တော်လှန်လူငယ် တစ်ဦး
ဗမာတိုင်းရင်းသား ၊ ရန်ကုန်တိုင်း။
(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ
ဖြေ။ ။ ဒီနေ့ထိ တော်လှန်ရေး အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်တာဟာ လူငယ်တွေအများစု အဓိက ပါဝင်နေတာကြောင့်လည်းပါပါတယ်။ ဒါပေမယ့် လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးလို့ ဆိုရာမှာတော့ လူငယ်တွေအနေနဲ့ စစ်ရေး/လက်နက်ကိုင်တော်လှန်ရေးအခန်းကဏ္ဍတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဦးဆောင်နေတာတွေ့ရပေမယ့် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါတဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေနဲ့ လူငယ်တွေရဲ့အနာဂတ်အတွက် အရေးပါတဲ့အရေးအရာတွေမှာ လူငယ်တွေဟာ အကြံပေးရုံသက်သက်၊ ပါဝင်ရုံသက်သက်ပဲလား ရဲရဲဝံ့ဝံ့ဦးဆောင်ပြီး ဆုံးဖြတ်ချက်ချခွင့်ရနေကြရဲ့လား ဆိုတာ လူငယ်အင်အားစု တွေကို ပြန်မေးခွန်းထုတ်ချင်ပါတယ်။
(၂) မေး။ ။လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။စစ်အာဏာရှင်စနစ်အမြစ်ပြတ်တွန်းလှန်ဖို့ကတော့ အများစုရဲ့ ဘုံရည်မှန်းချက်လည်းဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီယုံကြည်ချက်အပေါ် လက်ရှိမှာ ဘယ်လိုမျိုးတွေးခေါ်တော်လှန်နေကြလဲဆိုတဲ့ တဦးချင်းစီရဲ့ နိုင်ငံရေးစိတ်စေတနာပေါ် အဓိက မူတည်ပါတယ်။
(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းအရင်း တွေက ဘာတွေဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။
ဖြေ။ ။နှစ်ပေါင်း(၇၀) ကျော်ကြာ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေရဲ့အဓိက နိုင်ငံရေးဖြစ်စဥ် ပြဿနာ အရင်းအမြစ်ကို နားလည်ဖြေရှင်းဖို့ မကြိုးစားခဲ့ကြပဲ သမိုင်းဖြစ်ရပ်အမှားတွေအပေါ် သင်ခန်းစာမယူကြ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိခဲ့တာကြောင့် ပြည်တွင်းစစ်ရှည်ကြာစေခဲ့ပြီး စစ်အာဏာရှင်တွေကို သက်ဆိုး ရှည်စေခဲ့တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ဆို ဘယ်လိုနိုင်ငံရေးစနစ်မျိုးလိုချင်ကြတာလဲ ဘယ်လိုနိုင်ငံရေးအတွေးအခေါ်တွေနဲ့ ဘယ်လောက်ထိလက်တွေ့ကျင့်သုံးနေနိုင်ပြီလဲ စတာတွေအပေါ် ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့ အရေးကြီးပါတယ်။
(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။
ဖြေ။ ။ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ကတော့ ပြည်တွင်းစစ်ရှည်ကြာစေခဲ့တဲ့အကြောင်းရင်းတွေနဲ့ နိုင်ငံရေးပြဿနာ အရင်းမြစ်တွေအပေါ် နားလည်သိမြင်လာဖို့ ပထမဆုံး အရေးကြီးပါတယ်။ ဒီလိုနားလည်သိမြင်လာမှသာ နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ပထဝီရေခံမြေခံဒေသအလိုက် သင့်လျော်ကိုက်ညီမယ့် လူမျိုးစု/နိုင်ငံသား တွေရဲ့ လူ့အခွင့်အရေး တန်းတူရေးအပေါ်အာမခံချက်ရှိစေမယ့် နိုင်ငံရေးစနစ် အုပ်ချုပ်ရေးစနစ်တွေကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။
(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီ အောင်မြင်ဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။
လက်ရှိမှာတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ သင့်လျော်အကိုက်ညီဆုံးလို့ လက်ခံယူဆထားကြပေမယ့် လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက်ကတော့ အများကြီးဝေးကွာနေကြသေးတယ်လို့ မြင်ပါတယ်။
၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အများကြီးပြောစရာမရှိပါဘူး။ စကစရဲ့ ရွေးကောက်ပွဲသာ အောင်မြင်ခဲ့ရင် စကစရဲ့ရွေးကောက်ပွဲအလွန်ကာလအတွက် ကြိုတင်ပြင်ဆင် စဉ်းစားထား တာတွေရှိပြီလား? စကစဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲကို ပထမဦးစားပေးလုပ်ဖို့ ကြံစည် နေပေမယ့် ရွေးကောက်ပွဲအပြင် တခြားနိုင်ငံရေးထွက်ပေါက်တွေလည်း ကြိုပြင်ထားနိုင်ပါသေးတယ်။
ဒါကြောင့်မို့ တော်လှန်ရေးအင်အားစုတွေဘက်က စကစရဲ့ရွေးကောက်ပွဲ ထောင်ချောက်/လှည့်ကွက်ထဲမှာပဲ မပိတ်မိဖို့အရေးကြီးပါတယ်။ တပြိုင်နက်ထဲမှာပဲ နွေဦးတော်လှန်ရေးဘက်မှာကော ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးထွက်ပေါက်/နိုင်ငံရေးအဖြေရှိထားကြပြီလား? ဘယ်လောက်အတိုင်းအတာထိအလုပ်ဖြစ်နေလဲ? စသဖြင့် စကစရဲ့ရွေးကောက်ပွဲကိုလည်းရနိုင်သမျှဟန့်တားဖို့လိုသလို တလရနိုင်ငံရေးပလက်ဖောင်းဖြစ်တဲ့ NUCC ရဲ့ နိုင်ငံရေးဦးဆောင်မှုကိုလည်း အမြန်ဆုံးတာဝန်ခံခိုင်းဖို့/ဝိုင်းတွန်းကြဖို့ အဓိကလုပ်ဆောင် သင့် ကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။