သတင်း

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲ

ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂ ရက်၊ ၂၀၂၃။

ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)ဟာ ပထမအကြိမ် ပြုလုပ်တဲ့ ပါတီညီလာခံကနေ ပါတီအမည်ကို ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ(KSDP) အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ KSDP က ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပါတီနာမည်ပြောင်းလဲအသုံးမှုနဲ့ ပတ်သက်ပြီး KSDP ဥက္ကဌ ပြောတာက “အရင်က ၂၀၀၈အောက်က သွားနေရတာဖြစ်တဲ့ အတွက် ၂၀၀၈အောက်ကပေးတဲ့နာမည်တွေ အတိုင်းသွားရတာပေါ့၊ အခုကကျနော်တို့ပါတီက ၂၀၀၈အောက်က သွားစရာမလိုတော့ဘူး၊ ၂၀၀၈အောက်က နေလည်း တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ အရေးတွေ လုပ်သွားစရာလည်းမရှိတော့ဘူး၊ ကျနော်တို့ ကတော့ ကိုယ့်ဟာနဲ့ကိုရပ်တည်ဖို့အချိန်ရောက်ပြီးပေါ့၊ အမည်နာ မပြောင်းတာ အရေးမကြီးဘူးလို့ထင်ကြပေမယ့် ကျနော်တို့က ပကတိ အရှိတရား အတိုင်းသွားဖို့လို ပါတယ်၊ အရင်သမိုင်းအရ ကျနော်တို့ပြည်နယ်အမည်က ကရင်နီပါ ၂၀၀၈အောက်မှာတော့ အလိုနာမည်နဲ့ သွားလို့ မရခဲ့ဘူးပေါ့၊ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေတုန်းက ကရင်နီပြည်နယ်အတွင်းတစ်နေရာမှာ ပါတီညီလာခံကို ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီ ( ၁၄ ) ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ( ၉ ) ဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့ ပါတယ်။

ယခင် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ ခူးသဲရယ်ကနေ ပါတီဥက္ကဌ နဲ့ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ မော်မိုးမြာကနေ ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရပါတယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ် မဲဆန္ဒနယ် ၃၄နေရာအနက် ယခုအမည်ပြောင်းလဲသတ်မှတ်ထားတဲ့ ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ၈ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

ပါတီအနေနဲ့ နောက်ပိုင်းမှာ လူထုကိုနိုင်ငံရေးအခန်းကဏ္ဍတွေမှာ ထည်ထည်ဝင်ဝင်ဦးဆောင်ဖို့နဲ့ တော်လှန်ရေးကာလမှာလည်းလိုအပ်တဲ့နေရာတွေမှာလည်း အားဖြည့်ကူညီပေးဖို့အတွက် လုပ်သွားမည်ကိုလည်း KSDP ဥက္ကဌက ပြောပါတယ်။

Related Articles

Back to top button