ဓါတ်ပုံ – Getty
မြန်မာ့ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးပေးထားချက်နဲ့လိုလားချက်တို့ဆုံရာအမှတ်
– ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
ဒီမိုကရေစီပုံစံ Form of democracy အမျိုးမျိုးရှိပြီး အောက်မှာဆွေးနွေးထားတဲ့ ပုံစံတွေအထဲမှာ မြန်မာပြည်သူအများစုရဲ့လိုလားတဲ့ ဒီမိုကရေစီက ဘာဖြစ်နိုင် ပါသလဲ?
(က) အနောက်တိုင်းလစ်ဘရယ်ဒီမိုကရေစီ၊ တနည်းအားဖြင့် Immanuel Kant အမ်မန်မြူရာယ်ကန့်တို့ ရဲ့အယူအဆ လူတဦးချင်းစီလွတ်လပ်စွာရွေးချယ်ခွင့်ကို ဦးစားပေးတဲ့ ဒီမိုကရေစီမျိုးလား
ဒါမှမဟုတ်
(ခ) အာရှ တန်ဖိုး Asia value ဆိုပြီးတရုတ်တို့ စင်ကာပူ တို့အပြောများတဲ့ Authoritarian democracy အထိန်းအကွပ်ဒီမိုကရေစီ၊ တဦးချင်း ထက် သက်ဆိုင်ရာ လူမှုအစုအဖွဲ့ community ရဲ့ ဆန္ဒနဲ့တန်ဖိုးထားမှုတွေကို ပိုအလေးပေးတဲ့ ဒီမိုကရေစီမျိုးလား
ဒါမှမဟုတ်
(ဂ) အနောက်တိုင်းဒီမိုကရေစီအခွဲတခုဖြစ်တဲ့ consequentialist ရလဒ်အခြေပြုဝါဒီ ဂျယ်ရမီဘန်သမ် Jeremy Bentham တို့ကိုင်ဆွဲတဲ့ Utilitarian view အလုပ်ဖြစ်အကျိုးများရေး ဒီမိုကရေစီလား
ဘာလို့ဒီလိုမေးရတာလည်းလို့ဆိုရင်တော့
လိုလားတဲ့ဒီမိုကရေစီအပေါ်မူတည်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနည်းလမ်းတွေ ဒီမိုကရေစီ လွတ်လပ် ခွင့်နဲ့ တရားမျှတရေးကို အာမခံတဲ့ အခြေခံဥပဒေရေးဆွဲရေး၊ ကျင့်သုံးရေးတွေဟာ တခုနဲ့ တခု ကွဲပြားနိုင် တာမို့ ဒီအမေးကို ဆန်းစစ်ရတာပဲဖြစ်ပါတယ်။
လက်ရှိစစ်တပ်ကရေးဆွဲတဲ့ ၂၀၀၈ ခြေဥဟာ စစ်တပ်ကပေးသလောက် အကန့်အသတ်ဒီမိုကရေစီ ကို ပဲ သူတိုအလို ကျ တဖြေးဖြေး လက်ခံကျင့်သုံးရေးကို ဦးတည်ထားတာပါ။ သူတို့အလိုကျ ဆိုတဲ့နေရာမှာ စစ်တပ်က မြန့်မာနိုင်ငံရေးမှာ အမြဲတမ်းဦးဆောင်နေရာ က ထိန်းချုပ် ပါဝင်နိုင်ရေး ကအဓိကဖြစ်ပါတယ်။
ဒီအနေအထားမှာ တပ်မတော်အကြီးအကဲတွေရဲ့ ပုဂ္ဂလိက အကျိုးစီးပွါး၊ အတ္တ၊ မာန ကိုထည့်သွင်းတဲ့အခါ တပ်မတော်ဟာ နိုင်ငံရေးဦးစီးဦးဆောင်ပြုတာထက်ပိုပြီး အာဏာရှင်ဆန်ဆန် ဗိုလ်ကျစိုးမိုးရေး လက်ညှိုးညွှန်ရာရေဖြစ်ရေး သက်ဦးဆံပိုင်ပဒေသရာဇ်မင်း ဆံဆန် အုပ်ချုပ်စိုးမိုးရေးကို ကဲသွားတာပါပဲ။ အတ္တ ကိုဖုံးလွှမ်း ကိုယ့်ကိုကိုယ်ပြန်လိမ်ညာတဲ့အနေနဲ့ သာသနာပြုမင်းတပါးသဖွယ် စိတ်ကြီးဝင် ပြုလိုချင်ကြတာဖြစ်ပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လေ့လာစူးစမ်းတဲ့ နိုင်ငံတကာပညာရှင်တွေထောက်ပြလေ့ရှိတဲ့
* ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံကနေတင်သွင်း import လုပ်ကာ ပုံတူကားချပ်လုပ်လို့မရဘူး
* ကိုယ့်ရေ၊ ကိုယ့်မြေ ကိုယ့်သမိုင်းကြောင်း ကိုယ့်ယဉ်ကျေးမှု နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ home grown democracy ဖွံ့ဖြိုးတိုးတက်ရေး
* ဒီမိုကရေစီဆိုတာ နေ့ချင်းညချင်းဖြစ်ထွန်းတာမဟုတ် တဖြေးဖြေးဆင့်ကဲပြုပြင်ပြောင်းလဲ တိုးတက်သွား အောင် ဖော်ဆောင်ရေး
* ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါအခါမှာ စီးပွါးရေးပြုပြင်တိုးတက်ရေး၊ ပညာရေးနှင့်နိုင်ငံသား များရဲ့ နိုင်ငံရေးချိန်အသိအမြင်မြင့်မားတိုးတက်ရေး၊ အဖွဲ့အစည်း institution များ အား ကောင်းမောင်းသန် ဖြစ်ရေး တို့ကို ဦးစားပေးအလေးထား လုပ်ရန်လိုအပ်ခြင်း အစရှိတဲ့ အဆိုအမိန့်တွေကို ကိုးကားပြီး ၂၀၀၈ ခြေဥ ရဲ့ Guided democracy ဟာ မြန်မာပြည်နဲ့အကိုက်အညီဆုံး ဆိုပြီး ဆင်ခြေပေးလေ့ရှိပါတယ်။
ဒီလိုမှမလုပ်ရင်လည်း တိုင်းပြည်က အစိတ်စိတ်အမွှာအမွှာ ကွဲထွက်သွားမယ်လို့ ခြိမ်းခြောက်လေ့ရှိပါတယ်။
ဒါဟာ အတိုင်းအတာတခုအထိ အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ အထူးသဖြင့် တရုပ်၊ အာဆီယံတို့ သာမက အချို့အနောက်ဒီမိုကရေစီနိုင်ငံတွေကပါ ဆင့်ကဲ တဖြေးဖြေးချင်းပြုပြင်ပြောင်းလဲ သွားတဲ့ ပြည်တွင်းဖြစ်ဒီမိုကရေစီ ထွန်းကားရေးကို သံယောင်လိုက် ထောက်ခံကြလို့ပဲဖြစ်ပါတယ်။
ထို့အတူ တိုင်းပြည်တိုးတက်ရေးကို အမှန်တကယ်လိုလားကြတဲ့ တပ်မတော်သားတွေနဲ့ပညာ တတ်ဌာန ဆိုင်ရာ ဗျူယိုကရက်အကြီးအကဲအများစုဟာ ဒီအချက်ကို ငဲ့ကွက်ပြီး တပ်မတော်အတွင်း တဦးတယောက်၊ တစုတဖွဲ့ရဲ့ အကျိုးစီးပွါးဖော်ဆောင်နေမှုတွေ ကို မျက်ကွယ်ပြု မသိကျေးကျွန်လုပ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ ဖော်ဆောင်ရေးကို လက်ခံနေတဲ့သဘောထားတွေမကြိုက်သော်လည်း အောင့်ကာနမ်း နေကြတာတွေကို တွေ့နေရလို့ပါပဲ။
တချို့ပညာရှင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ ကြတော့လည်း ပြီးပြည့်စုံတဲ့ဒီမိုကရေစီ နဲ့ ခြေဥဆိုတာ ဘယ်တော့မှ မရှိဘူး၊ ဒီတော့ ပေးထားချက်ထဲကပဲ အတတ်နိုင်ဆုံး နိုင်ငံရေးဝင်ရောက်လုပ်ကိုင်ကြပြီး တဖြေးဖြေး ရသလောက်တိုးဝင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြတာပေါ့ဆိုတဲ့ incremental and pragmatic approach နည်းလမ်းကို ကျင့်သုံးလိုတာတွေ့ရပါတယ်။
