စစ်တပ်ထဲက ထွက်ချင်လို့ HIV ပိုးရှိနေတဲ့သွေးကို ထိုးထည့်လိုက်တာ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃
ကျနော့် နာမည် xxx ပါ။ ရာထူးက တပ်ကြပ်ကြီး အသက် ၄၁ နှစ်ပါ။ ကျနော် နောက်ဆုံး တာဝန်ကျတာ xxx ရေတပ်သင်္ဘောကျင်းဌာနချုပ်ပေါ့။ ကျနော်က ၁၀တန်း အောင်ပြီးမှ တပ်ထဲဝင်တာပါ။ ကျနော်တို့ ခေတ်တုန်းက အလုပ်အကိုင်က ရှားပါးတယ်လေ။ ကျနော်က နည်းပညာ ဝါသနာပါတော့ သင်္ဘောသား လုပ်မယ်ပေါ့။
သင်္ဘောသား လုပ်ဖို့ လုပ်သက်တွေ ဘာတွေလိုတယ်။ အဲ့ဒီတုန်းက ရေတပ်ထဲ ဝင်ရင် လုပ်သက် ၁၀နှစ်ပြည့်တဲ့အခါ ထွက်လို့ရတယ်၊ ပေးထွက်တယ်။ ကိုယ်လုပ်ခဲ့တဲ့ ၁၀နှစ် အတွင်း မှာ sea service သို့မဟုတ် workshop service ထုတ်ပေး တယ်။ ticket ခေါ်တာပေါ့။
အဲ့ဒီ ticket ယူပြီး သင်္ဘောသား ရုံးမှာ သင်္ဘော သား အဖြစ် သွားလျောက် လျောက်ရင် အခွင့်အလမ်းတွေတော့ ရေတပ်ထဲဝင်လိုက်တာ။ ကျနော် ၁၉၉၃ မှာ ဝင်တယ်၊ ဝင်ပြီး ငါးနှစ်လောက်အကြာ ၁၉၉၈ လောက်မှာ ပြောင်းလည်း သွားတယ်။ ပေးမထွက်တော့ဘူး။ ကျနော်တို့ ရဲ့ ရှေ့မှာ ရှိတဲ့ senior တွေလည်း ထွက်ချင်ကြတယ် အရွယ်ကောင်းတွေ ဆိုတော့ ပေးမထွက်တော့ဘူး။
ပေးမထွက်တော့ ကိုယ်နဲ့ ဆိုင်ရာပိုင်ရာ ဆရာ၊တပည့် ဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်တွေ ဘာတွေဆီ လိုက်ကြတော့ တချို့ တဝက် နည်းနည်း ပါးပါး ထွက်လို့ရကြတယ်။ ထွက်လို့ ရပေမဲ့ ထုတ်ပေးတဲ့ ticket က ၁၂လပဲခံတော့တယ်။ ဒီတော့ အဲ့ဒီ ၁၂လထဲမှာ ကိုယ်က သင်္ဘောသား ဖြစ်အောင် ကြိုးစား။ မကြိုးစားရင် expireဖြစ်ပြီး သက်တမ်းကကုန်သွားရော။ အဲ့လိုနဲ့ နောက်ပိုင်းကျ ticket ပါ မပေးတော့ဘူး။
ထွက်ခွင့်မပေးတော့ ဆေးနဲ့ရိုက်ပြီး ထွက်ကြတာမျိုးလည်းရှိတယ်။ ဆေးဘုတ်ထိုင်ပြီး ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်ကြတာ။ အဲ့ဒီတုန်းက ၉၅/၉၈ပတ်ဝန်းကျင် အဲဒီခေတ်မှာ ၁၀သိန်း ၁၅ သိန်းလောက် ပေးရင် ရတယ်။ ကျနော်တို့ အခြေခံ လစာက ၅၅၀ ပဲ ရှိတယ်။
