ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၉၊ ၂၀၂၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ပြင်းထန်စွာကန့်ကွက်သလို ကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့ CDF-Hakha ကောင်စီ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြှောက်ရေးအတွက် ပါ၀င်သူများကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သတိပေးချက်လည်းပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ CDF-Hakha ကောင်စီ ဆိုပါတယ်။
“စစ်ကောင်စီက ဟားခါးမြို့ပေါ်မှာ ဧည့်စာရင်းနဲ့ သန်းခေါင်စာရင်းစစ်တာတွေ၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေ ကလည်း ရွေးကောက်ပွဲအတွက် လှုပ်ရှားလာတာတွေ ရှိလာတယ်၊ ဒီဟာတွေကို ကျွန်တော်တို့က အရေးယူမှာဖြစ်လို့ ထုတ်ပြန်ချက် ကြိုတင်ထုတ်ရတာ ဖြစ်တယ်”လို့ CDF-Hakha ကောင်စီ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းကစပြီး ဟားခါးမြို့တွင်း လှည့်ပတ်ကာ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်လာသလို အိမ်ထောင်စာရင်းများ ကောက်ယူဖို့ လိုက်လံကြေငြာခဲ့တယ်လို့ ချင်းသတင်းဌာနများက ဖော်ပြကြပါတယ်။