ယနေ့ပြည်သူအများရဲ့သဘောထား အထူးသဖြင့်လူငယ်ထုရဲ့ သဘောထားကတော့ ၂၀၀၈ ခြေဥနဲ့ တပ်မတော်ရဲ့ နိုင်ငံရေးမှာ ချယ်လှယ်စိုးမိုးမှုကို လက်မခံသလို Guided democracy ကိုလည်း မလိုလား ကြဘူးလို့ မြင်မိပါတယ်။
ဒီမိုကရေစီကို ချက်ခြင်းဖော်ဆောင်ရေးလို့ မဆိုလိုသော်လည်း အချိန်ဆွဲ ဆင့်ကဲဆင့်ကဲ ပြုပြင်ပြောင်းလဲမေရေးထက် တတ်နိုင်သမျှ အမြန်ပြုပြင်ပြောင်းလဲရေးနည်းလမ်းချည်း ကပ်မှုကို အလိုရှိကျတယ်လို့လည်းထင်ပါတယ်။
အထိန်းအကွပ်ဒီမိုကရေစီကိုပယ်ချလိုက်ပြီးတဲ့အခါ ကျန်ဒီမိုကရေစီပုံစံထဲက ဘယ်ဟာကို ရွေးချယ်မလဲဆိုတာကတော့ အတတ်မပြောတတ်ပါ။ ဖြစ်နိုင်ခြေများတာကတော့ တဦးချင်းလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဦးစားပေးတဲ့ လစ်ဘရာယ်ဒီမိုကရေစီကို ပိုအလေးသာမယ်လို့ထင်ပါတယ်။
ဒီနေရာမှာ Jeremy Bentham ရဲ့ Utilitarian နဲ့ Kant ရဲ့ Ethic of duty အယူအဆကွဲပြားခြားနားပုံကို လက်တွေဘဝရဲ့ အကြောင်းအချင်းအရာတွေနဲ့ဆွေးနွေးတင်ပြခြင်းက ပိုပြီးရှင်းလင်းမယ်လို့ထင်ပါတယ်။
ရလဒ်အခြေပြုဒီမိုကရေစီနဲ့ တရားမျှတမှု အယူအဆကို လက်ခံသူတွေက outcomes justify the mean လို့ဆိုကြပါတယ်။ လူအများစုအကျိုးအများဆုံးရှိမဲ့ကိစ္စတွေလုပ်ဆောင်ရာမှာ လူအနည်းစု ထိခိုက်နိုင်သော် လည်း တရားမျှတရာ၏ လို့ လက်ခံတဲ့အယူအဆပါပဲ။ ဥပမာ မြစ်ဆုံဆည်ဆောက်လို့ တနိုင်ငံလုံးလျှပ်စစ်ရမယ် စီးပွါးတိုးတက်မယ် လူအနည်းစု ထိခိုက်သော်လည်းပဲ ရေရှည်မှာ သူတို့လည်း ပြန်အကျိုးရှိတာပဲ မဲခွဲဆုံးဖြတ်ဆိုပြီး လူအများရဲ့အကျိုးစီးပွါးကိုဦးစားပေးပြီး ဆုံးဖြတ် ဆောင်ရွက်တာဟာ Utilitarian အယူအဆကို လက်ခံသူတွေဖြစ်ပါတယ်။
Kant ရဲ့ deontology တာဝန်ဝတ္တားကျင့်ဝတ် ကို အလေးထားရဲ့ မည်သူတဦးတယောက်မှ မထိခိုက်မနစ်နာရေး အယူအဆ ကို လက်ခံသူ လစ်ဘရာယ်သမားတွေအနေနဲ့က တိုင်းပြည်စီးပွါး တိုးတက်ရေး နဲ့ အများအကျိုးစီးပွါးရှေ့ရှုရေးတွေဟာ အရေးကြီးတာမှန်သော်လည်း ဆည်ဆောက်တဲ့ အတွက် ထိခိုက်ခံစားရမဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ရိုးရာဓလေ့ယုံကြည်မှု၊ တနါဖိုးထားမှုတွေ ကလည်း အလေးထားရမဲ့ကိစ္စဖြစ်တယ်၊ ဒါကိုမျက်ကွယ်ပြုခြင်းက ရေရှည် တဦးနှင့်တဦးမှု ယုံကြည်မှု တည်ဆောက်မှုကို ထိခိုက်ပြီး ပြည်ထောင်စု အဓွန့်ရှည် မတည်မြဲနိုင်လို့ လက်ခံယုံကြည်သူတွေဖြစ်ပါတယ်။