ကျနော်တို့ အခေါ်က ရိုက်တယ် ခေါ်တာပေါ့၊ ၅၅၀ ခေတ်မှာ ဆေး နဲ့ ထွက်ဖို့ ရိုက်ရတဲ့ ပမာဏက အဲ့လောက်ရှိတာ။ ၂၀၁၆-၂၀၁၇ မှာတော့ သိန်း ၄၀ အထိ ပေါက်နေပြီ။ ကျနော်တို့ တခြား အဆင့်မှ မဟုတ်ဘူး ထွက်ခွင့်ရဖို့ အတွက်ကို အရာရှိတွေကအစ အကုန်လုံး က ငွေပေးပြီးထွက်ကြတယ်။ ပြဿနာတက်ကြတယ်။
ထွက်ကြတဲ့ပုံစံက ရောဂါမရှိ ရောဂါရှာ၊ ပါရဂူက လက်မှတ်ထိုးပြီး ထုတ်ပေးလိုက်တာ၊ ၂၀၁၆ တုန်းက ပါရဂူ တယောက်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက်ခွင့်တွေ လက်မှတ်ထိုး ပေးလိုက်တာ တော်တော်များများပဲ။ သူ့ ရုံးအဖွဲ့က ဘယ်လောက် ယူလည်းဆို တယောက်ကို သိန်း ၄၀ ယူတယ်။
ထွက်ကြတာ အယောက် ၃၀၀ လောက်ရှိတယ်။ နောက်ပိုင်း ပြဿနာ တက်ပြီး ကာချုပ်က သိသွားလို့ ပြန်စိစစ်တော့ ၂၀၁၃ နောက်ပိုင်းမှာ လုပ်တဲ့ သူတွေကို အရေးယူ အဲ့ဒီရှေ့မှာ လုပ်တဲ့သူတွေကိုတော့ ထားလိုက်တော့ ဆိုပြီးထားတာ။ တချို့ဆို ထွက်ပြီးသွားလို့ ပင်စင်ယူပြီး ပင်စင်လစာထုတ်ခါနီးကျမှ ပြဿနာ တက်တာ။ အဲ့လူတွေကို ဘာလုပ်လည်း ဆိုတော့ ထောင်တွေ ဘာတွေ ချလိုက်တာ။ တချို့ကျတော့လည်း ဆက်လုပ်မလား ထောင်ကျခံမလား ဆိုပြီး ခေါ်တယ်၊ လုပ်မယ့်သူက တယောက်မှ မရှိဘူး၊ ထောင်ကျခံကြတယ်။
ပိုက်ဆံလည်း ကုန်တယ်။ အဲ့ဒီအမှုကို အစဆွဲထုတ်ရင်း မီးခိုးကြွက်လျောက် လိုက်ရင်း သတင်းထွက်လာတော့ မဖြစ်တော့ ဘူး ဆိုပြီး တချို့ဆို တလလောက်ပဲ ကြာတယ် တပ်က အချုပ်ထဲမှာ။ ပင်စင်လည်း မရတော့ ဘူး။ တကယ်ဆို တပ်ထဲမှာနေချင်တဲ့သူကတော့ ဘယ်သူမှ မရှိဘူး ။
ကျနော် ကိုယ်တိုင်လည်း ဆေးနဲ့ ထွက်ဖို့လုပ်ခဲ့ဖူးတာပဲ။ ဆေးနဲ့တောင်မှ မရဘူး။ အရင်ကဆို HIV ရှိနေရင် ထွက်လို့ရတယ်။ HIV နဲ့ဆို တခြားလူ ကူးစက်မှု ဖြစ်မှာ စိုးလို့ ပေးထွက်တယ်။ တချို့ဆို HIV ဖြစ်ပြီ ဆိုတာနဲ့ ချက်ခြင်းကို ပေးထွက်တာ။ ဆေးစစ်ပြီး ထွက်ရင်က တနှစ်ကြာတယ်။ တကယ်ဖြစ်တဲ့သူရော ပိုက်ဆံပေးပြီးလုပ်တဲ့သူပါ တနှစ်ကြာတယ်။
