သတင်း

ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာ

နမ့်ယား စစ်ကောင်စီဂိတ်မှာ ကုန်ကားတွေကို သွားခွင့်မပြုလို့ ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာ

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၇ ရက်၊ ၂၀၂၃။
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားကနေ နမ့်ယား-ဖားကန့် ကိုသွားတဲ့ လမ်းမကြီးထဲမှာရှိတဲ့ နမ့်ယား စစ်ကောင်စီဂိတ်မှာ ကုန်ကားတွေကို သွားခွင့်မပြုပဲ ပိတ်ပင်လိုက်တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီနဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ပိတ်ပင်ပြီးသွားခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေဟာ စားသောက် ကုန် အနေဖြင့် ဆန်၊ ဆီ၊ ဆား တို့ကို သွယ်ယူပို့ဆောင်ခွင့်ပိတ်ပင်လိုက်သလို စက်သုံးဆီကိုလည်း ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
 
အခုလို ကုန်ကားတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေဟာ အခက်အခဲတွေ့နေကြပြီး တနိုင်တပိုင် စားသောက် နိုင်ဖို့အတွက် ဒေသခံတွေက ဆိုင်ကယ်များဖြင့် သယ်ယူရာမှာလည်း တကြိမ်ဖြတ်သန်း ခွင့်ကို ကျပ်ငွေ ၁ သောင်းထိ ပေးနေကြရသလို ဆန်ပြတ်လပ်လာတဲ့နေရာတွေမှာတော့ ဆန်ကြမ်းတပြေကို ကျပ်ငွေ ၅ ထောင်ပေးပြီး ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
 
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စက်သုံးဆီပြတ်လပ်မှု ကြုံလာနိုင်တဲ့ တချို့နေရာတွေမှာတော့ တလီတာကို ကျပ် ၅ ထောင်ကနေ ၁ သောင်းကြားထိ မြင့်တက်လာမယ့် အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ တချို့လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ လုပ်ငန်းစက်ယန္တယားတွေ လည်ပတ်နိုင်ဖို့အတွက် စက်သုံးဆီတွေကိုတော့ သယ်ယူခွင့် ရရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီက စက်သုံးဆီအပါအဝင် ကုန်ကားများကိုလည်း အရင်ကလည်း ရက်သတ္တပတ် ၂ ပတ်ခန့် ပိတ်ပင်လိုက်တာမျိုး၊ တချို့လတွေမှာ အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာမျိုး ပြုလုပ်လေ့ရှိတာကြောင့် ကုန်စျေးနှုန်းတွေဟာ မငြိမ်မသက်ဖြစ်ပြီး စက်သုံးဆီ၊ ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့နေကြရတာပါ။
 
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတင်ပြီး တနိုင်းလီဒိုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နဲ့ ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့(KIA) တို့ကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာတာကြောင့် စစ်ကောင်စီထိုင်တဲ့ ဂိတ်တွေမှာ ကုန်ကားတွေကို ပိတ်ပင်တားမြစ်လာတာ ဖြစ်နိုင်သလို ခရီးသည်တွေကိုလည်း ဖြတ်သန်းသွားလာခွင့် ခပ်စိပ်စိပ်ပိတ်ပင်လာတာ ရှိနေတယ်လို့ ဒေသခံတွေက ကချင်သတင်းဌာနတွေကို ပြောဆိုထားပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button