်ပညာရေးဘုတ်အဖွဲ့ သတိပေးကမ်းလှမ်း

ဇိုတုန်ဒေသမှာ Non-CDM ပညာရေး ဝန်ထမ်းများ အလင်းဝင်းခြင်း မပြုလုပ်နိုင်ပါက ဒေသတွင်းမှ ထွက်ခွာဖို့ ဇိုတုန်ပညာရေး ဘုတ်အဖွဲ့ သတိပေးကမ်းလှမ်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၆ ရက်၊ ၂၀၂၃။
 
ချင်းပြည်၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသက စစ်ကောင်စီလက်အောက် အလုပ်လုပ်နေဆဲ Non-CDM ပညာရေး ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း CDM ပြုလုပ်ပြီး ပြည် သူဘက် အလင်းဝင်သူအဖြစ် ပါဝင်ကြဖို့ ဇိုတုန် ပညာရေးဘုတ်အဖွဲ့ က သတိပေးကမ်းလှမ်း လိုက်ပါတယ်။
 
အခု သတိပေးကမ်းလှမ်းချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တဲ့ ဇိုတုန် ပညာရေး ဘုတ်အဖွဲ့တို့ရဲ့ ညီလာခံကနေတဆင့် အတည်ပြု ဆုံးဖြတ်ခဲ့ကြ တာလို့ သိရပါတယ်။
 
သတ်မှတ်ကာလအတွင်း ပြည်သူဘက် အလင်းဝင်ရောက် လာခဲ့ခြင်းမရှိပါက အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
 
လက်ရှိမှာတော့ ဇိုတုန်ဒေသအတွင်း စစ်ကောင်စီ ပညာရေး ယန္တယားလုံးဝ ရပ်တန့်ပြီး လည်ပတ် နိုင်ခြင်း မရှိတော့သလို ဇိုတုန်ပညာရေးဘုတ်အဖွဲ့ကတော့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်က စတင်ပြီး ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ အခုတော့ ဇိုတုန်ဒေသတချို့မှာ စာသင်ကျောင်းပေါင်း (၅၀)ခန့်ကို ဖွင့်လှစ် KG တန်းမှ G-11 အထိ သင်ကြားလည်ပတ်နေကြောင်း သိရပါတယ်။
 
အခုထုတ်ပြန်ချက်နဲ့ စပ်လျဉ်းပြီး ဇိုတုန်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ခံ ဆရာမ တစ်ဦး ပြောတာက “ကျွန်မတို့ ဘက်က non CDM တွေကို အလင်းဝင်ဖို့ ကမ်းလှမ်း ချက်က နောက်တောင်ကြနေပြီ၊ အခု ကမ်းလှမ်းချက်က နောက်ဆုံးအခွင့်အရေးပေးခြင်းသာ ဖြစ်တယ်” လို့ ပြောပါတယ်။
 
ဒါကြောင့် သတ်မှတ်ကာလဖြစ်တဲ့ (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅)ရက်အထိ ပြည်သူဘက် အလင်းဝင်ခြင်း မရှိတဲ့ သူတွေကိုတော့ သူတို့ဘုတ်အဖွဲ့ကနေ အရေးယူ သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်သူဘက် အလင်းဝင်လိုသူတွေကတော့ သတိပေးကမ်းလှမ်းချက် (၅)ချက်ပါဝင်တဲ့ သတ်မှတ်ချက် ကိုလည်း ပြီးခဲ့တဲ့ ဩဂုတ် (၁၂) ရက်နေ့နဲ့ တုန်ပညာရေး ဘုတ်အဖွဲ့က ထုတ်ပြန်ထားပေးပါတယ်။
 
အခု သတိပေးကမ်းလှမ်းချက် (၅)ချက်ပါဝင်တဲ့ သတ်မှတ်ချက်ကိုနဲ့ ပတ်သက်ပြီး ဇိုတုန်ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံ ဆရာမ တစ်ဦး ဆက်ပြောတာက “ကျွန်မတို့ ဇိုတုန်ဒေသမှာ ပြည့်သူ့အုပ်ချုပ်ရေး လည်ပတ် ယန္တယား အခိုင်မာ ရှိနေပြီ ဖြစ်တဲ့အတွက် အလင်းဝင်လိုတဲ့ဆရာ/မများအနေဖြင့် ထုတ်ပြန် ထားသော အချက် ငါးချက်ကို ရရှိဖို့ မခက်ခဲပါဘူး။ ဒါကြောင့် ကျွန်မတို့ဘက်က လျော့ပေးဖို့ မရှိဘူး”လို့ FJMM ကို ပြောပါတယ်။
 
ဇိုတုန်ပညာရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ Non-CDM များအနေဖြင့် ပြည်သူ့ကျောင်း၊ ပြည် သူပိုင် လုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း မရှိပါက အချိန်မှီ ဒေသတွင်းကနေ ထွက်ခွာပေးကြဖို့လည်း ထပ်မံ သတိပေးထားတာလည်း ပါဝင်ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button