HIV ဆိုရင်တော့ မြန်တယ်၊ ချက်ခြင်းကို ထုတ်ပစ်တာ။ တချို့ဆို ချက်ခြင်း ထွက်ခွင့်ရချင်လို့ ကိုယ့်သွေးကြောထဲကို HIV ပိုးရှိနေတဲ့သွေး ထိုးထည့်လိုက်တာရှိတယ်။ အဲ့လို အဖြစ်ခံပြီးကို ထွက်ခွင့်ရအောင်လုပ်သွားကြတာ။ တပ်ကထွက်ချင်လို့ အဲဒီလို လုပ်တဲ့ ကျနော့သူငယ်ချင်းတယောက်ဆို ဆုံးသွားပြီ။ HIV နဲ့ပဲ ဆုံးတာ။
တပ်ထဲ ဝင်တာ ၉၃ ခုနှစ် ။ ကျနော်တို့က ခြေလျင်၊ခြေမြန် ကြည်းတပ်တွေ နဲ့ မတူဘူး။ အခြေခံ စစ်သင်တန်းတော့တက်ရတယ်။ အခြေခံ စစ်သင်တန်းက ရတဲ့ အမှတ်ကို မူတည်ပြီး ပညာသည် အုပ်စု ခွဲလိုက်တယ်။
၁၀တန်းအောင်၊ ၈တန်းအောင်၁၀တန်းကျ၊ ၄တန်းအောင်၈တန်းကျ ဆိုပြီး A B C သုံးအုပ်စု ခွဲထားတာ ရှိတယ်။ ဂရုလိုက်ကို ပညာသည် အမျိုးအစားတွေ ကွာသွားတယ်။ အခြေခံမှာ ကျနော်က အမှတ်ကောင်းလို့ အထူးပညာသင်ရေယာဉ်စစ် ရတယ်။ အဲ့ဒီမှာ ၉လ ပညာရပ်ပိုင်းဆိုင်ရာတွေ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ တွေသင်တန်း တက်ရတယ်။
ကျနော်တို့က တည်ဆောက်ရေး ဖြစ်တဲ့ အတွက် တည်ဆောက်ရေး အဖွဲ့တွေက နည်းတယ် တခြား အဖွဲ့က တခြား ဌာန ပြုပြင်ရေးတို့ ထုတ်လုပ်ရေး တို့ တခြားဌာန စက်ရုံအလုပ်ရုံ အဲ့လိုလူတွေပဲ ထည့်တာ များတယ်။ အလုပ်ပါးတဲ့သူတွေပေါ့။
အခုဆို မီတာ စစ်သင်္ဘောကြီး ဆောက်နေတာ အဲ့ဒါကို target ထားထားတာ။ ဒါ မြန်မာပြည်ရဲ့ image တခုပေါ့။ အဲ့တာ အောင်မြင်ဖို့ အတွက်ကို လူ အင်အားတွေ စုပြုံပြီး သုံးတာ။ pressure တွေလည်း များတယ်။ ဆူဆဲ လုပ်ငန်းခွင် accident တွေလည်း ရှိတယ်။ လက်ပြတ်တဲ့သူတို့ ခြေထောက်ထိတဲ့သူတို့ ဓာတ်လိုက်သေတာတို့ အဲ့တာမျိုးတွေ ရှိတယ် ။
သင်တန်းဆင်းတော့ မိခင် တပ်ရင်းမှာ ရှိသမျှ လူသစ်တွေ စုပြီး နယ်ဌာနချုပ်တွေကို ဖြန့်ပြီး တာဝန်ချတာ။ အဲ့ဒီမှာ တာဝန်ကျတာ သင်တန်းသား ၄၂ ယောက်လားမသိဘူး ရှိတယ်။ ကျနော်တို့ အပတ်စဉ်မှာ ကျနော်ရယ် နောက်ထပ် သူငယ်ချင်း ၂ယောက်ရယ်ပဲ ကျန်ခဲ့တာ၊ ကျန်တဲ့သူ အကုန် လုံးက နယ်ဌာနချုပ်တွေ ရောက်ကုန်တာ။ ဟိုင်းကြီး ရှိတယ် ကတန်ရှိတယ် မော်လမြိုင်ရှိတယ် ရခိုင်ရှိတယ် ဌာနချုပ် ၆ခု ရှိတယ်။ နယ်အသီးသီး ရောက်ကုန်တော့ ကျနော်က xxx မှာ တာဝန်ကျတော့ workshop ဝင်ရတယ် ၄နှစ်ကြာတယ် အတော်ပဲ ဖြစ်သွားတယ်။
