သတင်း

နမ့်ပါချီးမှာ KIAနဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲဖြစ်

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၅၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်း ၁၀ နာရီခွဲခန့်က KIA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေထဲက မန်နောင်ကျေးရွာကနေ အင်အား ၄၀ ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ထိုးစစ်ဆင်လာစဉ် ကေအိုင်အေပူးပေါင်းတပ်မှ နမ့်ပါချီးကျေးရွာထိပ် ပါဂျူလမ်းဆုံတဝိုက် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KIA အာဘော်သတင်းရင်းမြစ်က ဖော်ပြ ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ၁၁ နာရီခန့်မှာတော့ ကွတ်ခိုင် ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာဘက် ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယခုပတ် ရက်သတ္တပတ်အတွင်း ကေအိုင်အေ၊ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြား ကချင်ပြည်နယ် ဖားကန့်၊ စစ်ကိုင်းနယ်စပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသများမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဆက်လက် ဖြစ်ပွားနေပါတယ်။

Related Articles

Back to top button