ဒီနေရာမှာ ဗမာတိုင်းရင်းသား အခွင့်အရေးကိစ္စတွေရောယှက်နေလို့ ဆုံးဖြတ်ရခက်နေတယ်ဆိုရင် လက်ပံ တောင်းကြေးနီသတ္တုတွင်းကိစ္စကပိုသင့်တော်တဲ့ ဥပမာတခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဗမာလူမျိုး ချည်းသက်သက် နေထိုင်ရာဒေသ မှာ တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ရေး ကို ရှေ့ရှု၍ သော်လည်ကောင်း၊ တနှစ်ဒေါ်လာသန်းငါရာ တိုင်းပြည်အခွန်ရရေးအတွက်သော်လည်းကောင်း တပ်မတော်နဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်လို တဲ့အတွက် ဦးပိုင်ရဲ့ အကျိုးစီးပွါး ထိခိုက်နစ်နာစေမဲ့ အခြေအနေကို ရှောင်ရှားလို၍ သော်လည်းကောင်း ယခင်မတရားလုပ်ခဲ့တာတွေအတွက် သက်ဆိုင်ရာဌာနတွေက တာဝန်ယူတာဝန်ခံမှု မရှိတာတွေကို ပြည်ပုံးကားချပြီး လူနည်းစုကျေးရွာတွေရဲ့ နုတ်သိမ်းပယ်ဖျက်လို့မရစကောင်းဖြစ်တဲ့ မြေယာအခွင့်အရေး၊ လူ့အခွင့်ရေးတွေကို အလေးမထားပဲ ကြေးနီတူးဖော်ခွင့်ပြုတာဟာ Utilitarian အမြင်ကဲတဲ့ ဒီမို တွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။
Kant ဂိုဏ်းသားတွေရဲ့ သဘောထားကတော့ ပြုခဲ့တဲ့အမှားတွေအတွက် ခံရတဲ့ဒေသခံတွေကို လုံလောက်တဲ့ ကုစားမှုတွေလုပ်ပြီး ယုံကြည်မှုတဖြေးဖြေးတည်ဆောက်ကာ ဒေသခံတွေကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်မှု အရ စီမံကိန်းလုပ်ခြင်း၊ မလုပ်ခြင်းဆုံးဖြတ်ခြင်းပါပဲ။
ဒီလောက်ဆိုရင်တော့ လစ်ဘရာယ်ဒီမိုကရေစီထဲမှာပဲ ပုံစံမတူဒီမိုကရေစီဆိုင်ရာသဘောထားနဲ့ ချည်းကပ်ပုံ နည်းလမ်းကို မြင်သာမယ်လို့ထင်ပါတယ်။ အရေးပါပုံကိုလည်း ပိုမို သိရှိလက်ခံကြမယ်ထင်ပါတယ်။ အထူးသဖြင့် ဒီအယူအဆတွေဟာ ဒီမိုကရေစီရဲ့ ပင်မအခြေခံသဘောတရားရေးတွေဖြစ်တဲ့ John Locke ရဲ့ consent of governed မူ ရွေးကောက်တင်မြှောက်ခံရသူတွေက တိုင်းပြည်ကို အများသဘောတူ အုပ်ချုပ်လုပ်ကိုင်ရေးကို စဉ်းစားတဲ့ အခါ အဓိကလွှမ်းမိုးတဲ့ အချက်တွေ အခြေခံမူတွေဖြစ်လို့ပါပဲ။
တနည်းအားဖြင့် ဥပဒေပြုစုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ အာဏာသုံးရပ်ခွဲဝေကာ အပြန်အလှန်ထိန်းကြောင်းပြီး စီမံအုပ်ချုပ်ဖို့အတွက် အခြေခံဥပဒေရေးဆွဲရေးကို တိုက်ရိုက်လွှမ်းမိုးနေတဲ့ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်အယူအဆ အခြေခံမူဘောင်တွေဖြစ်နေလို့ပါပဲ။
လက်တွေ့နိုင်ငံရေးမှာတော့ လစ်ဘရာယ် နိုင်ငံတွေဟာ အယူအဆ တဖက်ဘက်ကို ရပ်တည်ပြီး ဥပဒေတွေပြဌာန်းတာထက် အယူအဆနှစ်ခုလုံးကို ဟန်ချက်ညီညီမျှတအောင်ထည့်သွင်းရေးဆွဲပြဌာန်း လေ့ရှိပါတယ်။
ဒီမိုကရေစီအရေးအရ အများဆန္ဒနှင့်အညီ ဆုံးဖြတ်အုပ်ချုပ်လုပ်ကိုင်တယ်ဆိုသော်လည်းပဲ တဦးချင်းနှင့် လူနည်းစုရဲ့ အကျိုးစီးပွါးကို ကာကွယ်နိုင်ရေးအတွက် inalienable rights မည်သည့် အခြေအနေမှာမဆို ပယ်ဖျက်ရုတ်သိမ်းခြင်းမပြုပဲကာကွယ်စောင့်ရှောက်ရမဲ့အခွင့်အရေး တွေကို ရေးဆွဲပြဌာန်းကြရပါတယ်။
ဒါကြောင့် bill of right ကိုရေးဆွဲရေးဟာ အလွန်အရေးကြီးလာပါတယ်။ မြန်မာပြည်မှာ မွေးဖွားနေထိုင်သူတဦးအနေနဲ့ citizen right လို့ခေါ်တဲ့ နိုင်ငံသားအခွင့်အရေး ရှိသလို ethnic right တိုင်းရင်းသား အခွင့်အရေးလည်းရှိပါတယ်။ ဒီနှစ်ခု ဆန့်ကျင်ဖက်ဝိရောဓိဖြစ်ခဲ့ရင် ဘယ်ဟာကို အလေးပေးမလဲ ဆုံးဖြတ်ဖို့ရာအရေးကြီးပါတယ်။
Citizen right ဆိုတာကတော့ basic human right ကို အကာအကွယ်ပေးစောင့်ရှောက်ခြင်းဖြစ်ပြီး ethnic right ကတော့ တဦးချင်းလူ့အခွင့်အရေးကို ပိုအထူးပြုရုံသာမကာ ရိုးရာဓလေ့ အစဉ်အလာ နဲ့ identity တိုင်းရင်းသားအမှတ်အသား ဆိုင်ရာ တန်ဖိုးအလေးထားမှုတွေကို ပိုလို့ကာကွယ်စောင့်ရှောက်တာလို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။
နိုင်ငံသားအခွင့်အရေးကို အမှန်တကယ်ကာကွယ်စောင့်ရှောက်ရင် အစုအဖွဲ့ဆိုင်ရာအမှတ်အသားနဲ့ တန်ဖိုးထားမှုတွေကို စောင့်ရှောက်ပြီးသားဖြစ်တယ်လို့ဆိုနိုင်သော်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးထူးခြားမှု သမိုင်းကြောင်းအရ ethnic right ကလည်း အလေးပေးဖော်ပြရမှာ နိုင်ငံရေးလိုအပ်ချက်ဖြစ်ပါတယ်။
ဒါဆိုရင် နိုင်ငံသားအခွင့်အရေးအရ ကျား၊ မ မခွဲခြားပဲ မြေယာပိုင်ဆိုင်ခွင့် ပေးပေမဲ့ တိုင်းရင်းသားရိုးရာ ဓလေ့အစဉ်အလာတွေအရ အမျိုးသမီးတွေ မြေယာပိုင်ဆိုင်ခွင့်ပေးရိုးထုံးစံမရှိမှုနဲ့ ကဏ္ဋကောဇ ဖြစ်လာ နိုင်စရာ အကြောင်းရှိပါတယ်။
ဒီအခွင့်အရေးဆုံးရှုံးတဲ့ တိုင်းရင်းသူအမျိုးသမီးက နိုင်ငံသားအခွင့်အရေးအရ ရိုးရာဓလေ့မြေယာ စီမံခန့်ခွဲမှုနဲ့ဆန့်ကျင်ပြီး သူ့ရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို တောင်းဆိုတဲ့အခါ ဥပဒေရေးရာ လွန်ဆွဲမှုတွေရှိ လာနိုင်ပါတယ်။