ကျနော် က လိုချင်တာ workshop service လိုချင်တာ ဆိုတော့ အဲ့ဒီကနေ အမှတ်၁ ဗျူဟာ စစ်ယာဉ် ဆိုတာ ရှိတယ် အဲ့ဒီကို ပြောင်းရတယ်။ ပြောင်းရတော့ သင်္ဘောစဆင်းရတယ်။ အဲ့ဒီမှာလည်း ၄နှစ်ကြာတယ် ၄နှစ်ကနေမှ xxx ထပ်ရောက်တယ်။ ၄နှစ် ကြာပြီး xxx ရေယာဉ်စခန်းဌာနချုပ် xxxမြို့ကို ထပ်ရောက်တယ်။
အဲ့ဒီကနေမှ အမှတ် ၁ ဗျူဟာ စစ်ယာဉ်စုကို ပြန်ရောက်တယ်။ ၂၀၀၈ ခုနှစ် xxxကို ပြန်ရောက်တယ်။ ရခိုင်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ စစ်ဆင်ရေး အခြေအနေ တင်းမာနေတဲ့အချိန် ရေယာဉ် အင်အား၊ စစ်သည်အင်အားလည်း မရှိလို့ စစ်သည်အင်အားတွေ ဖြည့်တင်းဖို့ ပညာသည် အမျိုးအစား အားလုံး ၆လ မသွားမနေရ သွားရမယ် ဆိုပြီး မဲစနစ်နဲ့ ပို့တာ။ ကျနော်က ၆လ ပါတယ် ဆိုပြီး ရခိုင်ကို အစကတော့ ယာယီ ၆လ ဆိုပြီး ရခိုင်မှာ ၈နှစ်ကြာခဲ့တယ် ။
၂၀၂၁ မှာ အဏာသိမ်းတော့ ဘာ အင်တာနက်မှ မမိတော့ဘူး။ အသံ တော့ ကြားတယ် တခုခုတော့ ဖြစ်မယ်ဆိုတာ သုံးလေးရက်လောက်ထဲက ကြိုကြားတယ်။ ပြောင်းလည်းမှု တခု တော့ ဖြစ်မယ်ထင်တာ၊ အာဏာသိမ်းမယ်တော့ မထင်ဘူး။ ကျနော်တို့က ညဘက်ဆို ၁၂နာရီ ၁နာရီထိ မအိပ်ဘူး လိုင်းသုံး သူငယ်ချင်းတွေ စုဖွဲ့ပြီး စကားပြောရင်ပြော၊ တချို့ကျတော့လည်း ဂိမ်းဆော့ဆိုတော့ လိုင်းတွေက ပြတ်သွားပြီး ဖုန်းတွေလည်း ဆက်လို့မရတော့ဘူး။
ထူးတော့ထူးခြားတယ်ပေါ့ မနက်မိုးလင်းမှ သိတယ် အာဏာသိမ်းလိုက်ပြီ ဆိုတာ။ သိလိုက်တော့လည်း ထူးထူးခြားခြား မဟုတ်ဘူး စောင့်ကြည့်တဲ့ အနေအထားပေါ့။ ကျနော် တို့က ဘာလုပ်လို့ ရမှာလည်း သိမ်းလည်းသိမ်းပေါ့ ကိုယ်တွေက မူလ တာဝန်ပဲ ထမ်းဆောင်ရမှာပေါ့ ။
အောက်ခြေ လုပ်ငန်းခွင်မှာလည်း အာဏာရှင်ဆန်ဆန် ဆက်ဆံတာရှိတာပဲ။ ပါးရိုက်တယ်။ ဖုန်းတွေ့ရင် ဖုန်းကို ပေါက်ခွဲလိုက်တယ်။ ကားနဲ့ တက်ကျိတ်လိုက်တယ်။ အရာရှိချင်းတောင်မှ ကြီးတဲ့အရာရှိက ငယ်တဲ့ အရာရှိကို တံမြတ်စည်း နဲ့ ရိုက်တာတွေ လူရှေ့သူရှေ့မှာ လုပ်တာ။ ကျနော် တို့က ကြိုက်ကိုမကြိုက်ဘူး။
