သတင်း

စစ်ကောင်စီ လက်နက်ကြီးစခန်းတစ်ခု KAနှင့်KNDF ပူးပေါင်းတပ်တို့ သိမ်းပိုက် 

ဓါတ်ပုံ – Karenni Military Information Center 
 
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ်လ ၂၊ ၂၀၂၃  
 
ကရင်နီ – ထိုင်းနယ်စပ် ဘီပီ-၁၂၊ ကောက်ကောက်စခန်းအနီးရှိ စစ်ကောင်စီတပ် ခလရ(၁၃၅)၊ ခလရ (၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁)စခန်း (၁)ခုကို ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ နံနက်(၆)နာရီ(၃၀)မိနစ်အချိန်တွင် ကရင်နီ တပ်မတော် (KA)တပ်ရင်း(၁)၊ တပ်ရင်း(၅) နှင့် KNDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ စစ်ကောင်စီ ပွိုင့်(၁၄၄၁)စခန်းဟာ တပ်စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုထားသည့် ပထမတပ် စခန်းနဲ့ တပ်ဖွဲ့ဝင်များနေထိုင်တဲ့ ဒုတိယ တပ်စခန်း တည်ရှိတယ်လို့ ဆိုပါတယ်။
 
ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ဟာ လက်နက်ကြီးတပ်စု အခြေပြုတဲ့ ပထမတပ်စခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာ ဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးခဲယမ်းများဖြစ်တဲ့ ၁၂၀မမ(၁)လက်၊ ၉မမ(၁)လက်၊ အာပီဂျီ-၇(၁)လက်၊ ငါးကျင်းမြီးစက်လတ် (၁)လက်၊ အမ်အေ-၂ (၃)လက်၊ အမ်အေ-၄(၁)လက် အမျိုးအစား မသိရ သေးတဲ့ လက်နက်ငယ်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများ သိမ်းဆည်းရနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
 
အဲဒီ စခန်းသိမ်းဖို့ ဝင်ရောက်လာစဉ် ပြန့်ကျဲနေတဲ့ စစ်ကောင်စီ အလောင်း(၁၀)လောင်းခန့် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
လက်နက်ကြီး တပ်စခန်းကို သိမ်းဆည်းမှုအပြီး နံနက်(၈)နာရီခန့်မှာတော့ ဒုတိယ တပ်စခန်းတစ်ခုကို ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်နေစဉ် အနောက်ဖက်မှ စစ်ကောင်စီ၏စစ်ကူ စစ်ဂျက်လေယာဉ် (၅)စီးတိတိ ဝင်ရောက်လာပြီး စက်သေနတ်များ၊ ဗုံးသီးများဖြင့် ပစ်ခတ်မှုပြုလာသဖြင့် ပြန်လည် ဆုတ်ခွာ လိုက်ရတယ်လို့ ဆိုပါတယ်။
 
KMIC သတင်းပြန်ကြားရေး တာဝန်ခံ ညေးရယ်က “ပထမစခန်းတော့ အလွယ်တကူ သိမ်းနိုင် တာပေါ့၊ နောက်စခန်းတခုသိမ်းဖို့လုပ်တော့ လေယာဉ် ၅စီးလာတယ်လေ တစ်စီးကို (၃)ခါပစ်တယ်၊ ၅စီးဆိုတော့ (၁၅) ခါပစ်တာပေါ့၊ လေယာဉ်နဲ့သူတို့ ပွိုင့်-၅ နဲ့ ဗုံးသီးတွေနဲ့ ဆော်‌ပစ်တာပေါ့” လို့ ပြောပါတယ်။
 
KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ ၁၂၀ မမ လက်နက်ကြီး(၂)လက်ရှိသော်လည်း လေကြောင်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်လာတာကြောင့် (၁)လက်သာ ရယူနိုင်ခဲ့ပြီး တပ်စခန်း၏အပြင်ဖက်မှာတော့ (၁)လက်ချန်လပ် ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်းမှာတော့ KA စစ်သည်တချို့ ကျဆုံးခဲ့ရပြီး (၁၅)ဦးခန့် ဒဏ်ရာ ရရှိခဲ့ တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီဖြစ်တဲ့ မိုးအကုန်ဆောင်းရာသီကာလတို့တွင် ဝေးလံ ခေါင်းဖျားသည့် တပ်စခန်း များ ဆီသို့ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်လေ့ရှိပြီး လက်ရှိကာလမှာတော့ တော်လှန်ရေး တပ်ဖွဲ့တို့၏ ကြား ဖြတ် မကြာခဏ တိုက်ခိုက်ခံရပြီး ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းများက ခက်ခဲနေတယ်လို့ သိရပါတယ်။
 
KMIC သတင်းပြန်ကြားရေး တာဝန်ခံ ညေးရယ်က ” သူတို့က လက်ရှိ ကုန်းကြောင်း၊ လေကြောင်းကနေ ရိက္ခာ လက်နက်ပို့ဖို့ ခဏခဏဖြတ်တောက်ပစ်ခံရတော့ စစ်အင်အားဖြည့်တင်းဖို့ ရှိလာနိုင်ပါတယ်၊ ရှမ်းပြည် တောင်ပိုင်း မိုင်းနောင် စခက -၂ ရှိတယ်လေ တပ်ရင်း (၁၀)ရင်းရှိတာပေါ့ သူတို့မှာ အင်အား ရှိလားမရှိလားတော့ မပြော တတ်ဘူး၊ လောလောဆယ် နယ်စပ်တပ်တွေမှာ အင်အားနည်းတယ်လေ၊ အဲဒီဖက်ကနေ ထိုးစစ်ဆင်လာ နိုင်တယ်” လို့ ပြောပါတယ်။
 
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ (၂)လတာအတွင်း ကရင်နီ – ထိုင်း နယ်စပ်အနီးတွင် တိုက်ပွဲ ပေါင်း(၇) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၄၀)ဦးထက်မနည်း ကျဆုံးကာ (၂၀)ကျော်ခန့် ဒဏ်ရာရရှိခဲ့ ထား တယ်လို့ ကရင်နီတပ်မတော်(KA) စစ်သတင်းမှတ်တမ်းများက ဖော်ပြပါတယ်။

Related Articles

Back to top button