ယေဘူယျအားဖြင့် လူနည်းစုတိုင်းရင်းသားအများစုဟာ လူအများစုအကျိုးစီးပွါးကို မူတည်ပြီးဆုံးဖြတ်တဲ့ Utilitarian မူတွေကို ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့်အနာဂါတ်ဖက်ဒရာယ် ဆိုင်ရာ အခြေခံမူတွေရေးဆွဲတဲ့အခါ မှာ Kant နဲ့ John Rawls တို့ရဲ့ justice ဆိုင်ရာ သဘောထားအယူအဆတွေ ကဲမှာ ဖြစ်ပါတယ်။
သို့သော်လည်း သက်ဆိုင်ရာ လူမျိုးစုအတွင်းမှာပဲ ကျား၊မ မြေယာပိုင်ဆိုင်ရေးအခွင့်အရေးလို ရိုးရာဓလေ့အစဉ်အလာဦးစားပေးမှု နဲ့ တဦးချင်းစီရဲ့ inalienable right တွေကို ယှဉ်စဉ်းစားတဲ့အခါ ဝိရောဓိတွေ တွေ့ရမှာဖြစ်ပါတယ်။
အလားတူ ဗမာလူအများစု ရော တိုင်းရင်းသား လူနည်းစု တွေဟာ
– [ ] ကျား၊ မတန်းတူရေးကိစ္စ
– [ ] နိုင်ငံရေးတာဝန်အမျိုးသမီးများပိုမိုထမ်းဆောင်နိုင်ရေးဦးစားပေးမှု
– [ ] LGBT အခွင့်အရေး ကိစ္စ၊ လိင်တူထိမ်းမြားနိုင်ခွင့်ရှိမရှိ
– [ ] ကလေးဖျက်ချပိုင်ခွင့်ရှိမရှိ
– [ ] လူဦးရေတားဆီးသင့်မသင့်
– [ ] ပြည့်တန်ဆာလုပ်ငန်းခွင့်ပြုသင့်မသင့်
– [ ] သေဒဏ်ပေးသင့်မသင့်
– [ ] လူနေနည်းပါးတဲ့ပြည်နယ်တွေမှာ တက္ကသိုလ် ဖွင့်သင့်မသင့်
– [ ] သယံဇာတဝင်ငွေ ခွဲဝေသုံးစွဲခြင်း
– [ ] အမဲလိုက်ခွင့်၊ တောမီးရှို့ခြင်း၊ တောင်ယာ ခုတ်ခွင့်၊ ရွှေ့ပြောင်းသွားလာဓလေ့ရှိတဲ့ လူမျိုးစုများရဲ့ လှည့်ပြောင်းသွားလာနိုင်မှုနှင့်သယံဇာတ အခွင့်အရေး
– [ ] မြေခွန်ကောက်သင့်မသင့်၊ ပြည်နယ်အခွန်ရမဲ့ ပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးတဲ့ ငှက်ပျောစိုက်ခင်း လက်ခံသင့်မသင့်၊ နွားမွေးမြူရေး၊ ပုဇွန်ကန် လုပ်သင့်မသင့်၊ ပုလဲမွေးမြူရေးနှင့် ဆလုံတိုင်းရင်းသား များ ဒွန်တွဲ လွန်ဆွဲ ခွင့်ပြုသင့်မသင့်
– [ ] ခရိုနီတွေ (ဘီလ်ဂိတ်၊ အီလွန်မတ်တို့လို) အတိုင်းအဆမရှိ လုပ်စွမ်းနိုင်သလောက်ဓန ဥစ္စာတိုးပွါး နိုင်ခွင့်ရှိမရှိ
– [ ] အခွန်တိုးကောက်ပြီးဆင်းရဲနွမ်းပါးမှုတိုက်ဖျက်သင့်မသင့် wealth distribution လုပ်သင့်မသင့်
– [ ] Residual power အကျွင်းအကြံအာဏာကို ပြည်နယ်၊ ဗဟို ဘယ်မှာထားမလဲ
အစရှိတဲ့ ကိစ္စရပ်များစွာမှာ အငြင်းပွါးဖွယ်ရာတွေရှိပြီး အများစုက conservative ရှေ့ရိုးစွဲအမြင်ကဲကြပြီး လူငယ် generation z တွေကတော့ ပိုပြီး တဦးချင်းလွတ်လပ်စွာရွေးချယ်ခွင့် ကို ပိုနှစ်သက်မှာဖြစ်ပါတယ်။