မလွှဲမရှောင်သာမို့သာ။ ကျနော် ဆို ၂၀၁၈က အဲ့ဒီ ဌာနချုပ်ကို ပြောင်းရတယ်။ တရားဝင် တန်းစီတဲ့ အချိန်မှာ မင်းတို့ မနေချင်ရင် ထွက် ထွက်ခွင့်ပေးတယ် ထွက်စာတင် အဲ့လို ပြောတာကို အသံရော ဗီဒီယိုပါ မှတ်တမ်းတင်တယ်။ ဓာတ်ပုံရိုက်ပြီးလည်း မှတ်တမ်းတင်တယ်။
ဒီတော့ ကျနော်က ဧပြီ ၇ရက်နေ့မှာ ပြောင်းတယ် ဧပြီ ၂၅ ရက်နေ့မှာ ထွက်စာ တင်တယ်။ ပေးမထွက်ဘူး။ သူတို့က ရုံး စာရွက်စာတမ်း မလိုတာတွေကို စတို တခုမှာထားတယ်။ အဲ့စတိုက အမှိုက်ပုံသဘောမျိုးပဲ။ ၆လပိုင်းမှာ အဲ့ဒီ store သွားရှင်းရင်း ဖိုင်တွဲတခုမှာ ကျနော်တင်ခဲ့တဲ့ ထွက်စာတွေ အထပ်လိုက်ကြီး တွေ့တာပဲ။ သူတို့က အဲ့ဒီအထဲမှာ ပစ်ထည့်ထားတာ။ ကျနော်တို့ကို ပေးကိုမထွက်ဘူး။ တင်တယ် ဆိုတာ တစောင်ထဲ တင်ရတာ မဟုတ်ဘူး ၇စောင် တင်ရတာ ရေးရတာ အများကြီးပဲ။ ကွန်ပြူတာနဲ့ ရိုက် ရတာ မဟုတ်ဘူး လက်ရေး နဲ့ ရေးရတာ။ အများကြီး ဖြည့်ရ တာ။ ကိုယ်က လုပ် ထားတာ ဘာမှ အရာ မထင်ဘူး ။
တပ်မှာ ခြေလျင်ခြေမြန်တွေပဲ၊ အုပ်ချုပ်ရေးပိုင်းမှာက သူတို့တွေပဲ။ ကျနော် တို့တွေက လက်ရုံးတပ်တွေ။ လိုအပ်မှ လုံခြုံရေးလောက်ပဲ ထုတ်သုံးတာ။ စစ်ဆင်ရေးတို့ နှိမ်နင်းရေးတို့ သိပ်မသုံးဘူး။ ရေတပ် က ပါတယ် ဆိုတာ အခုနောက်ပိုင်းမှ အင်အား မရှိတော့လို့။ ကျနော်တို့က တိုက်တာခိုက်တာတော့ မရှိဘူး။ အတိုက်ခံရတာပဲ ရှိတယ်။
နောက်တခုကကျနော်တို့ဘက်မှာ အရာရှိတွေကအစ ပြည်သူလူထုနဲ့ လိုက်လျောညီထွေအောင် နေတတ်တယ်၊ ဒုဗိုလ်မှုးကြီး ဦးဆောင်ပြီး သွားနေရတာ သူတို့လည်း သေမှာကြောက်တယ်။ ရွာတွေကို စည်ရုံးရေး ကောင်းကောင်း ဆင်းတယ်။ များသောအားဖြင့် ခြေလျင်ခြေမြန် တို့က ကြမ်းတယ်၊ အုပ်ချုပ်ပုံ ကိုင်တွယ်ပုံ ကြမ်းတယ်။ ဆိုင်ကယ် မစီးရဆို မစီးရ။ လမ်းဆင်း လျှောက်ဆို လျှောက်ပဲ။
