ဓါတ်ပုံ – CNDF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင် ဖလမ်းမြို့နယ်ထဲ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် မတ်လ (၉) ရက်နေ့က စတင်ပြီး ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂၁ ဦး သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မတ်လ (၁၂) ရက်မှ (၁၉) ရက်နေ့အထိ ၅ ရက်တာ ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုပေါင်း(၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။
အဲဒီ ကြားဖြတ်တိုက်ခိုက်တဲ့ တချို့ရက်များမှာတော့ CDF-Hualngoram၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ကလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်ပါတယ်။
အဲဒီကြားဖြတ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် ခဲယမ်း များဖြစ်တဲ့ ကျည် (၁၇၀) ထောင့်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ အီနာဂါတို့ကိုလည်း သိမ်းဆည်း ရမိခဲ့သလို ရိက္ခာတင် (၁၂) ဘီးကား (၁) စီး ကြေမွအောင် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းတောင်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖလမ်း-ကလေးလမ်းမကြီးမှာ တည်ရှိတဲ့ ကျေးရွာရှိ အရပ်သားများ နေအိမ် အသုံးဆောင်ပစ္စည်းများကိုလည်း ဖျက်စီးခဲ့သလို အိမ်မွေး တရိစ္ဆာန်များ ကိုလည်း သတ်ဖြတ် စားသောက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်တွေအတွင်း ဖလမ်း-ဟားခါးလမ်းမကြီးက စစ်ကောင်စီ စစ်ကြောင်းဟာ ပြန်လည် ဆုတ်ခွာသွားခြင်း မရှိသေးသလို တိုက်ပွဲဟာလည်း ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် ခရီးသွားလာခြင်း မပြုရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က တိုက်တွန်းထားပါတယ်။