မည်သို့ပင် ခြေဥရေးဆွဲရာမှာရော၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဥပဒေရေးဆွဲရာမှာရော Utilitarian နှင့် Kant တို့ရဲ့ အမြင်တွေ ညီညွတ်မျှတအောင်ထဲ့သွင်းပြဌာန်းသော်လည်း လက်တွေ့ကျင့်သုံးတဲ့အခါ တာဝန်ရှိသူ တွေရဲ့ ခံယူထားတဲ့အမြင်အပေါ်မှာ အခြေခံပြီး လိုရာဆွဲပြီးဆုံးဖြတ်ကြဦးမှာဖြစ်ပါတယ်။
ဒါဟာ အနာဂါတ်မှာ အာဏာရှင်တွေ ဖယ်ချပြီးတောင်မှ တက်လာမဲ့ ဒီမိုအစိုးရတွေ တွေ့နေရဦးမဲ့ လူမှုရေးပဋိပက္ခတွေ အတောမသတ်ရာ ညီညွတ်မှုပျက်ပြားရာ အကြောင်းခြင်းရာတွေဖြစ်နေဦးမှာပါ။
ဒါကြောင့် ကျွန်တော်တို့ ဘယ်လိုဒီမိုကရေစီကို အလိုရှိတာလည်း ဆိုတဲ့ အမေးကို အကျယ်တဝင့် ဆွေးနွေးရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အခြေခံသဘောထား ကြေညက် ထားမှသာ တော်ကာကြမယ်လို့လဲ မြင်မိပါတယ်။
ဒီတော့ အချုပ်ဆွေးနွေးရရင် လက်ရှိ လူအများစုရဲ့ လိုလားရာ ဟာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသွားတာထက် တိုက်ရိုက်တခါတည်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါဟာ နိုင်ငံတကာက လိုလားတဲ့ incremental change နဲ့ လည်း ကွဲလွဲပါတယ်။
ကွဲလွဲလို့လည်း အနောက်နိုင်ငံတွေရဲ့ မြန့်မာဒီမိုကရေစီရေး ထောက်ခံအားပေးမှုဟာ ကိုယ်ကျိုးစီးပွါး မပါသည့်အလျောက် တွန့်ဆုတ်တွန့်ဆုတ်အားရစရာမရှိပဲဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံ အနေနဲ့ မြန်မာပြည်မှာ အနောက်နိုင်ငံတွေရဲ့လစ်ဘရာယ်ဒီမိုကရေစီ စနစ် အားကောင်းမောင်းသန် ဖြစ်လာမှာကို မလိုလားလို့ သုံးသပ်ရပါတယ်။
မယုတ်မလွန် အယောင်ဆောင်ဒီမိုကရေစီလောက် တဖြေးဖြေးဖြစ်ထွန်းတာလောက်ကိုသာ လက်ခံမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် သူ့ရဲ့ပထဝီဝင်နိုင်ငံရေးဩဇာကို အသုံးပြုပြီး သူ့ရဲ့ အနောက်တောင်ဖက်တံခါး လုံခြုံရေးအတွက်ပဲ ဖိအားပေးမဲ့ ဒီမိုကရေစီသွားရာလမ်းကြောင်းက အဟန့်အတားတရပ်လို့ထင်ပါတယ်။
တရုပ်ပေးသလောက် ခွင့်ပြုတဲ့ Guided democracy ဟာ မြန်မာပြည်သူတွေလိုလားရာမဟုတ်တဲ့အတွက် လိုလားချက်နဲ့ ပေးထားချက်ဟာ အစဉ်မျဉ်းပြိုင်လိုသွားနေမှာလား ဒါမှမဟုတ် ဆုံမှတ်တနေရာမှာ အကောင်းဆုံးဖြစ်ထွန်းတိုးတက်သွားအောင်ကြံဆောင်ကြိုးပမ်းကြမှာလားကတော့ စဉ်းစားစရာ ဖြစ်နေ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ကိုယ်တိုင် အတွေးလွန် တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အာဏာရှင်မရှိရင်ပြီးရော ကျန်တာဖြစ်ချင်တာဖြစ်ဆိုပြီး အလွယ်မတွေးကြဘူးလို့လည်းယုံကြည်ပါတယ်။