ကျွန်တော်တို့ကျ မင်းတို့လည်း လွတ်လွတ်လပ်လပ်နေ၊ ငါတို့ကို ဒုက္ခလာမပေးနဲ့၊ မင်းတို့ကိုလည်း ဘာမှ မလုပ်ဘူး။ အဲဒါမျိုးဆိုတော့ ထိတွေ့မှု ဖြစ်စဉ် နည်းတယ်။ အခုနောက်ပိုင်းမှသာ အဝေးက ဗုံးပစ်တာတို့၊ မိုင်းလာ ခွဲသွားတာတို့ ဖြစ်တာ။ ဖြစ်လေ့ ဖြစ်ထက နည်းတယ် ။
CDM လုပ်တုန်းက အိမ်ထောင် မရှိဘူး လူပျို ပဲ။ နောက်မှ အိမ်ထောင်ကျတာ။ မိသားစု မရှိလို့လည်း ဒီလို လုပ်နိုင်တာ ရှိခဲ့ရင်လည်း အများကြီး ငဲ့ရမှာ။ လုပ်ပြီဆို အရင်စဉ်းစားတာက အပြင်ရောက်ရင် ဘာလုပ် စားမလည်းပေါ့။ အဓိကက ကျနော် CDM လုပ်လာတာ ဘယ်သူ့ ထောက်ပံ့မှုနဲ့မှ မဟုတ်ဘူး။
ယနေ့အထိ ရပ်တည် လာတာ ကိုယ်ပိုင် ပိုက်ဆံနဲ့ ။ အခု သိန်း ၃၀ နီးနီး ကပ်နေပြီ။ CDM တွေကို ခေါ်တယ်ဆိုရင် သူရဲ့ နေထိုင်စားသောက် မှု လစဉ် ထောက်ပံ့ပေးနိုင်မှ ခေါ်ရင် ပိုကောင်းတယ် ။ ဒါ ကျနော့်အမြင်။ ဒီမှာ ခေါ်ကြတာပဲ ရောက်လာရင် ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ဘူး။
အလွန်ဆုံး take care လုပ် တလနှစ်လပဲ။ ရဲကဒ်ကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ရတယ်။ အများကြီး မမျှော်လင့်ဘူး။ နေဖို့လေးရယ် စားဖို့လေးရယ် ဒီလောက်ဆိုရပြီ။ အထဲမှာ ပင်ပင်ပန်းပန်း နေခဲ့ဖူးတာပဲ ဒီမှာလည်း ဖြစ်သလို စားတယ် ပြဿနာ မရှိဘူး။ ကျနော်တို့ဆို တနေ့မှ ဘတ် ၇၀ ပဲ သုံးတယ်။
လင်မယား ၂ယောက် ချိုးခြံချွေတာတာ။ CDM လုပ်လာတယ် ဘာ ထောက်ပံ့မှုမှ မရှိဘူး။ ကျနော်တို့ မိသားစု ကလည်း တပ်မျိုးတပ်နွယ်တွေမို့ ဘာ support မှ မလုပ်ဘူး။ ကျနော့်အမဆို နိုင်ငံခြားမှာ ရှိတယ်။ ကျနော့်ကို ဘလော့ထားတယ်။ အကူအညီလည်း မတောင်းပါဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်တာ။ အဖွဲ့အစည်းတွေကို ယုံကြည်လို့လည်း မဟုတ်ဘူး၊ မျှော်လင့်လို့လည်း မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် စိတ်ဆန္ဒအရ မနေချင်တော့ လို့ ထွက်တာ။ အထဲမှာ ခံစားရတဲ့ ဒုက္ခ ကျနော်တို့ပဲ သိတယ် ။ တရက်ထဲလည်း မဟုတ်ဘူး နေ့စဉ် တခါတလေကျ အလုပ်လုပ်ရင်း မှားသွားတာတွေ ချွတ်ချော်သွားတာတွေ ရှိတယ် အဲဒီအပေါ်ကိုလည်း ဒီလူက ဒီလောက်ထိ လုပ်လာတယ် ဆိုပြီး စာနာထောက်ထားတဲ့ စိတ်လည်း မရှိဘူး။ အတင်းအဓမ္မ ခိုင်းမယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မှာ အာဏာသိမ်းတယ် အမေ က ၃လပိုင်း ၁၀ရက်နေ့ မှာ ဆုံးသွားတယ်။ ခွင့်ပြန်ဖို့တောင် မနည်းပြောရတယ်။ တမြို့ထဲနေရတာနော် တနယ်စီလည်း မဟုတ်ဘူး။ မနည်းပြောရတယ် ၁၀ရက်ပေးတယ်။ မလောက်ငှလို့ ထပ်တိုးတောင်းတော့ ပြဿနာတွေတက်၊ မိခင်နာရေးကအစ ခက်ခက်ခဲခဲ ပြောရတယ် ။
CDM လုပ်တာ ဖေဖော်ဝါရီထဲက။ ဒါပေမယ့် ဒီကို ထွက်လာတာ ၆လပိုင်းမှာ ထွက်လာတာ။ အထဲမှာ ရှောင်လို့ မရတော့လို့။ ကျနော်တို့ထဲမှာ ပျောက်သွားတာနဲ့ သိတယ်။ အခုနောက်ပိုင်း ပိုဆိုးတယ်။ စစ်သည် ၁၀ယောက်တစုဆို အရာရှိ တယောက် အုပ်ချုပ်၊ အဲ့ဒီ ၁၀ ယောက်ကို နေ့စဉ် မနက်မိုးလင်း ရှိလား ညပိုင်းရှိလား ဂရုလေးနဲ့ control လုပ်တာ။ ပြေးတဲ့သူကတော့ တော်တော် များတယ်။ ၂၀၂၁ ထဲမှာတင် ၂၄ယောက် ပြေးတယ် ။
အတိုချုပ်ပြန်ပြောရရင် တပ်ထဲင်ချင်လို့ ဝင်ခဲ့တာမဟုတ်ဘူး။ ဟိုတုန်းက အလုပ်အကိုင်ကလည်းရှားပါးတော့ ရေတပ်ထဲဝင်ရင် ပင်လယ်ပြင် သင်္ဘောသား လုပ်သက်လက်မှတ် ရမယ်ဆိုလို့ ဝင်ခဲ့တာ။ ဒါပေမယ့် တကယ် တပ်က ထွက်မယ်လုပ်တော့ ထွက်ခွင့်မပေးတော့ဘူး။
ပင်လယ်ပြင် သင်္ဘောသားလုပ်သက်လက်မှတ်ရရင် အပြင်မှာ သင်္ဘောသား လုပ်မယ်လို့ရည်ရွယ်ထားတာ မအောင်မြင်တော့ဘူး။ ထွက်ခွင့်ရဖို့ ပိုက်ဆံတွေအများကြီးပေးရင်ရတယ် ကိုယ်က ပေးစရာမရှိဘူး။ တခါ ဆေးဘုတ်နဲ့ ပိုက်ဆံပေးထွက်ရင်ရတာလည်း မရတော့ပြန်ဘူး။
နောက်ဆုံး HIV ရောဂါပိုးရှိရင်ထွက်ခွင့်ပေးတယ်ဆိုလို့ ကိုယ့်သွေးကြောထဲ HIV ရောဂါပိုးရှိတဲ့သွေး ထိုးထည့်ပြီး တပ်ကထွက်ဖို့အထိ စဥ်းစားသေးတယ်။ အပြင်ရောက်မှကုမယ်ပေါ့။ ဒါလည်း အဲဒီလိုလုပ်ပြီး တပ်ကထွက်တဲ့ သူငယ်ချင်းတယောက် သေသွားတာတွေ့ပြီး မထွက်ရဲပြန်ဘူး။ ကံကောင်းချင်တော့ စစ်အာဏာသိမ်းပြီးနောက် CDM လုပ်လို့ရတာတွေရှိလာတော့ နောက်ဆုံး တပ်ကထွက်ပြေးပြီး CDM လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။