လက်ရှိအာဏာရပါတီကတာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲကို တရားမျှတမှုမရှိဘူးလို့ US ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၅ရက်၊ ၂၀၂၃။
လက်ရှိ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) က တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကြောင်း ကြေညာပြီးနောက် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဟု အမေရိကန်(United State of America)က ပြောကြောင်း Nikkei Asia တွင် ဖော်ပြထားပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ အာဏာရပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ ကမ္ဘောဒီးယား သတင်း ဌာနတစ်ခုက ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်မထုတ်ပြန်သေးပေမယ့်လည်း လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) က နေရာ ၁၂၀ ကို အနိုင်ရရှိခဲ့ပြီး FUNCINPEC ပါတီ ၅ နေရာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါရွေးကောက်ပွဲရလဒ်ဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပြောပါတယ်။
ထို့ကိစ္စနဲ့ပတ်သတ်ပြီး ကမ္ဘောဒီးယားရှိ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်အချို့ကို အမေရိကန်က ခေတ္တရပ်ထားလိုက်ပြီး ဒီမိုကရေစီကို ထိခိုက်ရာထိခိုက်ကြောင်း ပြောဆိုသည့် လူပုဂ္ဂိုလ်များကိုလည်း ဗီဇာပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
“တုံ့ပြန်မှုအနေနဲ့၊ အမေရိကန်ဟာ ကမ္ဘောဒီးယားနိုင်ငံအပေါ် အချို့သော အကူအညီ အစီအစဉ်တွေကို ခေတ္တရပ်နားထားလိုက်ကာ ဒီမိုကရေစီကို ထိခိုက်စေတဲ့သူတွေကို ဗီဇာကန့်သတ်ချက်တွေကို ချမှတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ Matthew Miller က ပြောပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်များက နိုင်ငံရေးအတိုက်အခံများ၊ မီဒီယာများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုတွေရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲမှာ မထင်ရှားတဲ့ ပါတီငယ် ၁၈ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူသိများတဲ့ Candlelight Party ကိုတော့ ရွေးကောက်ပွဲကော်မရှင်က အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်ခြင်းကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ဖို့ ခွင့်မရခဲ့ပါဘူး။
ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်၏ ပြောကြားချက်အရ မဲပေးသူ ၈၄ ရာခိုင်နှုန်းဖြင့် မဲရုံပိတ်ခဲ့ပြီး စုစုပေါင်းလူ ၈.၁ သန်း မဲပေးခဲ့ကြကြောင်း သိရပါတယ်။
အခုလို အတိုက်အခံပါတီတွေရဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ကန့်သတ်ထားတဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲစနစ်ကိုတော့ စစ်ကောင်စီ ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း အထူးသွားရောက် လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – AP